DVB Logo
Home
Lead Story
တပ်မတော်နဲ့ လူပုဂ္ဂိုလ် ခွဲကြည့်ပါ။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ - ဦးရွှေမန်း
DVB
·
March 9, 2017
တပ်မတော်နဲ့ လူပုဂ္ဂိုလ် ခွဲကြည့်ပါ။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ - ဦးရွှေမန်း
Donate to DVB

သူရဦးရွှေမန်းနှင့် ဒီဗွီဘီ သီးသန့် တွေ့ဆုံမေးမြန်းခန်း (ပထမပိုင်း)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအလားအလာတွေနဲ့ အန်အယ်လ်ဒီ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီလုပ်ကြံခံရတာနဲ့ ပတ်သက်တဲ့ သဘောထား အမြင်တွေကို    ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က  ဥက္ကဋ္ဌ  သူရဦးရွှေမန်းကို ဒီဗွီဘီက နေပြည်တော်မှာ သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။

အပြည့်အစုံ...

ပထမဆုံး ရှင်းပြပေးပါလားခင်ဗျ။ လောလောဆယ် ကော်မရှင်ရဲ့ နာမည်ကနေ ဥပဒေရေးရာကိစ္စတွေရယ်၊ နောက် အထူးကိစ္စတွေရယ်ဆိုတာခင်ဗျာ။

“ကျနော်တို့ ကော်မရှင်ရဲ့နာမည်က ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဖြစ်ပါတယ်။ ဒီကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဝန်ပေးခဲ့တာ ဖြစ်တယ်။ ၁ နှစ်ပြည့်ပါပြီ။ ကျနော်တို့ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ပေးထားပါတယ်။ အမိန့်ကြေညာစာတွေ ထုတ်ပြန်ထားပါတယ်။ အမိန့်ကြေညာစာတွေကို ကြည့်မယ်ဆိုရင် ကျနော်တို့ကော်မရှင်က ဘာလဲ၊ ဘာတာဝန်ရှိလဲ၊ ဘာလုပ်ပိုင်ခွင့်ရှိလဲဆိုတာ အဲဒီထဲမှာ ပြည့်ပြည့်ဝဝ ဖော်ပြထားတာ ရှိပါတယ်။

ကော်မရှင်ကို ပြီးခဲ့တဲ့လွှတ်တော်မှာ ကန့်ကွက်သံတွေ ကျနော်တို့ ကြားရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မညီဘူးဆိုပြီးတော့ ဝေဖန်တာတွေလည်း ရှိတယ်။ အဲဒီအပေါ်မှာရော တုံ့ပြန်ရှင်းပြစရာများ ရှိလား။

“အထူးတုံ့ပြန်စရာ မရှိပါဘူး။ ဒီလို ကန့်ကွက်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆိုတဲ့ ကိစ္စကတော့ သူတို့အမြင် သူတို့အတွေးနဲ့ လုပ်ဆောင်တယ်လို့ ယူဆပါတယ်။ ဒီအတွေးအမြင် လုပ်ဆောင်ခြင်း မှန်ခြင်း၊ မမှန်ခြင်းဆိုတာကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကပဲ အဖြေပေးသွားမှာ ဖြစ်ပါတယ်။”

အခုဆို ၁ နှစ်သက်တမ်းအတွင်းမှာ ကျနော်တို့ သိရသလောက် ပြင်ဆင်စရာတွေ၊ သုံးသပ်စရာတွေ၊ ပြီးတော့ ဥပဒေအသစ်ဆွဲဖို့တွေ၊ ပယ်ဖျက်ဖို့တွေအထဲမှာ  တနှစ်တာအတွင်းကို ခြုံငုံသုံးသပ်မယ်ဆိုရင် ဘယ်လောက်အထိ အားရစရာ၊ အားမရနိုင်စရာ ပြောပြနိုင်မလဲ။

“အားရခြင်း၊ အားမရခြင်းက ကျနော်တို့ ကော်မရှင်ပိုင်းက ရှိသလို လွှတ်တော်ပိုင်း၊ ပြည်သူပိုင်း၊ အစိုးရပိုင်းတွေဘက်က ကိုယ့်ဘာသာကိုယ် သုံးသပ်မယ့်သဘော ရှိပါတယ်။ ကျနော်တို့ကော်မရှင်ကို အဓိကပေးထားတဲ့ တာဝန်က ၉ ခု ရှိပါတယ်။ အဲဒီအထဲမှာ အဓိကကျတဲ့ဟာကို ပြောပါမယ်။ ကော်မရှင်အနေနဲ့ တည်ဆဲဥပဒေများကို လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်စရာရှိရင် ပြင်ဆင်ဖို့၊ ပယ်ဖျက်စရာရှိရင် ပယ်ဖျက်ဖို့ အဓိကတာဝန်တစ်ခုဖြစ်ပါတယ်။ အဲဒီလိုပဲ ဥပဒေအသစ်ရေးဆွဲဖို့ ရှိတယ်ဆိုရင်လည်း ကော်မရှင်က ဥပဒေအသစ် ရေးဆွဲနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကို သုံးသပ် အကြံပြုရတဲ့တာဝန် ရှိပါတယ်။”

ပြုပြင်ရန်၊ အသစ်ပြန်ရေးဆွဲရန်၊ ပယ်ဖျက်ရန်ထဲမှာ ဘယ်ကိစ္စက ပိုများလဲ။

“ကျနော်တို့နိုင်ငံမှာ လောလောဆယ် တည်ဆဲဥပဒေကို လေ့လာဆန်းစစ် သုံးသပ်တဲ့အခါမှာ အသစ်ရှိဖို့ လိုအပ်နေတဲ့ ဥပဒေပေါင်း ၅၂ ခု ရှိပါတယ်။”

ဒီမိုကရေစီနိုင်ငံစစ်စစ် ဖြစ်ဖို့လား။

“ဒီမိုကရေစီနိုင်ငံစစ်စစ် ဆိုတာထက် ဒီနေ့ နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားကို ဖော်ဆောင်ပေးမယ့်၊ ပြီးတဲ့အခါမှာ တကယ်လက်တွေ့ လိုက်နာနိုင်တဲ့ တရားမျှတတဲ့ ဥပဒေဖြစ်ဖို့ဆိုရင် ဥပဒေအသစ် ရေးဆွဲဖို့ အားလုံး ၅၂ ခုရှိတယ်။” “အဲဒီအတိုင်းပဲ ဥပဒေတွေကို ပြန်ပြင်ဖို့က ၅၉ ခုရှိတယ်။ ကျန်တဲ့ဥပဒေတွေကတော့ အသစ်ရေး၊ အဟောင်းရုပ်နဲ့ တချို့ ပယ်ဖျက်ဖို့ရှိပါတယ်။ အားလုံးပေါင်းလိုက်မယ်ဆိုရင် ဥပဒေပေါင်း ၂၀၀ ရှိပါတယ်။”

ရုပ်သံ ရှုစားရန်

အခု ကော်မရှင်အနေနဲ့က ပြည်ခိုင်ဖြိုးပါတီဝင်တွေလည်း ပါတယ်ပေါ့နော်။ ပါတီရဲ့သြဇာများ ဒီကော်မရှင်မှာ ရှိမလား၊ ဒီပါတီရဲ့ သဘောကျတာ၊ သဘောမကျတာနဲ့ရော ပတ်သက်မှုရှိလား။

“ဟုတ်ပါတယ် ကျနော်တို့က ပြည်ခိုင်ဖြိုးပါတီ မထောင်ခင်ကတည်းက၊ ပြည်ခိုင်ဖြိုးပါတီ မဖြစ်ခင်ကတည်းက ပြည်ခိုင်ဖြိုးလူမှုရေးအသင်းမှာ ကျနော် နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ခိုင်ဖြိုးရဲ့ မူဝါဒ၊ သဘောထား၊ ရပ်တည်ချက် လုပ်ငန်းစဉ်တွေကို ကျနော် ထဲထဲဝင်ဝင် သိပါတယ်။ ဒါပေမယ့်လို့ ပြည်ခိုင်ဖြိုးဆိုတဲ့ ပါတီရဲ့ သြဇာတို့၊ အငွေ့အသက်တို့ ဆိုတာနဲ့ ပတ်သက်လို့ နှစ်ခု ပြောပါမယ်။ တခုက မူဝါဒ၊ သဘောထား၊ ရပ်တည်ချက်၊ လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အငွေ့အသက်ဆိုတာတွေ ကျနော့်ဆီမှာ စွဲစွဲမြဲမြဲ ကျန်ပါတယ်။”

“ဒါပေမယ့်လို့ ပြည်ခိုင်ဖြိုးပါတီက ပါတီရဲ့ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ခဲ့တာတွေ ရှိသလို၊ မလုပ်ခဲ့တာတွေလည်း ရှိတယ်။ အဲဒီလို အငွေ့အသက်မျိုးကတော့ ကျနော့်ဆီမှာ လုံးဝမရှိပါဘူး။ ဥပမာတခု ပြောမယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီက အဖွဲ့အစည်းရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံ့အကျိုးစီးပွား ယှဉ်ရင် နိုင်ငံ့အကျိုးစီးပွားကို အဓိကထားရမယ်ဆိုတဲ့ ခံယူချက်၊ ယုံကြည်ချက် ကျနော့်ဆီမှာ ရှိပါတယ်။ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားအတွက်ဆိုရင် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမယ်ဆိုတဲ့ မူဝါဒ ကျနော့်ဆီမှာ အပြည့်ရှိပါတယ်။ ဒါကြောင့်မို့လို့ အဲဒီမူဝါဒ၊ ရပ်တည်ချက်များအတိုင်း ကျနော် ပြည်ခိုင်ဖြိုးပါတီဝင်တယောက်အနေနဲ့ တာဝန်ရှိတဲ့အချိန်မှာ ဒီရပ်တည်ချက်အတိုင်း ကျနော် ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့လည်း တဆက်တည်း ပြောမယ်ဆိုရင် ကျနော်တို့ ကော်မရှင်က ပြည်သူ့မျက်နှာကို ကြည့်တယ်။ တိုင်းပြည်မျက်နှာကို ကြည့်တယ်။ လူတယောက်၊ အဖွဲ့အစည်းတခုအတွက် မဟုတ်ဘူး။ တိုင်းပြည်အတွက်၊ ပြည်သူ့အတွက် မျက်နှာကြည့်ပြီးတဲ့အခါမှာ ပြည်သူရဲ့ ကောင်းကျိုးအတွက် အစဉ်အမြဲ စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”

ဥက္ကဋ္ဌကြီးလွှတ်တော်သက်တမ်းမှာပဲ ပြည်သူ့အသံ၊ လွှတ်တော်အသံ ဆိုပြီးတော့ ဆိုတာတွေ ရှိတယ်။ နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း ထောက်ခံအားပေးခဲ့တာတွေလည်း ကြားရတယ်။ အခုအခြေအနေမှာရော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး၊ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဒီကော်မရှင်အနေနဲ့ ဘယ်လို အလားအလာများ မျှော်လင့်ရသလဲ။

“ကျနော်တို့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူရဲ့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရေး ဆိုတာမှာလည်း ကျနော်တို့ လွှတ်တော်မှာ စတင် ဆောင်ရွက်ခဲ့တဲ့ ဆောင်ပုဒ် ဖြစ်ပါတယ်။ အမှန်အတိုင်း ပြောမယ်ဆိုရင် ဒီဆောင်ပုဒ် ရေးဖို့အတွက် ဟိုတုန်းက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို တာဝန်ပေးသလို မေတ္တာလည်း ရပ်ခံပါတယ်။ သူ ရေးပါတယ်။ ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ။ ကျနော့်ဆီ ရောက်တော့ ဒါ မပြည့်စုံသေးဘူး၊ ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူများ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုတဲ့ ဒီစာတွဲ ၃ ခုကို နောက်ဆုံးစာတွဲတခု လက်တွေ့ထားပြီးတဲ့အခါမှာ ကျနော်တို့ရဲ့ လွှတ်တော်ရဲ့ ဆောင်ပုဒ်၊ လွှတ်တော်ရဲ့ မူဝါဒအဖြစ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။”

“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းကလည်း ကျနော်တို့ ပြင်ဆင်ဖို့ ကြိုးစားခဲ့တာ အမှန်ပါပဲ။ ဘာဖြစ်လို့ ပြင်ဆင်မလဲဆိုရင် ကျနော့်ရဲ့စကားအတိုင်း ပြောမယ်။ ပြင်စရာရှိတာ ပြင်မယ်။ ထားစရာရှိတာ ထားမယ်။ အကုန်လုံးလည်း ပြင်လို့မဖြစ်ဘူး။ အကုန်လုံးလည်း ထားလို့မရဘူး။ ရည်ရွယ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဲဒီလို ပြင်လိုက်မယ်ဆိုရင် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုပြီးတော့ ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ပါပါတယ်။ ဒုတိယအချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်စရာရှိ ပြင်လိုက်မယ်၊ ထားစရာရှိ ထားလိုက်မယ်ဆိုရင် ဒီနေ့ ကျနော်တို့ ပြောနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပိုမိုကောင်းလာနိုင်စေရန် ဆိုတဲ့ ရည်ရွယ်ချက် ပါတယ်။ တတိယအချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်လိုက်ရင် ဒီနေ့ ကျနော်တို့ ပြောနေတဲ့ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ လုပ်နိုင်လိမ့်မယ်လို့ ရည်ရွယ်ချက်ထားပြီး လုပ်တာ။”

“အဲဒါက ဘယ်ပါတီအတွက်မှ မဟုတ်ဘူး။ နိုင်ငံသားတိုင်းအတွက်။ ပါတီအားလုံးနဲ့ သက်ဆိုင်တယ်။ အဲဒီအတွက် ကျနော် ရည်ရွယ်ပြီး နောက်မျိုးဆက်တွေအတွက် အားလုံးပါတယ်။ စောစောက ဒီနေ့ရော ဒါနဲ့ပတ်သက်လို့ ပြင်ဆင်ဖို့ ကြိုးစားဦးမှာလားဆိုတဲ့ သဘောဆန်တဲ့ မေးခွန်းမေးတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဟာ လွှတ်တော်များရဲ့ အဓိကတာဝန်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်များက ဖွဲ့စည်းပုံအခြေခံဥပဒေ အပြောင်းအလဲနဲ့ပတ်သက်လို့ ၄၃၃၊ ၄၃၄၊ ၄၃၅ နဲ့ဆိုင်တဲ့ကိစ္စတွေကို လွှတ်တော်တွေကပဲ ဦးဆောင်လုပ်ရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ ဒါ ကျနော်တို့ကော်မရှင်ရဲ့ တာဝန်လည်း မဟုတ်ပါဘူး။ ဒီအတွက်လည်း ကျနော်တို့ဘက်ကတော့ လောလောဆယ် တာဝန်မရှိသေးသလို တဖက်က ကျနော်တို့ဘက်က ဘာမှ ထမ်းဆောင်ဖို့မရှိသေးကြောင်း ကျနော်တို့ဘက်က ပြောလိုပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေကို တဖြည်းဖြည်း ပြည်သူ့အကျိုးစီးပွားအတွက် နည်းနည်းချင်း ပြင်ဆင် ပြောင်းလဲတယ်ဆိုတာ နိုင်ငံတိုင်းမှာ အမြဲတမ်း အမြဲတမ်း တွေ့ခဲ့ရတယ်ပေါ့နော်။ ကမ္ဘာ့သမိုင်းမှာ၊ မြန်မာပြည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက ပိုပြီးတော့ ခက်ခဲပုံပေါ်ပါသလား။ အဲဒါ ဘာကြောင့်လဲဆိုတာ ဥက္ကဋ္ဌကြီး သုံးသပ်ပေးပါဦး။

“အဲဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲထားကတည်းကိုက ဥပဒေ ပြင်တဲ့အခါမှာ ခက်ခဲအောင် ဆောင်ရွက်ထားလို့ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ရေးဆွဲတဲ့အခါမှာ လွယ်လွယ်နဲ့ ပြင်လို့မရဘူးဆိုတဲ့ သဘောတရား ရှိတယ်။ ခက်ခက်ခဲခဲ ပြင်ရတယ်။ ခက်ခဲလွန်းတယ်ဆိုတဲ့ အပိုင်းများ ရှိနေရင်တော့ ဒါမျိုးတွေက ကြုံတွေ့နိုင်တဲ့သဘော ရှိပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ တက်တက်ကြွကြွ ထဲထဲဝင်ဝင် ပြောဆိုနေတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ ဦးကိုနီပေါ့နော်။ မကြာသေးခင်က လုပ်ကြံခံရတယ်။ အဲဒီထဲမှာလည်း တပ်မတော်သားဟောင်းတွေ ပါဝင်ပတ်သက်နေတယ် ဆိုတော့လေ။ ဥက္ကဋ္ဌကြီးအနေနဲ့လည်း ဗိုလ်ချုပ်ကြီးအထိ နှစ် ၄၀ တပ်ထဲမှာ ပါဝင်ခဲ့တယ်၊ သူရဘွဲ့လည်း ရခဲ့တယ်ဆိုတော့ အဲဒီတပ်မတော်သားဟောင်းတွေ ပါဝင်နေတယ်ဆိုတဲ့ အပေါ်မှာရော ခံစားချက်လေး တခုခု ဘယ်လိုရှိလဲ။

“အဲဒီနေရာမှာဗျာ တပ်မတော်နဲ့ လူပုဂ္ဂိုလ်ပဲ ခွဲကြည့်ပေးဖို့ လိုပါတယ်။ ကျနော်တို့ တပ်မတော်ကတော့ အဲဒီလိုလုပ်ငန်းမျိုး တပ်မတော်က မလုပ်ဘူး။ သို့ရာတွင် လူပုဂ္ဂိုလ်ဆိုင်ရာ ကိစ္စကတော့ သူ့အယူအဆနဲ့သူ လုပ်တာ။ ဒါကြောင့်မို့လို့ တပ်မတော်နဲ့ မပတ်သက်ဘူး။ လူပုဂ္ဂိုလ်နဲ့ပဲ ပတ်သက်တယ်။ တပ်မတော်သားဟောင်းများနဲ့ ပတ်သက်တယ်။ လူပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့အတွက် အဲဒီ လူပုဂ္ဂိုလ်တွေကရော ဒီကိစ္စမှာ ဒီလိုပါဝင်ခဲ့တယ်ဆိုရင်တော့ နိုင်ငံသားတယောက်အနေနဲ့ တပ်မတော်သားဟောင်းတယောက်အနေနဲ့ ဒီကိစ္စဟာ ဝမ်းနည်းစရာကောင်းတဲ့ကိစ္စတခု ဖြစ်တယ်။ မလုပ်သင့်မလုပ်အပ်တဲ့ ကိစ္စတခု ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။ ကျနော် ဆိုလိုချင်တာက တပ်မတော်နဲ့ လူပုဂ္ဂိုလ် ခွဲကြည့်ပါ။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ။ ဒီလို ပြောပါ။ ဒီလိုကြည့်ပါ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013