DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်ဒုက္ခသည်များအရေး ဂျပန်လွှတ်တော်မှာ ကြားနာ၊ မြန်မာ့ငြိမ်းချမ်းရေး ဂျပန် စိုးရိမ်
DVB
·
March 9, 2017
စစ်ဘေးရှောင်ဒုက္ခသည်များအရေး ဂျပန်လွှတ်တော်မှာ ကြားနာ၊ မြန်မာ့ငြိမ်းချမ်းရေး ဂျပန် စိုးရိမ်
Donate to DVB

လက်ရှိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများ အခြေအနေကို မတ် ၇ ရက်နေ့က တိုကျိုမြို့တော်ရှိ ဂျပန်လွှတ်တော်အမတ်များ အဆောက်အအုံ အမှတ် ၁ မှာ ကြားနားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဒုက္ခသည်စခန်းများကို ကူညီစောင့်ရှောက်မှုများ ပြုလုပ်နေတဲ့ ကချင် ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက လက်ရှိနောက်ဆုံးအခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကာ မြန်မာဒီမိုကရေစီအရေး အားပေးသော ဂျပန်အမတ်များအဖွဲ့ရဲ့ဥက္ကဋ္ဌ မစ္စတာ မာဆာဟာရု နာကာဂါဝါ(Mr.Masaharu Nakagawa)ဦးဆောင်တဲ့ ဂျပန်လွှတ်တော်အမတ်များ၊ မြန်မာ့အရေး စိတ်ဝင်စားတဲ့ ဂျပန်ရှေ့နေကြီးများ ဂျပန်လူမျိုးများ တက်ရောက်ခဲ့ကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရ တက်လာပြီ ဖြစ်လို့ အခက်အခဲအများကြီး ရှိပေမယ့် ကျနော်တို့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်မှုတွေမှာ တိုးတက်လာမယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အခုလို လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ရှိနေတာ ကြားသိရလို့ စိုးရိမ် စိတ်မကောင်းဖြစ်မိပါတယ်” လို့ တက်ရောက်လာသူ ပညာရေးနဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဟောင်း အောက်လွှတ်တော်အမတ် မစ္စတာ မာဆာဟာရု နာကာဂါဝါက ပြောကြားခဲ့ပါတယ်။

ဒေါ်ခွန်ဂျာကတော့ “တိုင်းရင်းသားဒေသတွေကို ဂျပန်က အကူအညီတွေ အများကြီး ပေးနေတယ်လို့ ကျမတို့အနေနဲ့ သတင်းတွေမှာပဲ ကြားသိရတယ်။ ဒါပေမယ့် ကျမတို့ စခန်းတွေကို ဘယ်လို ဘယ်လောက်ပံ့ပိုးနေတယ်ဆိုတာ ပွင့်လင်းမြင်သာမှု မရှိဘူး။ သိလည်း မသိရဘူး။ ဒါတွေကိုလည်း သူတို့သိအောင် တင်ပြချင်လို့ ဂျပန်ကို အခုလို လာခဲ့တာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

“အန်စီအေ အပါအဝင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ကျနော်တို့အနေနဲ့ တက်ရောက်လေ့လာနေပါတယ်။ မြန်မာနိုင်ငံကို သွားရောက်ပြီး တပ်မတော် တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးတိုင်ပင်မှုတွေ ရှိခဲ့သလို ဒုက္ခသည်စခန်းတွေကိုလည်း ကိုယ်တိုင်ကိုယ်ကျ လေ့လာဖူးပါတယ်။ အခု လက်ရှိအခြေအနေတွေကို ဂျပန်အစိုးရကို တင်ပြပြီး မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဂျပန်အနေနဲ့ အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးဖို့ တိုက်တွန်းသွားမယ်” လို့လည်း တက်ရောက်လာသူ အထက်လွှတ်တော်အမတ် မစ္စတာမီချီဟီရို အစ်ဟီဘက်ရှီ (Mr. Michihiro Ishibashi)က ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ကူညီဖို့ သဘောတူထားတဲ့ ဂျပန်ယန်း ဘီလီယံ ၈၀၀ မှ တိုင်းရင်းသား လူနည်းစုတွေ ဖွံ့ဖြိုးရေးအတွက် အစိုးရကဏ္ဍဘက်ကရော ပုဂ္ဂလိကကဏ္ဍဘက်ကပါ ဂျပန် ယန်း ၄၀ ဘီလီယံကို ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကနေတဆင့် ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းက ဒေသတွေနဲ့ ကုန်ထုတ်လုပ်မှုတွေအတွက် စီးပွားရေး ဖွံ့ဖြိုးမှု အထောက်အပံ့အနေနဲ့ ပေးအပ်တာ ဖြစ်ပါတယ်။

လက်နက်ကိုင် တိုက်ခိုက်မှုတွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လာရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၆ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ကမ်းလှမ်းထားပြီး လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်တဲ့ ကြေညာချက် ထုတ်ပြန်ပါက အန်စီအေမှာ လက်မှတ်ရေးထိုးရန် မလိုအပ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုက်ရိုက် ပါဝင်ဆွေးနွေးခွင့်ပြုမယ်လို့ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ ကမ်းလှမ်းထားကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013