DVB Logo
Home
မြန်မာသတင်း
ပန်းဘဲတန်းမြို့နယ်တွင် လုံခြုံရေးကင်မရာအလုံး ၁၃၀ နီးပါး တပ်ဆင်
DVB
·
March 9, 2017
ပန်းဘဲတန်းမြို့နယ်တွင် လုံခြုံရေးကင်မရာအလုံး ၁၃၀ နီးပါး တပ်ဆင်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းတမြို့နယ်လုံးကို လွှမ်းခြုံနိုင်ဖို့အတွက် လုံခြုံရေးကင်မရာ အလုံး  ၁၃၀ နီးပါး တပ်ဆင်ထားပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာရရှိတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေကနေ တမြို့နယ်လုံးမှာရှိတဲ့ ပြည်သူတွေရဲ့ လူမှုဘဝ လုံခြုံရေးအတွက် လုံခြုံရေးကင်မရာ တပ်ဆင်တာဖြစ်ပြီး လမ်းတလမ်းကို လုံခြုံရေးကင်မရာ ၃ လုံး အနည်းဆုံး တပ်ဆင်ထားပါတယ်။

“လူတယောက်က လမ်းထဲကို ဝင်လာမယ်။ သူ့ကိုတော့ ထင်ထင်ရှားရှား ကြည့်နိုင်လောက်တဲ့အထိ အနေအထားတွေ ရှိတယ်။ သူ ဒီကနေ ဝင်လာမယ်။ သူ လှုပ်ရှားဆောင်ရွက်တာတွေကို အကုန်လုံး မှတ်တမ်းရှိမယ်။ ပြီးရင် သူ ထွက်သွားတဲ့အထိပေါ့။ သူ ဘယ်ဘက်ကို ထွက်ထွက်ပေါ့။ ဆိုလိုတဲ့သဘောက အရပ်မျက်နှာ တောင်ဘက်ပဲဖြစ်ဖြစ်၊ မြောက်ဘက်ပဲဖြစ်ဖြစ် ဟိုဘက်မှာပဲ စီစီတီဗွီက ရှိဦးမယ်။ တမြို့နယ်လုံးကို လွှမ်းခြုံထားတယ် ဆိုတာ ဒါကို ပြောတာပါ။ သူ တောင်ဘက်ကိုပဲထွက်ထွက်၊ မြေက်ဘက်ကိုပဲ ထွက်ထွက် စီစီတီဗွီက ရှိနေသေးတယ်။ သူက ဟိုဘက်လမ်းကို ကူးမယ်ဆိုရင် ဟိုဘက်လမ်းမှာလည်း စီစီတီဗွီက ရှိနေသေးတယ်။ ဆိုတော့ တလမ်းကို အနည်းဆုံးတော့ ၃ လုံးရှိတယ်။ လမ်းမကြီးတွေမှာလည်း ရှိတယ်” လို့ ပန်းဘဲတန်းမဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး

ပန်းဘဲတန်းမြို့နယ်အတွင်း တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာရဲ့ ပင်မစောင့်ကြည့် နေရာကိုတော့ ပန်းဘဲတန်းမြို့နယ်ရဲစခန်းမှာ ထားရှိတာဖြစ်ပြီး မြို့နယ်ရဲစခန်းတပ်ဖွဲ့ကလည်း အခုလို လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားတာဟာ ပြည်သူလူထုနေနဲ့ လုံခြုံရေးအသိပညာတွေ သိရှိဖို့အတွက် ရည်ရွယ်တာလို့ ပြောပါတယ်။

“ပြည်သူတွေရဲ့ လုံခြုံရေးအတွက် တပ်ထားတာ ဖြစ်ပါတယ်။ ပြည်သူတွေက ဒီစီစီတီဗွီ တပ်ထားတာကိုလည်း သိကြတယ်လေ။ သိကြတော့ သူတို့ ပစ္စည်းလေးတွေ ထားတာသိုတာကအစ တခုခု ရှာမတွေ့ဘူးဆိုရင် ရဲစခန်းကို ရောက်လာတယ်။ ကျနော်တို့ ဒီနားလေးမှာ ဘာပစ္စည်းလေး ထားတယ်။ ပျောက်သွားလို့ စီစီတီဗွီမှတ်တမ်းလေး ပြန်ကြည့်ချင်တယ်။” လို့ ပန်းဘဲတန်းမြို့နယ်မှူး ရဲမှူးခင်မောင်ထွေးက ပြောပါတယ်။

ပန်းဘဲတန်းမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်အတွင်း လုံခြုံရေးကင်မရာတွေကို ဇန်နဝါရီလကနေ စတင်တပ်ဆင်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၂၈ နေ့မှာ ပြီးစီးခဲ့ပါတယ်။

“ဘတ်ဂျက်အရ ၁၂၈ လုံးပဲ တပ်နိုင်တယ်။ ဘတ်ဂျက်က သိန်း ၁ ထောင်ပဲရလို့။ ဒါပေမယ့် စီစီတီဗွီကုမ္ပဏီနဲ့ တိုင်ပင်ကြည့်တဲ့အခါ တမြို့လုံးကို လုပ်မယ်ဆိုရင် ၃၄ လုံး အနည်းဆုံး ထပ်တပ်လို့ရသေးတယ်။ ပြောတယ်။ ဒါပေမယ့် ဘတ်ဂျက်အနေအထားအရတော့ မတတ်နိုင်ဘူး။ ၁၂၈ လုံး တပ်တဲ့အခါမှာလည်း တကယ့်အရေးကြီးတဲ့နေရာတွေကို ရွေးပြီး တပ်ခဲ့တယ်။ အဲဒီတော့ ကျန်တဲ့ ၃၄ လုံးကို နောင်နှစ်ဘတ်ဂျက်ကို စောင့်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကြားထဲမှာ အခွင့်အရေးတခုခု ရခဲ့ရင်ဖြစ်ဖြစ် ထပ်တပ်ဖို့ စီစဉ်ထားတယ်။ ဒါက မြို့နယ်ကို ပိုပြီးလုံခြုံမှုရှိအောင်လို့ ဆောင်ရွက်မယ့် အစီအစဉ်ပေါ့” လို့ ပန်းဘဲတန်းမဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က ပြောပါတယ်။

ကင်မရာ တပ်ဆင်ပေးတဲ့ ကုမ္ပဏီကလည်း လုံခြုံရေးကင်မရာအတွက် ၁ နှစ်အာမခံနဲ့ နည်းပညာအကူအညီတွေကိုပါ ပေးထားပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေဟာ မြို့နယ် ၁ ခုကို ငွေကျပ်သိန်း ၁၀၀၀ ရရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013