DVB Logo
Home
Lead Story
ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု အမှုမှန်ပေါ်ပေါက်ရေး - အယ်ဒီတာစကားဝိုင်း
DVB
·
March 8, 2017
ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု အမှုမှန်ပေါ်ပေါက်ရေး - အယ်ဒီတာစကားဝိုင်း
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံခံရတာ တလကျော်ခဲ့ပါပြီ။ အဲဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီအပေါ်မှာ များသောအားဖြင့် သတင်းအချက်အလက်တွေ ရရှိရေးထက် တရားခံတွေဘက်က ကာကွယ်မှုတွေပဲ ပိုကဲနေတယ်ဆိုတဲ့ ပြည်သူတွေရဲ့ ဝေဖန်မှုတွေ ရှိပါတယ်။ အဲဒီလိုပဲ လူထုတွေကြားမှာ လူငယ်သဘာဝဆိုပြီး နောက်ပြောင်ပြောဆိုတာတွေ၊ အစွန်းရောက်မျိုးချစ်စိတ်ကြောင့် လုပ်တာဆိုပြီးတော့ ပြောဆိုမှုတွေ ပြည်သူလူထုကြားမှာ ဝေဖန်မှုတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆွေးနွေးသွားမှာဖြစ်ပြီး ဒီနေ့ ဆွေးနွေးမယ့်သူတွေကတော့ Myanmar Now သတင်းအေဂျင်စီက အယ်ဒီတာချုပ် ကိုဆွေဝင်းနဲ့ ပြည်ထောင်စုရှေ့နေများအဖွဲ့က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်တို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

ကိုဆွေဝင်းကိုပဲ စမေးပါရစေခင်ဗျာ။ အခု ဒီဖြစ်စဉ်မှာ သတင်းထုတ်ပြန်မှု၊ အရင်တုန်းကတော့ သမ္မတရုံးကလုပ်တယ်။ နောက်ပိုင်းမှာတော့ ပြည်ထဲရေးနဲ့ ရဲတပ်ဖွဲ့က လုပ်ဆောင်လာတယ်။ အဲဒီအပေါ်မှာ သတင်းသမားတွေအတွက် တိကျလုံလောက်တဲ့ အချက်အလက်ရရှိမှု ဘယ်လိုရှိလဲ။ နောက် ပြည်သူတွေသိချင်နေတဲ့ အမှုမှန်ပေါ်ပေါက်ရေးနဲ့ သက်ဆိုင်တဲ့ တကယ့်အာဏာပိုင်တွေဆီက သတင်းရယူခွင့် ဘယ်လိုတွေ ကြုံတွေ့နေရလဲဆိုတာ စပြီး ဆွေးနွေးပေးပါခင်ဗျာ။

ကိုဆွေဝင်း (အယ်ဒီတာချုပ်၊ Myanmar Now)

သတင်းရယူခွင့်၊ ပြည်သူလူထုအပေါ် သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီးတော့ ဒီဖြစ်စဉ်မှာ အင်မတန်ကို အားနည်းတယ်၊ ချို့ယွင်းချက်တွေရှိတယ်ဆိုတာ ကျနော်တို့ အထူးတလည် ပြောစရာမလိုဘူး။ ဒါပေမယ့် အာဏာပိုင်တွေဘက်ကနေ၊ အထူးသဖြင့် တိတိကျကျပြောရရင် ပြည်ထဲရေးနဲ့ စစ်တပ်ပေါ့။ ဒီအမှုကို ကိုင်တွယ်နေတဲ့ စစ်တပ်ကနေ ဘာပြောလဲဆိုတော့ ကွင်းဆက်တရားခံတွေ လွတ်မြောက်သွားမှာစိုးလို့ သတင်းတွေကို ပြည့်ပြည့်ဝဝ မထုတ်ပြန်ပေးနိုင်ဘူးဆိုတဲ့ ဆင်ခြေကို ကျနော်တို့ လက်မခံဘူးဆိုတာ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြည်သူလူထုက သိချင်နေတဲ့ အချက်အလက်တွေက လုံခြုံရေးအားဖြင့် လျှို့ဝှက်တဲ့ အချက်အလက်တွေကို သိချင်နေတာမဟုတ်ဘူး။ ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုကို ထုတ်ပြန်လို့ရတဲ့ အချက်အလက်ကိုပဲ သိချင်တာ။ အဲဒီထုတ်ပြန်လို့ရတဲ့အပိုင်းကိုပဲ သူတို့က ထိမ်ချန်ထားတာ တွေ့ရတယ်။ ဖမ်းဆီးရမိတဲ့ တရားခံတွေနဲ့ ပတ်သက်ပြီးတော့ ဥပမာ… အောင်ဝင်းဇော်ကို ဖမ်းမိတယ်။ ဒါပေမယ့် တော်တော်လေးရက်ခြားပြီးမှ ထုတ်ပြန်တယ်။ အမှန်တကယ်ဆို ဘယ်သူပဲ ဖမ်းဆီးရမိ၊ အစိုးရကနေပြီးတော့ ထုတ်ပြန်ပေးရမယ်။ ဒီလူဟာ ဘာလဲ၊ ဒီလူဟာ ဘယ်အခန်းကဏ္ဍကနေ လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တာလဲ။ နောက်ပြီးတော့ ဒီလူရဲ့ နောက်ခံအကြောင်းတရားက ဘာလဲ။ ဒီလူဟာ ဥပမာ အောင်ဝင်းဇော်ဆိုရင် စစ်တပ်ကနေ အရာရှိဘဝနဲ့ ဖြုတ်ခံရတယ်။ ပြီးတော့ ထောင်ကျတယ်။ ဒီအချက်အလက်နဲ့ ပတ်သက်ပြီးတော့လည်း နောက်ဆုံး သတင်းစာရှင်းလင်းပွဲကျမှ ကျနော်တို့ သိရတယ်။ အရင်က ဒါနဲ့ပတ်သက်ပြီးတော့ လုံးဝ ဖုံးကွယ်ထားတာတွေ တွေ့ရတယ်။ နောက်ပြီးတော့ ပြည်သူလူထုကိုရော၊ သတင်းထောက်တွေကိုရော ထုတ်ပြန်ပေးရမယ့် လေဆိပ်စီစီတီဗွီ၊ အခုအချိန်အထိ မထုတ်ပြန်သေးဘူး။ စီစီတီဗွီ မှတ်တမ်းထဲမှာ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်အပြင် လေဆိပ်မှာ ကိုကြည်လင်းနဲ့အတူ ပူးတွဲလှုပ်ရှားတယ်လို့ ယူဆရတဲ့ သင်္ကာမကင်းဖွယ်ရာလူတွေကို ရဲတပ်ဖွဲ့ကနေပြီးတော့ ပြုစုထားတာရှိတယ်လို့ ကျနော်တို့ အခိုင်အမာသိရှိထားတယ်။ Idetified လုပ်ထားတယ်။ ဒါပေမယ့် အဲဒီလူတွေကို အခုချိန်အထိ ဘာလို့ မထုတ်ပြန်တာလဲ။ အခုအချိန်အထိ ကျနော် စကားပြောနေတဲ့အချိန်အထိ ဒီလူတွေကို မထုတ်ပြန်ဘူး။

ကျနော်က တိတိကျကျ သက်ဆိုင်ရာ အာဏာပိုင်တွေကို မေးချင်တာတခုက ဒါဆိုရင် သူတို့ သင်္ကာမကင်းဖွယ်ရာဆိုတဲ့ လူတွေကို ထွက်ပြေးလွတ်မြောက်တာကို ပြည်သူလူထုက မဖမ်းမိနိုင်အောင်၊ ပြည်သူလူထုက သတင်းမပေးနိုင်အောင်ပဲ တမင်သက်သက် လုပ်ကြံထားတာလား။ ဒါနဲ့ပတ်သက်ပြီး သတင်းတွေကို ထိမ်ချန်ထားတာလားဆိုတဲ့ အပိုင်းတွေကို ကျနော် မေးခွန်ထုတ်ချင်တယ်။ နောက်တခါကျတော့ သတင်းထုတ်ပြန်တဲ့အပိုင်းမှာဆိုရင် ရှေ့နောက် မညီတာလေးတွေ အများကြီးရှိတယ်။ ဟာကွက်တွေလည်း အများကြီးရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ တိတိကျကျ ဖြေရှင်းတာ မရှိဘူး။ ဥပမာအားဖြင့် အောင်ဝင်းဇော်ကဆိုရင် လေဆိပ်ကနေ ထွက်ပြေးသွားပြီ ဆိုတော့ ဘယ်လိုကဘယ်လို ထွက်ပြေးသွားတာလဲ။ ဘားအံမှာ ဖမ်းမိတယ် ကြားတယ်။ ဒါပေမယ့် ကျနော်တို့ရရှိတဲ့သတင်းတွေဆိုရင် သူ့ကို မြဝတီမှာ ဖမ်းမိပြီးတော့ မြဝတီမှာရှိတဲ့ တရားသူကြီးကနေပြီး ရမန်ယူပြီးတော့မှ သူ့ကို ရန်ကုန်ပို့တယ်။ ဒါမျိုးတွေ ကြားသိရတယ်။ အောင်ဝင်းဇော်နဲ့အတူ ဘယ်သူတွေပါသလဲ။ ကျနော်တို့ မသိရဘူး။ အောင်ဝင်းခိုင် ထွက်ပြေးတယ်။ ထွက်ပြေးတဲ့အခါမှာ ဇေယျာဖြိုးဆိုတဲ့ ထောက်လှမ်းရေးဗိုလ်ကြီးဟောင်းရဲ့ညီဖြစ်သူ ရဲထွဋ်လှိုင်က နေပြည်တော် ဥပ္ပါတသန္တိ တဝိုက်ကို ပို့ပြီးတော့မှ အဲဒီနောက်ပိုင်းမှာ ပျောက်ဆုံးသွားတယ် ပြောတယ်။ ဒါဆိုရင် ဒီအမှုမှာ ရဲထွဋ်လှိုင်ဟာ ဘာလို့မပါတာလဲ။ ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံတယောက်ကို အင်မတန်ကြီးမားတဲ့၊ ပြည်သူလူထုတရပ်လုံးကို စိန်ခေါ်တဲ့၊ တရားဥပဒေစိုးမိုးရေးတခုလုံးကို စိန်ခေါ်တဲ့ပြစ်မှုနဲ့ ပတ်သက်ပြီးတော့ ပါဝင်ပတ်သက်သူကို ဘာလို့ ထိထိရောက်ရောက် မလုပ်ဆောင်တာလဲ။

ဒါတွေ သတင်းထုတ်ပြန်တဲ့ အခါကျမှ ကျနော်တို့သိရတယ်။ ထုတ်ပြန်တဲ့အခါကျတော့လည်း အခုလို မေးခွန်းတွေက အများကြီးပဲ။ ဒီမေးခွန်းတွေကို ဘယ်သူဖြေမလဲ။ နောက်ပိတ်ဆုံး ကျနော် တခုမေးချင်တာက ဒီလုပ်ကြံသတ်ဖြတ်မှုမှာ အရေးကြီးဆုံးကိစ္စတခု ရှိပါတယ်။ ဒါက လုပ်ကြံသတ်ဖြတ်တဲ့ဓာတ်ပုံကို ဘယ်သူရိုက်သလဲ။ ဘယ်သူရိုက်ပြီးတော့ ဘယ်သူတင်သလဲ။ ဒါဟာ လူမှုကွန်ရက်ကို သုံးပြီးတော့မှ လူတွေ ချောက်ချားမှုကို အမြင့်ဆုံးရောက်အောင် လုပ်ခဲ့တဲ့ကိစ္စပဲ။ သက်ဆိုင်ရာရဲတပ်ဖွဲ့၊ အာဏာပိုင်တယောက်က ဂျာနယ်တစောင်ကို ဖြေထားတာရှိပါတယ်။ ကျနော်တို့ လုံခြုံရေးအဖွဲ့ထဲကပါပဲခင်ဗျာ။ လူကြီးလမ်းကြောင်းကို လိုက်ရင်းနဲ့ ဗွီဒီယိုမှတ်တမ်းတင်ရင်းနဲ့မှ ဒါလေးကို မှတ်တမ်းတင်မိရက်သား ဖြစ်သွားပြီးမှ သူကနေ ဒါကို ဖြတ်ညှပ်ကပ်လုပ်ပြီး တင်လိုက်တာပါဆိုတဲ့ ဒါမျိုးလေး လွန်ခဲ့တဲ့နှစ်ပတ်လောက်က ပြောထားတာရှိတယ်။ အခု သတင်းစာရှင်းလင်းပွဲမှာ ဘာမှမလာဘူး။ ဘယ်သူကရိုက်သလဲ။ ဒါ ဒီအမှုကွင်းဆက်မှာ တော်တော်အရေးကြီးတဲ့ ကိစ္စတခုပဲ။ ဆိုတော့ မေးစရာမေးခွန်းတွေ မြောက်မြားစွာ ရှိတယ်။ ကျနော်တို့က ဘာခံစားရလဲဆိုတော့ ကျနော်တို့ ပြည်သူလူထုတယောက် အနေနဲ့ရော၊ သတင်းသမားတယောက်အနေနဲ့ရော အမှုမှန်ပေါ်ရေး၊ မပေါ်ရေး ဆိုတာထက် ဒီအမှုကို ဘယ်လောက်အထိ တိတိကျကျ အဂတိကင်းကင်းနဲ့ ခွန်စိုက်အားစိုက် လုပ်ဆောင်နေသလဲ။ ဒါဟာ ကျနော်တို့သိချင်တဲ့အဖြေ။ နိုင်ငံတကာမှာလည်းပဲ ဒီလိုမျိုး အင်မတန်လျှို့ဝှက်ပြီးတော့မှ မပေါ်တဲ့အမှုတွေ အများကြီးပဲ။ ပေါ်တာ၊ မပေါ်တာကကျတော့ ရဲရဲ့လုပ်ငန်းစဉ်မှာ သက်ဆိုင်တယ်။ ဒါပေမယ့် သတင်းထုတ်ပြန်တဲ့နေရာ၊ နောက်ပြီးတော့ စုံစမ်းစစ်ဆေးတဲ့ အပိုင်းကို ကြည့်မယ်ဆိုရင် ကျနော်တို့ အားရကျေနပ်စရာ မရှိဘူးလို့ ပြောနိုင်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

ဟုတ်ကဲ့ခင်ဗျာ။ ကိုဆွေဝင်းကတော့ တိကျမှန်ကန်တဲ့ သတင်းထုတ်ပြန်မှုတွေ အားရကျေနပ်မှု မရှိသလို တချို့သတင်းအချက်အလက်တွေကလည်း ပြန်ပြီး Verify လုပ်စရာတွေ ရှိနေတယ်လို့ ပြောသွားပါတယ်။ အဲဒီတော့ ရှေ့နေကြီး ဆရာဦးကြီးမြင့်ကို မေးပါရစေ။ ဥပဒေရှုထောင့်ကနေ ဒီအမှုနဲ့ပတ်သက်လို့ လုံလောက်တဲ့ အချက်အလက်တွေ ထုတ်ပေးမှုရှိလား၊ နောက်ပြီး ဥပဒေအရ ဘာတွေ ရှင်းရှင်းလင်းလင်း ရှိဖို့လိုတယ်ဆိုတာလေးကို ဆရာ ဖြည့်စွက်ပြီး ဆွေးနွေးပေးပါဦးခင်ဗျာ။

ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ၊ ပြည်ထောင်စုရှေ့နေများအဖွဲ့)

ကျနော်တို့ ဥပဒေရှုထောင့်အမြင်ကတော့ အခု ဒီနေ့ ဂျာနယ်တခုမှာပါလာတဲ့ မက်ဆေ့ခ်ျကျတော့ သူက ရိုးရိုးလူသတ်မှု၊ ပုဒ်မ ၃၀၂ နဲ့ပဲ တရားစွဲမယ့်သဘောမျိုး ဖြစ်နေတယ်။ အဲဒါက မှားနေတယ်။ ဒါက စပြောချင်တယ်။ ၂၀၁၄ ခုနှစ်မှာ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၂၃ နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဆိုပြီး ပြဋ္ဌာန်းထားတယ်။ အဲဒါ ဒီဥပဒေနဲ့ အရေးယူရမယ်။ ဘာဖြစ်လို့ ဒီဥပဒေနဲ့ အရေးယူရမလဲဆိုရင် ကျနော်တို့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ အမှုတွေ၊ မန်းငွေအောင်တို့ အမှုတွေ။ အဲဒီအမှုတွေမှာ နိုင်ငံတော်လုပ်ကြံမှုအနေနဲ့ ပြောပြီးသွားရင် ဒီ ၃၀၂ နဲ့ပဲ တင်ကြတယ်။ သို့သော်လည်းပဲ ကျနော်ကိုယ်တိုင် လိုက်ခဲ့တဲ့ ဖဒိုမန်းငြိမ်းမောင် အမှုတွေ၊ ဆရာဦးကိုယုတို့လိုက်ခဲ့တဲ့ အလံနီသခင်စိုးတို့ အမှုတွေဆိုရင်တော့ နိုင်ငံတော်ပုန်ကန်မှုနဲ့ သွားတယ်။ ဒါကျတော့ ရိုးရိုးလူသတ်မှု မဟုတ်တော့ဘူး။ နိုင်ငံတော်လုပ်ကြံမှုလည်း မဟုတ်ဘူး၊ နိုင်ငံတော်ပုန်ကန်မှုလည်း မဟုတ်ဘူး။ အခု ကမ္ဘာနဲ့အဝန်း လိုအပ်ချက်အရ Up to Date ဖြစ်တဲ့ ခေတ်အမီဆုံး ဥပဒေဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူရမယ်။ အဲဒီမှာ အကြမ်းဖက်မှုဆိုတာ ဘာလဲဆိုရင် လူနှစ်ဦးထက်ပိုပြီး ဖွဲ့စည်းထားတဲ့ Group တခုက လုပ်တယ်ဆိုရင် ဒါ အကြမ်းဖက်မှုပဲ။ အဲဒီအခါမှာ ငွေကြေးတွေကို ဘယ်လိုသိမ်းရမယ်၊ သူတို့ရဲ့ ထောက်ပံ့သူတွေကို ဘယ်လိုလုပ်ရမယ်၊ လှုံ့ဆော်မှုတွေကို ဘယ်လိုလုပ်ရမယ်။ အဲဒီမှာ Definition တွေ အကုန်ပါတယ်။ ၃၀၂ မှာ အဲဒီလောက် မပါဘူး။ အခု ပြည်ထဲရေးက ၃၀၂ နဲ့ပဲ တင်ခြင်းဆိုတာက အမှုကို ဖုံးဖိဖို့ ကြိုးစားတယ်၊ Target လွှဲဖို့ လုပ်နေတယ်ဆိုတာ သွားတွေ့ရတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

ဟုတ်ကဲ့ခင်ဗျာ။ ဒီအမှုကတော့ မြန်မာပြည်မှာ လူတော်တော်များများလည်း စိတ်ဝင်စားတယ်။ ဆရာတို့ ဥပဒေရှုထောင့်က စွဲတဲ့အမှုကိုက လူသတ်မှုလား၊ ဒါမှမဟုတ် ကြီးကျယ်တဲ့ Organize Crime ပေါ့၊ အကြမ်းဖက်မှုလားဆိုတာ ဖြစ်လာတယ်ပေါ့နော်။ ကိုဆွေဝင်း ပြောသလိုပဲ တချို့အချက်အလက်တွေက Verify လုပ်ဖို့လိုတယ်။ အဲဒီလိုပဲ အာဏာပိုင်တွေက ဖြေဖို့လိုတယ်။ ကျနော်တို့ သတင်းမီဒီယာ ဥပဒေမှာလည်း သတင်းတောင်းခံပိုင်ခွင့်ဆိုတာ ရှိနေတယ်ပေါ့နော်။ အဲဒီလိုပဲ သတင်းတောင်းခံပိုင်ခွင့်ကို အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုကိုရော ဘယ်လိုမျိုး ဖြစ်စေချင်လဲ။ အဲဒီလိုမှ တုံ့ပြန်ခွင့်မရရင်ရော သတင်းထောက်တွေအနေနဲ့ရော အချက်အလက်အမှန်တွေရအောင် ဘာတွေ ဆက်လုပ်သင့်လဲ။ အဲဒါလေး ကိုဆွေဝင်း ဖြည့်စွက် ဆွေးနွေးပေးပါဦး။

ကိုဆွေဝင်း (အယ်ဒီတာချုပ်၊ Myanmar Now)

ဇန်နဝါရီ ၂၉ ရက်နေ့က ဆရာဦးကိုနီ လုပ်ကြံခံရတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရဲချုပ်ဆီကို ကျနော် မေးခွန်း ၈ ခုနဲ့ ဒီကနေ Fax ထိုးပြီး ပို့လိုက်တယ်။ ဒါတွေ သိချင်တဲ့အတွက်ကြောင့်မို့လို့။ ဒါပေမယ့် ကျနော်တို့ ဘာမှ အဖြေမရခဲ့ဘူး။ နောက်ပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်လိုက်တယ်။ ကျနော်တို့ ဒါနဲ့ပတ်သက်ပြီးတော့ ချို့ယွင်းချက်တွေ ရှိပေမယ့်လည်း ကျေးဇူးတင်တယ်။ ဒီတိုင်းပြည်မှာ ကျနော်တို့က ပြည့်ပြည့်ဝဝ အရပ်သားအစိုးရတရပ် မပေါ်သေးတဲ့အချိန်မှာ တိတိကျကျ ပြောရမယ်ဆိုရင် အရပ်သားတပိုင်း အုပ်ချုပ်တယ်၊ စစ်တပ်က တပိုင်းအုပ်ချုပ်တဲ့ အခြေအနေမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပေးတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့အတွက် ကောင်းတယ်။ နောက်ပြီးတော့ ကျနော်တို့ မေးခွန်းမေးမြန်းခွင့်ရတာ ကောင်းတယ်။ ဒါပေမယ့်လည်းပဲ အဲဒီနေ့က အစီအစဉ်မှာဆိုရင် သတင်းမေးမြန်းခွင့်ရဖို့ဆိုတာကို ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲ အချိန်ပေးထားပြီးတော့ သူတို့က ရှင်းပြတာကိုပဲ နားထောင်ဖို့ ဆိုတဲ့အပိုင်းက ပိုများတယ်ပေါ့။ ဆိုတော့ ကျနော်တို့ သတင်းထောက်တွေက ဆက်လက်ပြီးတော့ ဒါနဲ့ပတ်သက်ပြီး သတင်းရရှိရေး တရားဝင်ရော၊ တောင်းဆိုတာတွေ ကျနော်တို့တွေ ဆက်လုပ်သင့်တယ်။ နောက်ပြီးတော့ ဖြစ်နိုင်ရင် သက်ဆိုင်ရာ လွှတ်တော်အမတ်တွေ အကူအညီနဲ့ လွှတ်တော်မှာ အဆိုတင်သွင်းပြီးတော့ သတင်းထုတ်ပြန်ရေးအတွက် လုပ်ဆောင်ဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ။ ဒီအမှုနဲ့ပတ်သက်ပြီးတော့ လူမှုကွန်ရက်ပေါ်မှာ ကောလာဟလတွေ မျိုးစုံဖြစ်နေတယ်။ မှန်တာတွေရော၊ မမှန်တာတွေရော ရောယှက်နေတဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ စိုးရိမ်မှုက ကြီးမားတယ်။ နောက်တခုကျတော့ မီဒီယာရဲ့ သိပိုင်ခွင့်ဆိုတာထက် ပြည်သူလူထုရဲ့ သိပိုင်ခွင့်ဆိုတာ ပိုပြီးအရေးကြီးတယ်။ ဒါကို ကျနော်တို့တွေအားလုံးက လိုက်နာနိုင်ရမယ်။ အခု ကျနော်တို့တိုင်းပြည်မှာကျတော့ အာဏာပိုင်အဖွဲ့အစည်းတွေက သတင်းအချက်အလက်တခုရလာရင် ဒါ ငါ့ပစ္စည်း၊ ငါ့ဥစ္စာ ဆိုပြီးတော့ လုပ်ထားတဲ့ အပိုင်းတွေ၊ ဒါတွေကို ကျနော်တို့တွေက ချေဖျက်ဖို့ လိုအပ်ပါသေးတယ်ခင်ဗျာ။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

ဟုတ်ကဲ့ခင်ဗျ။ မြန်မာပြည်မှာတော့ Right to Information ပေါ့နော်။ သတင်းသိပိုင်ခွင့်ဥပဒေတရပ် လိုတယ်ဆိုတာကို သတင်းထောက်တွေတင်မက ပြည်သူပြည်သားတွေပါ သိပိုင်ခွင့်ရှိတာမျိုး ပေါ်လာမယ်ဆိုရင် ကောင်းမယ်ဆိုတာမျိုး ပြောဆိုနေတဲ့ အချိန်ပေါ့နော်။ နောက်တခု ဆရာဦးကြီးမြင့်ကို မေးပါရစေ။ တကယ်လို့များ ဒီအမှုဟာ လူသတ်မှုထက် ပိုကျော်တယ်ဆိုရင် ဥပဒေအရ ဘာလုပ်သင့်လဲ။ ဥပမာ စွဲဆိုတဲ့တရားရုံးတွေ၊ ဘယ်လိုအဖွဲ့တွေမျိုးနဲ့ ဘယ်လိုလုပ်ထုံးလုပ်နည်းအရ ဆက်ပြီးတော့ လုပ်သင့်တယ်ဆိုတဲ့ အကြံပေးချက်လေး ဆရာ့အနေနဲ့ ဖြည့်စွက်ပြောပေးပါဦး။

ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ၊ ပြည်ထောင်စုရှေ့နေများအဖွဲ့)

ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေမှာတော့ တော်တော်ကို ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းထားပါတယ်။ ဥပမာဆိုပါစို့၊ အကြမ်းဖက်သမားဆိုတာ ဘာလဲ။ အကြမ်းဖက်အုပ်စုဆိုတာ ဘာလဲ။ လှုံ့ဆော်မှုဆိုတာ ဘာလဲ။ ငွေကြေးသုံးစွဲမှု ထောက်ပံ့တယ်ဆိုတာ ဘာလဲ။ ရည်ရွယ်ချက်က ဘာလဲ။ သေသေချာချာကို အသေးစိတ်၊ ဗဟိုအဖွဲ့ ဖွဲ့စည်းရမယ်။ အဲဒီဗဟိုအဖွဲ့ကနေ ထပ်ပြီး စုံစမ်းစစ်ဆေးရေး ဖွဲ့ရမယ်။ အဲဒီလို တိတိကျကျ တဆင့်ပြီးတဆင့် သွားတာ။ ဥပမာ အခန်း (၁) ဆိုရင် အမည်စီရင်ပိုင်ခွင့်နဲ့ အဓိပ္ပာယ်ဆိုရင် ဤဥပဒေအရ အောက်ဖော်ပြပါ အကြမ်းဖက်မှုကို ကျူးလွန်သူ၊ ကျူးလွန်ရန် အားထုတ်သူ၊ အားပေးကူညီသူ၊ လှုံ့ဆော်သူ သို့မဟုတ် ကြံရာပါအဖြစ် ဆောင်ရွက်သူများအပေါ် စီရင်ပိုင်ခွင့် ရှိစေရမည်။ ဒါကို တိတိကျကျ။ ၂(ဃ) မှာ ဘယ်လိုရေးထားလဲဆိုရင် အကြမ်းဖက်မှုကို ကျူးလွန်သော သို့မဟုတ် ကျူးလွန်သော အကြမ်းဖက်သမား တဦးဦးကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစုကိုဖြစ်စေ အားပေးကူညီရာရောက်သော ငွေကြေးထောက်ပံ့မှု။ ဒါမျိုးတွေ။ အဲဒါတွေက သေဒဏ်တွေချည်းပဲ။ အခုလည်းကျရော တွေ့လိုက်တော့ ၃၀၂ နဲ့ဆို တသက်တကျွန်းပဲ ချနိုင်တယ်။ နောက်တခါ ၁၉(စ) လက်နက်ဥပဒေတို့ ဘာတို့။ လူသတ်မှုကြီးဖြစ်နေမှတော့ လက်နက်ဥပဒေနဲ့ ထပ်လုပ်မနေနဲ့တော့။ သဘောက ဒါတွေကို အပိုတွေပေါ့။ ပုဒ်မတွေ များလာသလို လျှောက်လုပ်နေတာ။ နောက်တခါ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ဘယ်လောက်ဆိုတာမျိုးတွေ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဆိုတာမျိုးတွေ။ ရာဇသတ်ကြီးဥပဒေပုဒ်မ ဆိုတာမျိုးတွေ။ ဒီဟာတွေက သေဒဏ်ပေးနိုင်တာတွေ။ အဲဒီဟာကို ထိထိရောက်ရောက် လုပ်ရမယ့်အစား ဒီလို တခါတည်း လူထုကို နည်းတဲ့ပုဒ်မတွေ မဟုတ်ဘူး၊ တပ်ထားတာ။ အဲဒီပုဒ်မတွေက ၁ နှစ်လောက် ချနိုင်တာတွေ၊ ၃ နှစ်လောက် ချနိုင်တာတွေ။ အဲဒီတော့ ဒီဥပဒေကိုသာ တိတိကျကျ လိုက်နာမယ်ဆိုရင် အခု အဲဒီလွှတ်တော်အမတ်လည်း မလွတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကအားပေးသူ၊ လှုံ့ဆော်သူထဲမှာ ပါသွားပြီ။ သူက ဒီအကြောင်းတွေကို ဆွေးနွေးတာကိုး၊ လုပ်ခိုင်းတာသာ မဟုတ်တာ။ ဒီ ကိုနီ ဆိုတဲ့ကောင်က ဖေ့စ်ဘွတ်မှာ ဘယ်လိုတက်သလဲ။ ဒါ လှုံ့ဆော်တာပဲလေ။ ဒီလွှတ်တော်အမတ် မလွတ်ဘူး။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ဘယ်သူမှ မလွတ်ဘူး။ နောက်ဆုံးမှာ သတ်ပြီး ဖြစ်ပြီးတဲ့နောက်မှာလည်း ဒါမျိုးလုပ်တာ ကောင်းတယ်၊ အဲဒါဆို လှုံ့ဆော်သူ၊ ထပ်အရေးယူလို့ရတယ်။ ဟိုပုဒ်မပြီးတဲ့အပြင် နောက် လှုံ့ဆော်သူ ပုဒ်မနဲ့ ထပ်အရေးယူလို့ရတယ်။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်တဲ့ ဥပဒေနဲ့ အရေးမယူဘဲနဲ့ သာမန်လူသတ်မှု၊ တပြည်လုံးမှာဖြစ်တဲ့ ၁၃၀၀ လောက်ရှိတဲ့အထဲမှာ လုပ်လိုက်တာသည် ဒါဟာ ရိုးသားပါရဲ့လား၊ တာဝန်ကျေပါရဲ့လားဆိုတာ များစွာသော မေးခွန်းတွေ ရှိပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

အခု နောက်ဆုံးအနေနဲ့ ကိုဆွေဝင်းကိုပဲ မေးပါတယ်။ အခု ကျနော်တို့ ပြည်သူရွေးချယ်တဲ့ အစိုးရပေါ့နော်။ အဓိကကတော့ ပွင့်လင်းမြင်သာမှုကို တော်တော် ဦးစားပေးပြီး ပြောတယ်။ ဒီကိစ္စမှာ ပွင့်လင်းမြင်သာမှုရှိအောင်၊ မှန်ကန်တဲ့ အချက်အလက်ရအောင် အာဏာပိုင်တွေအနေနဲ့ အရေးအကြီးဆုံး ဘာလုပ်သင့်တယ်ဆိုတာ ပြောပေးပါဦးခင်ဗျ။

ကိုဆွေဝင်း (အယ်ဒီတာချုပ်၊ Myanmar Now)

ဒါ အင်မတန်ခက်ခဲတဲ့ မေးခွန်းတခုပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့ အရပ်သားအစိုးရ အုပ်ချုပ်နေတဲ့ အာဏာပိုင်တောင်မှ ဒီမေးခွန်းမျိုးကို ဖြေနိုင်မယ့် အနေအထားရှိမယ်လို့ မထင်ပါဘူးခင်ဗျာ။ ဒါနဲ့ပတ်သက်ပြီးတော့ သံသယဖြစ်စရာတွေလည်း အများကြီးရှိတယ်။ ဒီသံသယတွေက တကယ်လည်း ဟုတ်ချင်မှလည်း ဟုတ်မယ်။ ဒါပေမယ့် ဒီသံသယတွေ ဘာကြောင့်ပေါ်လာသလဲဆိုတော့ ကျနော်တို့နိုင်ငံ ရဲတပ်ဖွဲ့က တရားစီရင်ရေးအောက်မှာ မရှိသေးဘူးဆိုတဲ့ ပြဿနာကြောင့် ဖြစ်ရတာပါ။ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဿနာတက်နေပါပြီ၊ ဒီအမှုမှာတင်ကိုက။ ဒါကြောင့်မို့ ရဲတပ်ဖွဲ့ဟာ အရပ်သားအစိုးရလက်အောက်မှာ ရှိရပါမယ်။ ရဲတပ်ဖွဲ့က ဘာကိုလိုက်နာရမလဲ၊ ဘာကိုကြောက်ရမလဲ၊ ဘာကိုအလေးထားရမလဲ ဆိုတော့ ဥပဒေကို အလေးထားရပါမယ်။ စစ်တပ်လုံခြုံရေးကို အလေးထားစရာမလိုတဲ့ နိုင်ငံရေးစနစ်တခု ပေါ်ပေါက်ဖို့လိုပါတယ်။ မပေါ်ပေါက်သေးသရွေ့တော့ ဘယ်လိုတွေပဲလုပ်လုပ်၊ ဘယ်လိုတွေပဲပြောပြော အခုလိုမျိုး သံသယဖြစ်စရာကောင်းတဲ့ ဖုံးဖိမှုတွေ၊ ကွယ်ဝှက်မှုတွေ ဒါတွေအကုန်လုံး ဆက်ပြီးတော့မှ နောက်နောင် အမှုတွေလည်းပဲ ဆက်ဖြစ်နေဦးမယ်လို့ ကျနော် ပြောချင်ပါတယ်။

ဟုတ်ကဲ့ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013