DVB Logo
Home
Lead Story
“ငြိမ်းချမ်းမှုမရှိဘူးဆိုရင် ဘာမှလုပ်လို့မရဘူး” - ကျားဖြူပါတီခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်း
DVB
·
March 8, 2017
“ငြိမ်းချမ်းမှုမရှိဘူးဆိုရင် ဘာမှလုပ်လို့မရဘူး” - ကျားဖြူပါတီခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်း
Donate to DVB

၂၀၁၇ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျားဖြူပါတီလို့သူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက  မြို့နယ်ပေါင်း ၃ ခုမှာ အမတ်နေရာ ၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မဲဆွယ်စည်းရုံးပြင်ဆင်နေပါတယ်။

ကျားဖြူပါတီကိုယ်စားလှယ်တွေအနေနဲ့ အနိုင်ရရင် ငြိမ်းချမ်းရေးရရှိရေး ဦးစားပေး ဆောင်ရွက်သွားမယ့်အကြောင်းနဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင် မဆွေးနွေးနိုင်ရင် နှစ်ပေါင်းရှည်ကြာ ပြည်တွင်းစစ်က ဘယ်တော့မှပြီးဆုံးမှာ မဟုတ်ဘူးလို့ ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီနဲ့ ဆက်သွယ်မေးမြန်းရာမှာပြောပါတယ်။

မေး - လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျားဖြူပါတီအနေနဲ့ မဲဆန္ဒနယ် ၇ နေရာမှာ ဝင်ပြိုင်ဖို့ရှိတယ်လို့ သိရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အနိုင်မရခဲ့တဲ့အပေါ် သင်ခန်းစာယူပြီး ဒီရွေးကောက်ပွဲမှာ အောင်နိုင်ဖို့ ဘာတွေပြင်ဆင်ထားပါသလဲ။

ဖြေ - ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဒေသခံပြည်သူတွေအနေနဲ့ မိမိရွေးချင်တဲ့ပါတီကို လွတ်လွတ်လပ်လပ် ရွေးချယ်လို့မရဘဲ လက်နက်ကိုင်အဖွဲ့ရဲ့ ဖိအားပေးခြင်းခံရတယ်။ အဲဒါတွေက ပြီးတာလည်း ပြီးခဲ့ပြီဆိုတော့ ဘာမှမပြောလိုတော့ပါဘူး။ ဒီ ၂၀၁၇ ရွေးကောက်ပွဲမှာတော့ အက်စ်အက်စ်အေ/အက်စ်အက်စ်ပီပီ ရှမ်းပြည်တပ်မတော်က သူတို့နယ်မြေထဲ လွတ်လပ်စွာ မဲဆွယ်ခွင့်ပြုပြီး ပြည်သူတွေကလည်း လွတ်လပ်စွာ မဲထည့်နိုင်တယ်လို့ ထုတ်ပြန်ကြေညာထားတော့ ဒါကို ဦးတို့ကလည်း ကြိုဆိုကြောင်း ပြန်ပြီးထုတ်ပြန်ထားတယ်။ အခု ပါတီကိုယ်စားလှယ်လောင်းတွေ မိုင်းရှူးနဲ့ ကျေးသီးမှာ ကွင်းဆင်းပြီး မဲဆွယ်စည်းရုံးနေတာ ဘာမှ အခက်အခဲမရှိဘူး၊ ပြည်သူတွေလည်း သူတို့ရွေးလိုတဲ့ပါတီကို လွတ်လွတ်လပ်လပ် ရွေးလိမ့်မယ်။

မေး - လာမယ့်ရွေးကောက်ပွဲမှာ အင်အားကြီးပါတီတွေဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီရှိမယ်၊ နောက် ရှမ်းပါတီကြီးဖြစ်တဲ့ ကျားခေါင်းပါတီက ကိုယ်စားလှယ်လောင်းတွေလည်း ရှိမယ်ဆိုတော့ ကျားဖြူပါတီရဲ့ အဓိကပြိုင်ဘက်က ဘယ်သူဖြစ်မလဲ။ ဘယ်မြို့နယ်မှာ ခက်ခက်ခဲခဲ ပြိုင်ရမယ်ထင်လဲ။

ဖြေ - ရှမ်းပြည်မှာတော့ အင်အားအကြီးဆုံးပါတီက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပေါ့။ သူတို့က ပိုက်ဆံရှိတယ်လေ။ ပြည်သူတွေကတော့ ပြောင်းလဲချင်ပါပြီ။ ကျနော်တို့ပါတီက ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရပြီး ၂၀၁၅-၁၆ ထိ ပြည်သူတွေကို ကူညီခဲ့တယ်ဆိုတာ ပြည်သူတွေသိပါတယ်။ ဒီတခေါက်တော့ ပြည်သူတွေက ကျားဖြူပါတီကိုပဲ မဲပေးမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။

မေး - ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကျားဖြူပါတီ ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းတွေ၊ ဘယ်လိုမူတွေနဲ့ ရွေးချယ်ထားတာပါလဲ။ အရင်လွှတ်တော်အမတ်ဟောင်းတွေရော ပါဝင်ယှဉ်ပြိုင်ကြမှာလား။

ဖြေ - မိဘပြည်သူတွေ အခက်အခဲကို တက်တက်ကြွကြွ ကူညီခဲ့သူတွေနဲ့ ပညာအရည်အချင်းအပေါ်မှာလည်း ကြည့်ပြီးရွေးပါတယ်။ ဥပမာ ကျိုင်းတုံမှာ ဝင်ရွေးမယ့် ဒေါက်တာစိုင်းရွက်ဟောင်၊ ပြီးတော့ မိုင်းရှူးမှာဝင်ရွေးမယ့် စိုင်းဘထွန်း၊ သူလည်း ၂၀၁၀ ခုနှစ်တုန်းက လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖူးတယ်။ နောင်ချိုကနေ နန်းခမ်းယဉ်အောင်ဆိုရင် မဟာဝိဇ္ဇာဘွဲ့ ရပြီးပြီ။ ပြီးတော့ နန်းစံဦး၊ ကျေးသီးမှာဝင်ပြိုင်မယ့် နန်းတင်ဦး၊ နန်းမွမ်းအောင်၊ နန်းနွေးနွေး အဲဒီကိုယ်စားလှယ်လောင်းတွေ အကုန်တော်ကြပါတယ်။ ပြည်သူ့အခက်အခဲကို ကူညီဖြေရှင်းချင်တဲ့ သူတွေချည်း ဖြစ်တယ်။

မေး - တကယ်လို့ ကျားဖြူပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ အနိုင်ရခဲ့မယ်ဆိုရင် လွှတ်တော်မှာ ဘယ်လိုအရေးကိစ္စတွေ၊ ဥပဒေတွေ အဓိက ဦးစားပေး လုပ်ဆောင်ဖို့ရှိပါလဲ။

ဖြေ - အဓိက ဦးစားပေးလုပ်ရမှာက ငြိမ်းချမ်းရေးပေါ့၊ ပြီးမှ ဖွံ့ဖြိုးရေးတွေ၊ ပညာရေးတွေလည်း အရေးကြီးပါတယ်။ အရေးကြီးတာ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းမှုမရှိဘူးဆိုရင် ဘာမှလုပ်လို့မရဘူး၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်တာလည်း ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်မှု လိုလားရင် ကျားဖြုပါတီကို မဲထည့်ပါဆိုတဲ့ ဆောင်ပုဒ်ကို သုံးပါတယ်။ ပြီးတော့ တို့ရှမ်းပြည်အစိုးရအဖွဲ့ ဖြစ်တုန်းကဆိုရင် လမ်းတွေ ဖောက်လုပ်ပေးခဲ့တယ်၊ နောက်တခုက လျှပ်စစ်မီး၊ ကျေးလက်တောရွာတွေမှာ လျှပ်စစ်မီးရဖို့ရော ပညာရေးကိစ္စတွေလည်း အရေးကြီးပါတယ်။

မေး - လက်ရှိ ရှမ်းပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အားရမှုရှိပါသလား။ ဘယ်လိုအမြင်သဘောထား ရှိပါသလဲ။

ဖြေ - သူတို့လည်း တတ်နိုင်သလောက် လုပ်နေကြတာကို တွေ့ရပါတယ်။ အထူးတလည် မဝေဖန်လိုပါဘူး။ တိုင်းပြည်ငြိမ်းချမ်းမှုမရှိတာကတော့ အားလုံးသိတဲ့အတိုင်းပဲ၊ ဒီနေ့ထိ တိုက်ပွဲတွေ ဖြစ်နေတာပဲ။

မေး - အန်အယ်လ်ဒီအစိုးရသစ်လက်ထက်မှာ ရှမ်းပြည်နယ်ထဲမှာ ရှမ်းပြည်သူတွေ အဓိက ရင်ဆိုင်ကြုံနေရတဲ့ ပြဿနာ အခက်အခဲတွေက ဘာတွေပါလဲ၊ ဒီအခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ကျားဖြူပါတီအနေနဲ့ရော လက်ရှိ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ပြီး ဘာတွေလုပ်နေပါသလဲ။

ဖြေ - ရှမ်းပြည်သူတွေ အဓိကရင်ဆိုင်နေရတာကတော့ အမြဲတိုက်ပွဲဖြစ်နေတဲ့ဟာပေါ့။ တပြည်နယ်တည်းနေ လက်နက်ကိုင်အချင်းချင်းလည်း တိုက်ခိုက်တယ်၊ အိမ်တွေ ရွာတွေ မီးရှို့တယ်၊ မသင်္ကာတဲ့လူတွေ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် မငြိမ်းချမ်းဘူး၊ တို့ပါတီအနေနဲ့ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်တနေရာပဲရတော့ ဘာမှသိပ်လုပ်မပေးနိုင်ဘူး။ မနှစ်က နမ့်ခမ်းမြို့နယ် ဝမ်ပန်ရွာမှာ လက်နက်ကိုင်အဖွဲ့က မီးရှို့တဲ့ကိစ္စ ကြေညာချက်ထုတ်ပြီး အစိုးရကို စာတင်သေးတယ်၊ ပြည်သူတွေကို ကူညီကာကွယ်ပေးဖို့၊ သူတို့က ခုထိ ရွာမပြန်ရသေးဘူး။

မေး - ရှမ်းပြည်နယ် ငြိမ်းချမ်းသာယာဝပြောဖို့ ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ပါတီခေါင်းဆောင်တယောက်အနေနဲ့ လက်ရှိအစိုးရကို ဘာတွေ တိုက်တွန်းတောင်းဆိုချင်ပါသလဲ။

ဖြေ - ရှမ်းပြည်နယ် ငြိမ်းချမ်းသာယာဖို့ အစိုးရချည်းပဲ လုပ်ဆောင်လို့မရပါဘူး။ တပ်မတော်ရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးရော ဝိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စားပွဲဝိုင်းပေါ်မှာ နိုင်ငံရေးဆွေးနွေး အဖြေရှာရမှာဖြစ်တယ်။ ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင်ဆွေးနွေးဖို့ လိုပါတယ်။ မဆွေးနွေးနိုင်ရင် နှစ်ပေါင်းရှည်ကြာ ပြည်တွင်းစစ်က ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးရရှိရင် ပြည်သူလူထု လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွေ ကောင်းကောင်းလုပ်နိုင်မှာ ဖြစ်တယ်။

ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013