DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရလက်ထက် တရားရုံးများတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေဆဲ
DVB
·
March 8, 2017
အန်အယ်လ်ဒီအစိုးရလက်ထက် တရားရုံးများတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေဆဲ
Donate to DVB

 

လက်ရှိအစိုးရလက်ထက် တရားရုံးတွေမှာ အရင်လို လာဘ်ပေးလာဘ်ယူတာတွေ ရှိနေဆဲလို့ ရန်ကုန်တိုင်းဒေသကြီး တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများကော်မတီ အဖွဲ့ဝင်တဦးက ပြောပါတယ်။

တရားစီရင်ရေးမဏ္ဍိုင်ဟာ လက်ရှိအချိန်အထိ အရင်ကလို လာဘ်ပေးလာဘ်ယူတာတွေ ဆက်လက်ကျင့်သုံးနေတာကြောင့် တရားရေးမဏ္ဍိုင်ဟာ အတော်ယိမ်းယိုင်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့်တိုင်ကြားစာများ၊ အသနားခံစာများကော်မတီက ပြောပါတယ်။

တိုင်ကြားစာအများစုဟာ တရားရေးဘက်က အဂတိလိုက်စားမှုတွေ အများဆုံးဖြစ်နေပြီး တိုင်ကြားစာပေါင်း ၅၀၀ လောက် ရှိနေတယ်လို့ သူကဆိုပါတယ်။

အဲဒီလို လာဘ်ပေးလာဘ်ယူတာတွေ၊ လာဘ်ပေးတာတွေရဲ့ အခြေခံအကြောင်းတရားတွေကို အစိုးရအနေနဲ့ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ဖို့ လိုလာပြီလို့ ကော်မတီဝင် ဦးရန်အောင်က ပြောပါတယ်။

ဒါ့အပြင် လာဘ်ပေးလာဘ်ယူမှုတွေဟာ မြင်တွေ့နေရပေမယ့် လက်ဆုပ်လက်ကိုင်ဖော်ပြဖို့ ခက်ခဲနေတယ်လို့လည်း သူကဆိုပါတယ်။

“လာဘ်ပေးလာဘ်ယူမှုတွေက ရှိနေတုန်းပဲ။ တချို့တွေက ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့လူတွေ ရှိတယ်။ တချို့ကျတော့ အရင်တုန်းကလိုပဲ ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ်တွေ၊ လုပ်ထုံးလုပ်နည်းတွေကြားမှာ သာယာနေတဲ့လူတွေ ရှိတယ်။ ရုတ်ခြည်းပြောင်းဖို့အတွက် ကျနော်တို့က ဘယ်လောက်ပဲ ဆန္ဒရှိရှိ ကာယကံရှင်တွေက မပြောင်းချင်ကြဘူး။ မပြောင်းတဲ့အခါကျတော့ လိုအပ်တဲ့အချိန်ထက် ပိုကြာမှာပေါ့နော်။ အခု တရားရုံးတွေသွားတယ်။ တရားသူကြီးက ဘယ်လိုတောင်းတယ်။ ဘယ်သူကနေ တဆင့်ခံပြီး တောင်းတယ် ဆိုတာတွေလည်း ကျနော်တို့ ကြားတယ်။ ဘယ်လောက်ပေးမှရမယ် ဆိုတာမျိုးတွေလည်း ကျနော်တို့ ကြားရတယ်။”

အစိုးရအဆက်ဆက် လာဘ်ပေးလာဘ်ယူတာတွေကို ဆောင်ရွက်ခဲ့ပေမယ့် အလွန်ခက်ခဲတဲ့အတွက် ဖြေရှင်းနိုင်တာတွေ မရှိခဲ့ပါဘူး။

အစိုးရသစ်အနေနဲ့ ရွေးကောက်ပွဲကာလအတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး စတဲ့ အချက် ၄ ချက်ကို ဆောင်ရွက်ပေးမယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်အထိ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်နေတာကြောင့် တရားဥပဒေစိုးမိုးရေးအပိုင်းမှာ အားနည်းတာတွေ ရှိနေတယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ကြပါတယ်။

“ငါတို့ဥပဒေအတိုင်း နိုင်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ ရှေ့နေ ဘယ်နှယောက်ရှိလဲဆိုရင် ဆရာထင်ပါတယ်၊ တိုင်းပြည်က တော်တော်တောင်ဆိုးနေပြီ ထင်ပါတယ်။ လုံးဝကို သူတို့ကိုယ်တိုင်က ဥပဒေကို အယုံအကြည် မရှိတော့ဘူး။ အယုံအကြည် မရှိဘူးဆိုတော့ ကြည့်လေ၊ ပြည်ထောင်စုတရားလွှတ်တော်မှာ တက်သမျှအမှုတိုင်းကို ပယ်နေတယ်။ ဘာကိုကြည့်ပြီး ပယ်တာလဲလို့ မေးခွန်းထုတ်စရာတွေ ဖြစ်နေတယ်” လို့ ဥပဒေပညာရှင် ဦးတင်သန်းဦးက ပြောပါတယ်။

တရားရေးမဏ္ဍိုင်ကို လာဘ်ပေးတာဟာ တရားဥပဒေအပေါ် ပြည်သူတွေ၊ ရှေ့နေတွေနဲ့ ဥပဒေပညာရှင်တွေကပါ ယုံကြည်မှုအားနည်းလာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

တရားရေးမဏ္ဍိုင် တည့်မတ်ဖို့အတွက် တရားရုံးချုပ်ကို ပြန်လည်ပြင်ဆင်ဖို့လိုတယ်လို့ ဥပဒေပညာရှင် ဦးကြီးမြင့်က သုံးသပ်ထားပါတယ်။

“တရားရုံးချုပ်ကြီးကို စနစ်တကျ ပြင်ဆင်ရမယ်။ တရားရုံးချုပ်ကြီးမှာ အခု တရားသူကြီး ၅ ယောက် လိုနေတယ်။ အမြန်ခန့်ရမယ်။ တရားရုံးချုပ်ကြီးကနေ အောက်တရားရုံးတွေကို သေသေချာချာ ကြီးကြပ်ရမယ်။ သူတို့ရဲ့စီရင်ချက်တွေကို သေချာစစ်ဆေးရမယ်။ အဲဒီလိုတွေ လုပ်ရမယ်။ ထိုနည်းတူစွာပဲ ရဲတပ်ဖွဲ့ကလည်း ကိုယ့်လူတွေကိုယ် သေချာအုပ်စီးရမယ်။ နောက် ဥပဒေချုပ်ရုံးကလည်း ကိုယ့်လူတွေကိုယ် သေချာအုပ်စီးရမယ်။”

မြန်မာနိုင်ငံတရားရုံးချုပ်မှာ တရားသူကြီး ၁၁ ဦး ခန့်ထားခွင့်ရှိပေမယ့် အရင်အစိုးရ လက်ထက်ကစပြီး ၇ ဦးသာ ခန့်ထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ တရားရုံးချုပ်မှာ တရားသူကြီး ၆ ဦးပဲ ရှိတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာများ၊ အသနားခံစာများကော်မတီကလည်း မြို့နယ်ပေါင်း ၄၄ မြို့နယ်က တရားရုံးတွေ၊ ဥပဒေရုံးတွေနဲ့ ရဲစခန်းတွေကို သြဂုတ်လ ၁ ရက်နေ့ကစပြီး စတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။

အဲဒီလို စစ်ဆေးမှုပြီးစီးရင် အစိုးရကို အစီရင်ခံစာပေးပို့မှာဖြစ်ပြီး အစိုးရအပေါ် တောင်းဆိုမှုတွေ၊ တရားရေးမဏ္ဍိုင်ရဲ့ တွေ့ရှိချက်တွေကို တင်ပြမှာဖြစ်ပါတယ်။

သတင်း - စိုးမိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013