DVB Logo
Home
Lead Story
“ထိုင်ခိုင်းပြီး စီစီတီဗွီတွေကို ပစ်တာ” - လောက်ကိုင်မြို့ခံ ဦးထွန်းထွန်း
DVB
·
March 7, 2017
“ထိုင်ခိုင်းပြီး စီစီတီဗွီတွေကို ပစ်တာ” - လောက်ကိုင်မြို့ခံ ဦးထွန်းထွန်း
Donate to DVB

လောက်ကိုင်မြို့ပေါ်မှာ MNDAA အဖွဲ့တွေ ဝင်တိုက်သွားပြီးနောက် မီးလောင်ပျက်စီးပြီး လူတွေ ထိခိုက်သေဆုံးမှု အခြေအနေနဲ့ ပတ်သက်လို့ လောက်ကိုင်မြို့မှာ ဈေးဆိုင်ဖွင့်လှစ် ရောင်းချတဲ့ မြို့ခံ   ဦးထွန်းထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

လောက်ကိုင်မြို့မှာ တိုက်ပွဲစဖြစ်တဲ့ အခြေအနေလေး ပြောပြပါ။ ဘယ်လိုစဖြစ်တယ်ဆိုတာလေး။

“ည ၂ နာရီလောက်မှာ တပြိုင်နက်တည်းဆိုတော့ ဘယ်လိုမှ လုပ်လို့မရဘူး။ သူတို့က လောင်းကစားရုံတွေလည်း သေနတ်တွေနဲ့ဝင်ပြီးတော့၊ တချို့ရုံတွေကျတော့လည်း လောင်းကစားရုံမှာလုပ်တဲ့ ကလေးမလေးတွေကို ထိုင်ခိုင်းတာ။ ထိုင်ခိုင်းပြီး စီစီတီဗွီတွေကို ပစ်တာ။ ပစ်ပြီးတော့မှ ထတဲ့လူတွေကို ပစ်လိုက်တာပေါ့နော်။ တချို့ဝိုင်းကျတော့ ၁၀၀ တန်ပိုက်ဆံအုပ်တွေ ယူသွားတာ။ ယူပြီးတော့ အကြွေတွေကျတော့ အကုန် ဓာတ်ဆီနဲ့မီးရှို့တာ။ အဲဒီလိုမျိုး။ တရုံနဲ့တရုံ မတူဘူး။”

“လူတွေကတော့ တော်တော်များတယ်။ ကိုးကန့် မော်တော်ပီကယ်ရုံးကလည်း ၈ ယောက်လို့ ပြောတယ်။ အဲဒါလည်း အကုန်သေတယ်လို့ ကြားတယ်။ ကျနော်ကြားရတာတော့ တမြို့လုံးဆို သုံး၊ လေးဆယ်လောက် ရှိမယ်ဗျ။ နောက်ပြီးတော့ ဖူဂျီလိုက်ဟိုတယ်ကျတော့ ပြန်ပေးဆွဲတဲ့သဘောမျိုး ခေါ်သွားတယ်။ ယောက်ျားလေး ၈ ယောက်နဲ့၊ မိန်းကလေးတွေလည်း ခေါ်သွားတယ်လို့ ကြားတယ်။ ဟိုရောက်တော့ တောထဲရောက်တော့ လက်နက်ကိုင်ခိုင်းတာတဲ့။ လက်နက်မကိုင်တဲ့လူတွေကျတော့ ထုထောင်းပြီးတော့ တချို့လူတွေလည်း ပြေးတော့ ပစ်ပေါ့။ သေတဲ့လူလည်း သေတယ်။ လွတ်လာတဲ့လူလည်း ပြန်လွတ်လာကြတယ်။ အဲဒီလို ပြောတယ်။”

ဦးထွန်းထွန်းအနေနဲ့ ဒီလို အဖမ်းခံရပြီး ခေါ်သွားခံရတဲ့လူတွေ၊ ဒါမှမဟုတ် သေသွားတဲ့လူတွေရဲ့ မိသားစုနဲ့ တွေ့လား။ သူတို့ အခေါ်သွားခံရမှန်း ဘယ်လိုသိလဲ။

“အဲဒါတော့ မြို့ကကျယ်တော့ မသိဘူးဗျ။ လောင်းကစားရုံမှာ လုပ်တာ။ ဗမာတွေတော့ နည်းတယ်လို့ ပြောတယ်။ ဗမာတော့ သိပ်မပါဘူးပေါ့နော်။”

ဟုတ်ကဲ့။ သူတို့ဝင်စီးတာ လောင်းကစားရုံ စုစုပေါင်း ဘယ်နှရုံလောက်ရှိလဲ။

“လောင်းကစားရုံက အဓိကက ဦးဝေစန်း ပိုင်တာနဲ့ ဖူဂျီလိုက်က ပိုင်တဲ့ဟာနဲ့ ၃ ရုံလို့ ကြားတာပေါ့ဗျာ။ လောင်းကစားရုံတွေကတော့ ဒီမှာ အများကြီးပဲ။ ကလေးမလေးတွေ ပြောပုံအရဆိုရင် ရုံသစ်တရုံပဲ လွတ်တယ် ပြောတယ်။ ကျန်တာတွေကတော့ တပြိုင်တည်း ဝင်တဲ့ သဘောမျိုးပေါ့။ အနုကြမ်းစီးတဲ့သဘောမျိုး ဖြစ်သွားတာပေါ့။ ပိုက်ဆံယူတယ်။ လှုပ်လှုပ်ရှားရှားရှိတဲ့ လူတွေကို တွေ့တာနဲ့ ပစ်သတ်တာပေါ့။ အဲဒီလိုမျိုး။ ကလေးမလေးတယောက်ဆို တော်တော်လေး လန့်နေတာ။ ကားလမ်းပိတ်ထားတော့လေ။ အခုနက ကားလမ်းပွင့်သွားတော့ အကုန် ပြန်ကုန်ကြတယ်။ ဒီမှာ လူတွေ မရှိကြဘူး။”

“၂ နာရီလောက်ကနေ မိုးလင်းတဲ့အထိဗျ။ မနက် ၈ နာရီလောက်အထိပေါ့။ လက်နက်ကြီးတွေက မြို့ထဲကျတာ။ ကံကောင်းတာက လူနေအိမ်ပေါ်တွေ မကျဘူး။ တရားရုံးဆိုလည်း အဲဒီနားလေး ကျတာပေါ့။ ကံကောင်းလို့ လက်နက်တွေက ကွက်လပ်တွေပေါ်ပဲ ကျတယ်။”

“လောင်းကစားရုံတွေကတော့ အကုန်လုံးလို့ ပြောတယ်။ သူတို့ပြောပုံအရဆို တရုံပဲ ကျန်တယ်တဲ့။ ရုံအသစ်ပေါ့နော်။ ဆယ်ရုံလောက်တော့ ရှိမယ်ဗျ။ ရုံအကြီးကြီးတွေပေါ့နော်။ ဝန်ထမ်း ၇၀၀၊ ၈၀၀ လောက်။ အဲဒီလိုမျိုး ရှိတဲ့ရုံက ဆယ်ရုံလောက်တော့ရှိမယ်။ ကျနော်တို့လည်း ဗမာတန်းဘက်နေတော့ အဲဒီဘက် အရောက်အပေါက်နည်းတော့ သေချာမသိဘူး။ သူတို့ကတော့ တရုတ်လိုနာမည်တွေတော့ ပြောတယ်။ ဘယ်ရုံ ဘယ်ရုံ ဆိုပြီးတော့ပေါ့။ မမှတ်ထားမိဘူး။”

ဟုတ်ကဲ့ ကျောင်းဆရာမတစ်ယောက်ကရော ဘယ်လိုဆုံးသွားတာလဲခင်ဗျ။

“ကိုးကန့်က စာသင်ကျောင်းတဲ့။ အဲဒီမှာ ဆရာတွေရှိတယ်။ တရုတ် ဆရာ၊ ဆရာမတွေ။ ၈ ယောက်လောက် ရှိတယ်။ အကုန်လုံး သတ်သွားတယ်လို့ ပြောတယ်။”

ဟုတ်ကဲ့။ ဆရာမတွေက မြန်မာဆရာမတယောက် သေတယ်။ ကျန်တာ ကိုးကန့်စာသင်တဲ့ ဆရာ၊ ဆရာမတွေပေါ့ အဲလိုလား

“ဗမာဆရာမတော့ မကြားဘူးဗျ။ ကိုးကန့်က တရုတ်စာသင်တဲ့ ဆရာ၊ ဆရာမတွေပေါ့။ တရုတ်ကျောင်းပေါ့။ မြန်မာဆရာမ မဟုတ်ဘူး။ တရုတ်၊ ကိုးကန့်စာတွေပဲ သင်တဲ့ ဆရာ၊ ဆရာမတွေ။ ၈ ယောက်လုံးတဲ့။ အကုန်သေတယ်။ နောက်ပြီးတော့ တရုတ်မော်တော်ပီကယ်ရုံးကလည်း ၈ ယောက်လုံး။ တယောက်မှ မရှင်ဘူး ပြောတယ်။"

တရုတ်မော်တော်ပီကယ်ရုံးဆိုတာ ဘယ်လိုမျိုးလဲ။

“တရုတ်မော်တော်ပီကယ်ရုံးဆိုတာ ဒီမှာ ကိုးကန့်ပေါ့ဗျာ။ ဒေသခံတွေ။ သူတို့ကလည်း ယူနီဖောင်းတွေဝတ်ပြီးတော့ အဲဒီလိုမျိုး။ မော်တော်ပီကယ်ပေါ့။ လမ်းတွေမှာ ဗမာ မော်တော်ပီကယ်တွေနဲ့ပေါင်းပြီးတော့ သူတို့က အလုပ်လုပ်တာလေ။ ၈ ယောက်လုံး တယောက်မှ မရှိတော့ဘူး။ အစုံပဲ။ နောက်ပြီး ရန်လုံကျိုင်းတဲ့၊ နယ်စပ်ထွက်ပေါက် ပိတ်တယ်လေ။ အဲဒီ ရန်လုံကျိုင်းမှာလည်း ဝင်ပစ်တာ။ ရဲ အယောက် ၂၀ လောက်ရှိတယ်။ သူတို့ လာဝိုင်းတာ ၇၀ လောက် ရှိတယ်လို့ ပြောတယ်။ ၂ ယောက်ပဲ ဒဏ်ရာရတယ်လို့ ပြောတယ်။"

ခုပြောပြတာတွေက ကိုယ်တိုင် တွေ့တာလား၊ တဆင့်စကား ကြားတာလား။

“ကိုယ်တိုင်တော့ မျက်မြင်မဟုတ်ဘူး။ တဆင့်ပြောတဲ့စကား ကြားတာ ပြန်ပြောပြတာ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013