DVB Logo
Home
Lead Story
ပစ်ခတ်ချိန် ကာစီနိုရုံတွင်း ပိတ်မိနေသည့် အမျိုးသမီးတဦး၏ ပြောပြချက်
DVB
·
March 7, 2017
ပစ်ခတ်ချိန် ကာစီနိုရုံတွင်း ပိတ်မိနေသည့် အမျိုးသမီးတဦး၏ ပြောပြချက်
Donate to DVB

ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့က မတ်လ ၆ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ဘက်ပစ်မှတ်တွေအပြင် ကာစီနိုလောင်းကစားရုံတွေကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လောက်ကိုင်မြို့ထဲက ကြယ်ငါးပွင့်အဆင့်ရှိ ကာစီနိုရုံ ပစ်ခတ်ခံရချိန် ရုံထဲမှာ ပိတ်မိနေတဲ့ မြို့ခံအမျိုးသမီးတဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာ ခုလိုစတင်ပြောပါတယ်။

“ညီမအလုပ်က လောင်းကစားရုံမှာလုပ်တာ မဟုတ်ဘူး။ သွားဆော့တာပါ။ ကြယ်ငါးပွင့်ဟိုတယ်ကြီးလေ၊ အဲဒီမှာ သွားဆော့တာ။ မနေ့က ကြယ်ငါးပွင့်ကို လက်နက်ကြီးကျတာ အကုန်လုံး အပြင်မှာ ကားအစီး ၂၀ တိတိ လုံးဝ မီးလောင်သွားတယ်။ အတွင်းထဲက ဘာမှမထိခိုက်ဘူး။ ဦးဝေစန်းရဲ့ လောင်းကစားဝိုင်းရော၊ ဟိုတယ်ရော ပျက်စီးတယ်။ ဦးဝေအဲရဲ့ လောင်းကစားဝိုင်းရော၊ လူတွေရော အကုန်လုံးပျက်စီးတယ်။ ဦးဝေအဲရဲ့ လောင်းကစားရုံက လူ ၆ ယောက် သေတယ်။ သူတို့အစောင့်တွေရော အကုန်လုံးသေတယ်။ နောက်ပြီးတော့ ဦးဝေစန်းရဲ့ရုံက အောက်ထပ်မှာ အကုန်ပျက်စီးတယ်။ ဖူဂျီနိုက်မှာ လုံးဝ မပျက်စီးဘူး။"

ဟုတ်ကဲ့။ အဲဒီနေ့က စပြီးဖြစ်တဲ့အချိန်မှာ ညီမ လောင်းကစားရုံထဲမှာ ရှိတယ်ပေါ့။

“ကျမတို့ စပြီးဖြစ်တဲ့အချိန်မှာ ရှိတယ်။ အပြင်ဘက်မှာ ပစ်နေတော့ လောင်းကစားရုံထဲကို ဖုန်းဆက်လာတယ်။ ဖုန်းဆက်လာတော့ အပြင်မှာ ပစ်နေပြီ။ ကျမတို့ အပြင်ထွက်လို့ မရတော့ဘူး။ ကျမတို့ အဲဒီကြယ်ငါးပွင့်ဟိုတယ်မှာ ပိတ်မိနေတာပေါ့နော်။ အပြင်မှာ ပစ်ကြတယ်ဆိုတော့ ကျမတို့လည်း အပြင်မထွက်ရဲတော့ဘူးလေ။ မနက်မိုးလင်း ထွက်တဲ့အချိန်မှာ ကားအစီး ၂၀ က မီးလောင်နေတယ်လေ။"

အဲဒီတုန်းက ကြုံတွေ့ခဲ့တဲ့ အခြေအနေလေး ပြန်ပြောပြပါဦး။ သူတို့က ဟိုတယ်ထဲကို ဝင်လာလား။

“ကျမတို့ ကြယ်ငါးပွင့်ဟိုတယ်ကို မဝင်လာဘူး။ အပြင်မှာ ပစ်နေပြီ၊ တယောက်မှ မထွက်ဘဲနေပါဆိုတော့ အေးအေးဆေးဆေး ထိုင်တဲ့အချိန်မှာ အပြင်မှာက တောက်လျှောက် လက်နက်ကြီးကျလာတာလေ။ အကုန်လုံး ဝရုန်းသုန်းကား ဖြစ်သွားတာပေါ့နော်။ အဲဒီအချိန်မှာ လက်နက်ကြီး ဆယ်လုံးလောက်ကျတယ်။ ရန်သူတယောက်မှ ဝင်မလာဘူး။ မနက်မိုးလင်းတော့ ထွက်တဲ့အချိန်မှာ အပြင်မှာ ကားအစီး ၂၀ လုံးက မီးလောင်နေပြီ။ မီးလောင်ပြီး ငြိမ်းသွားတဲ့ကားတွေရယ်၊ လောင်လက်စ ကားတွေရယ်။ ကြယ်ငါးပွင့်ဟိုတယ်ရှေ့မှာ ကားအစီး ၂၀ လောက်ရှိတယ်လေ။ ဦးဝေစန်းရဲ့ ဟိုတယ်က အောက်ပိုင်းရော အပေါ်ပိုင်းရော စုတ်ပြတ်သွားတယ်။ ဦးဝေအဲရဲ့ဟိုတယ်က ဖဲဝိုင်းက လုံးလုံးစုတ်ပြတ်သတ်သွားပြီး လူ ၆ ယောက် သေတယ်။ အလောင်း ၃ လောင်းက ပိုင်ရှင်ရှိပြီးတော့ ပိုင်ရှင်က လာသိမ်းသွားတယ်။ ကျန်တဲ့အလောင်း ၃ လောင်းကတော့ ကယ်ဆယ်ရေးအဖွဲ့ကနေ အသုဘချပေးတယ်။”

ညီမရှိတဲ့ဟိုတယ်ရဲ့ဘေးနားမှာ ရဲစခန်းတို့၊ စစ်တပ်တို့ အဲဒီလို လက်နက်ကိုင်အဆောက်အဦတွေရော ရှိလား။

“မရှိဘူး။ ကြယ်ငါးပွင့်ဟိုတယ်ဘေးမှာ ဘာမှမရှိဘူး။ သူတို့ အဆောက်အဦတွေပဲ ရှိတယ်လေ။ ကျန်တာ ဘာမှမရှိဘူး။”

အဲဒါဆို ဒီဟိုတယ်ကိုပဲ တမင်သက်သက် ပစ်တယ်ဆိုတဲ့သဘော သက်ရောက်သလား။

“ဟိုတယ်ကိုပစ်တယ်ဆိုရင် ကျမတို့ အထဲထဲမှာ ရှိတာလေ။ တကယ်လို့ ဟိုတယ်ကို ပစ်တာဆိုရင် ကျမတို့အကုန်လုံးပါမယ်။ အခုဟာက ဟိုတယ်ကို မပစ်မိဘဲနဲ့ အပြင်ကကားတွေကိုပဲ ပစ်တယ်။ ဟိုတယ် လုံးဝမပျက်စီးဘူး။ ပျက်စီးသွားတာက ဖူဂျီလိုက်ရယ်၊ ထိပ်တန်းရယ်၊ အဲဒီ ဆောင်းဟုန်း ဒီဘက်ကဟာတွေပဲ ပျက်စီးတာလေ။ ကျမတို့ ဒီဘက် ကြယ်ငါးပွင့်က လုံးဝ မပျက်စီးဘူး။ ကားအစီး ၂၀ ပဲ ပျက်စီးသွားတာ။”

ပစ်တာက ဟိုတယ်ကို ပစ်တာ။ ကားတွေကို ထိသွားတဲ့သဘောပေါ့။

“ဟုတ်တယ်။ ကျမတို့ ကံကောင်းတာ။”

ဘယ်အချိန်လောက်က စပစ်တာလဲ။

“မနက်ခင်း ၂ နာရီမှာ ကြယ်ငါးပွင့်ဟိုတယ်ကြီးကို စပစ်တယ်။ ဟိုဘက်မှာက ည ၁၂ နာရီလောက်ကတည်းက ပစ်နေတယ်။”

ပစ်ခတ်သံတွေ ဘယ်အချိန်ထိ ကြားရလဲ။ ဘယ်အချိန်မှ အသံစဲသွားလဲ။

“မနက် ၅ နာရီခွဲမှ ပစ်ခတ်သံတွေ စဲတာပဲ။ အဲဒါတောင်မှ ဟိုးဘက် မြို့ပြင်ဘက်မှာ ၈ နာရီအထိ ပစ်နေတယ်။ ကျမတို့ရဲ့ မြို့တွင်းမှာကတော့ မနက် ၅ နာရီခွဲလောက်မှာ ပစ်ခတ်သံတွေ ငြိမ်သွားပြီ။”

ဒါဆို ညီမကရော ဒီမြို့ထဲမှာပဲ နေနေတာပေါ့။ ရှောင်ပြေးဖို့ ရှိမလား။

“မပြေးတော့ပါဘူး။ အခု ဒီညကို အခြေအနေကြည့်မယ်။ ဒီညမှ မြို့ထဲမှာ လုံးလုံးပစ်ခတ်တယ်ဆိုရင်တော့ နေလို့မရဘူးလေ။ မနက်ဖြန် ပြန်မယ်ပေါ့နော်။ အကယ်၍ ဒီညမှာ အခြေအနေကောင်းတယ်ဆိုရင်တော့ မပြန်တော့ဘူး။ သွားသွားလာလာ အလုပ်ရှုပ်တယ်လေနော်။ ဟိုတခါလည်း တခါ ပြေးပြီးသွားပြီလေ။"

အခုလို ညီမတို့ကိုယ်တိုင် အပစ်ခံခဲ့ရတယ်လို့ပဲ ပြောရမှာပေါ့။ အဆောက်အဦကို ပစ်တယ်ဆိုတော့။ အဲဒီအပေါ်မှာရော ညီမ ဘာများပြောချင်လဲ။

“ကျမတို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကံကောင်းတယ်။ သူတို့က အဓိက အုပ်ချုပ်ရေး ဘာမှ မလုပ်ဘူးပေါ့နော်။ ဦးဝေစန်းတို့၊ ဦးဝေအဲတို့၊ ဖူဂျီလိုက်က လျိုအားပေါင်တို့ကိုပဲ ဦးစားပေးပြီး လုပ်သွားတယ်လို့ ကျမထင်တယ်။ တကယ်လို့ လုပ်ချင်တာဆိုရင် ကျမတို့ဟိုတယ်က ဘယ်လိုပဲဖြစ်ဖြစ် ပါမှာလေ။ မီတာလေး နည်းနည်းတိုးလိုက်တာနဲ့ ဟိုတယ်ကြီးကို လုံးဝကျမှာပဲ ဟုတ်တယ်မလား။ သူတို့ မီတာလျှော့တဲ့အတွက် နည်းနည်းပါးပါး ခြောက်လှန့်တဲ့သဘောပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အကယ်၍ ကြယ်ငါးပွင့်ဟိုတယ်ကြီးကို ပစ်ချင်တယ်ဆိုရင်တော့ မီတာနည်းနည်းတိုးလိုက်ရင် အမြောက်တန်းကျတယ်လေ။ အခုဟာက မီတာမှမတိုးတာ။ အပြင်က ကားတွေပဲ ဖြစ်တယ်။ ဒါ သူတို့ သိပ်ပြီးတော့ ထိခိုက်အောင် မလုပ်လောက်ဘူး။ ဦးဝေစန်းတို့၊ ဦးဝေအဲတို့၊ လျူအက်ပေါင်တို့ပဲ အဓိကထားပြီး လုပ်သွားတာ နေမှာပေါ့။ ကျမကတော့ အဲဒီလိုပဲ ယူဆတာပဲ။ ကျမကတော့ လက်တွေ့မြင်ခဲ့တော့ အဲဒီလိုပဲ ယူဆတယ်။"

ဟုတ်ကဲ့ပါ။ ကျေးဇူးပါခင်ဗျ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013