DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအစိုးရလက်ထက် သတင်းလွတ်လပ်ခွင့် ဆုတ်ယုတ်လာ
DVB
·
March 7, 2017
အန်အယ်လ်ဒီအစိုးရလက်ထက် သတင်းလွတ်လပ်ခွင့် ဆုတ်ယုတ်လာ
Donate to DVB

 

လက်ရှိ အန်အယ်လ်ဒီအစိုးရသစ် လက်ထက်မှာ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းရယူခွင့်တွေ ဆုတ်ယုတ်လာတယ်လို့ ပြည်တွင်းက သတင်းသမားတွေက သုံးသပ်ပြောဆိုလိုက်ပါတယ်။

လာမယ့် ဧပြီလဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာလွှဲပြောင်းရယူတာ ၁ နှစ်ပြည့်ပြီ ဖြစ်ပြီး စတင်အာဏာလွှဲပြောင်းရယူတုန်းက သတင်းလွတ်လပ်ခွင့်နဲ့ သတင်းရယူခွင့်တွေ ပိုမိုရရှိ လာမယ်လို့ သတင်းသမားတွေက မျှော်လင့်ခဲ့ကြတာပါ။

ကြံ့ခိုင်ရေး ပါတီအစိုးရလက်ထက်နဲ့ နှိုင်းယှဉ်ရင် လက်ရှိအစိုးရလက်မှာ သတင်းရယူခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေဟာ ဆုတ်ယုတ်တဲ့ဘက်ကိုတောင် ရောက်လာတယ်လို့ သတင်းသမားတွေ က သုံးသပ်ပြောပါတယ်။

မြန်မာသတင်းပညာသိပံ္ပ သင်တန်းဒါရိုက်တာ ဦးစိန်ဝင်းက “ပိုပြီးတော့ ကောင်းလာလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဘယ်လို အကြောင်းကြောင်းတွေကြောင့်လည်း မသိဘူး။ ဒီ Access to Information (သတင်းရယူပိုင်ခွင့်) က ပိုပြီးတော့ နည်းသွားတယ်။ ဒါ အမှန်ပဲ။ ဒီပြန်ကြားရေးတင် မကဘူး။ တခြား တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်တွေနဲ့ပတ်သက်ပြီးတော့ Information ရတယ်ဆိုတဲ့ဟာ၊ ဒီအစိုးရအဖွဲ့တွေနဲ့ ရတယ်ဆိုတာမှာလည်း တော်တော်လေးကို အကန့်အသတ် ဖြစ်တယ်။ ဥပမာ မန္တလေးလိုမျိုး။ အစောပိုင်းမှာတော့ မန္တလေးတိုင်းဝန်ကြီးချုပ်က တော်တော် တက်တက်ကြွကြွပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ သူ့ဟာသူကိုပဲ မီဒီယာတွေကို ရှောင်တာ ဖြစ်လာတယ်။ အများစုပဲ။ ရန်ကုန်မှာလည်း ဒါမျိုးတွေ ဖြစ်တယ်” လို့ ပြောပါတယ်။

ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက ပြန်ကြားရေးဝန်ကြီးဌာနဟာ သတင်းမီဒီယာတွေနဲ့ အပြန်အလှန် ဆက်သွယ်မှုအားကောင်းခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကလည်း မီဒီယာ တွေနဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ထက်မှာတော့ အခြေအနေတွေ ပြောင်းပြန်ဖြစ်ကုန်တယ်လို့ သတင်းသမားတဦးက ဝေဖန်ပါတယ်။

မော်ကွန်းမဂ္ဂဇင်း သတင်းထောက် ကိုကျော်လင်းထွန်းက “ဦးရဲထွဋ်နဲ့ကတော့ တော်တော်လေး ကို၊ ဥပမာ ဖေ့စ်ဘွတ်ပေါ်မှာပဲဖြစ်ဖြစ်၊ ဖုန်းဆက်တာပဲ ဖြစ်ဖြစ် တော်တော်လေးကို ပြည်ထောင်စု အဆင့် ဝန်ကြီးတစ်ယောက်နဲ့ သတင်းမီဒီယာတွေနဲ့က အချိန်မရွေး ထိတွေ့ဆက်ဆံလို့ ရတယ်ပေါ့နော်။ အခုဟာကတော့ အန်ကယ်ဦးဖေမြင့်ရဲ့ Facebook Official Page တောင်မှ ဘယ်ဟာလဲ ကျနော်တို့ မသိဘူးပေါ့နော်” လို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမီဒီယာကောင်စီအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အစည်းအဝေး နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး သတင်းလွတ်လပ်ခွင့် ပိုရလာဖို့ တိုက်တွန်းမှုတွေ ပြုလုပ်နေ တယ်လို့တော့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးသီဟစောက ပြောပါတယ်။

“သတင်းရယူခွင့်က ကြည့်လိုက်ရင် ထင်သလောက် လွယ်ကူမလာဘူး။ အဖုအထစ်တွေ များတယ်။ အဲဒီ များတာ ဘာကြောင့်လဲဆိုပြီးတော့ ထိပ်တိုက်တွေ့ပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာန ပါတယ်၊ ပြန်ကြားရေးဝန်ကြီးလည်း ပါတယ်။ နောက် ဌာနဆိုင်ရာ ဝန်ကြီးဌာနအကုန်လုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ အကုန်လုံးနီးပါး ပါတယ်။ အဲဒါမျိုး နှစ်ကြိမ်လုပ်တဲ့အခါမှာတော့ နည်းနည်းလေး လမ်းစအဖြေကို တွေ့တယ်ပေါ့နော်။”

သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ဦးသိန်းစိန်အစိုးရ လက်ထက်က စာပေစိစစ်ရေး ဖျက်သိမ်းလိုက်တာတွေ သတင်းသမားတွေနဲ့ ပြေလည်အောင် ဆက်ဆံခဲ့တာတွေကြောင့် နိုင်ငံတကာအညွှန်းကိန်းတွေမှာ အပေါင်းလက္ခဏာ ဆောင်ခဲ့ပါတယ်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေးကို အရင်အစိုးရထက် ကောင်းမွန်အောင် မတည်ဆောက်နိုင်ခဲ့တဲ့အတွက် အခုလို ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013