
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ တုံ့ပြန်မှုက ထင်ထားသလောက် အားရစရာ အခြေအနေမှာ မရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက မတ်လ ၇ ရက်က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ ပြောပါတယ်။
လစ်လပ်မဲဆန္ဒနယ်မြေ ၁၉ နေရာအတွက် ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းတွေကို လာရောက်ကြည့်ရှုသူ ၁၂ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် အရမ်းနည်းပါးတယ်လို့ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲက ပြောလိုက်တာပါ။
ပထမအကြိမ် မဲစာရင်းကပ်ရာမှာ မှားယွင်း ပြင်ဆင် ကန့်ကွက်တာတွေအပေါ် ပြန်လည်ပြင်ဆင်ထားတဲ့ ဒုတိယအကြိမ် မဲစာရင်းကိုတော့ မတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လာရောက်ကြည့်ရှုဖို့ကို အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းကူညီဖို့ ကော်မရှင်က တိုက်တွန်းပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအကြား အားလုံးပါဝင်တဲ့ မဲဆန္ဒရှင် အသိပညာပေးခြင်းဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အစည်းအဝေးကိုတော့ မတ်လ ၇ ရက်က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။











