
စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ မော်လိုက်ကလေးအကျဉ်းထောင်ထဲမှာ မတ်လ ၅ ရက်နေ့က ဘိန်းဖြူ မူးယစ်ဆေးဝါးရောင်းချသူ ထောင်ဝန်ထမ်း ၁ဦးနဲ့ သုံးစွဲသူ အကျဉ်းသားအချို့ကို ဖမ်းဆီးမိခဲ့တယ်လို့ ကလေးမြို့မ ရဲစခန်းက သိရပါတယ်။
ထောင်တာဝန်ခံ လက်ထောက်ညွှန်မှူး ဦးစီးအဖွဲ့ဟာ အကျဉ်းထောင်အတွင်း ရှောင်တခင်ရှာဖွေခဲ့ရာကနေ အကျဉ်းသားအိပ်ဆောင်(၁)က အကျဉ်းသားတဦးဆီကနေ ဘိန်းဖြူ မူးယစ်ဆေးဝါးတွေ့ခဲ့တာပါ။
အကျဉ်းသားဝတ်ဆင်ထားတဲ့ အနွေးထည်အင်္ကျီအိပ်ထဲက ပလပ်စတစ်ဗူးငယ်အတွင်း စက္ကူအထုပ်အသေးတွေနဲ့ ထုပ်ထားတဲ့ ဘိန်းဖြူ ၂၈ ထုပ်၊ စုစုပေါင်းအလေးချိန် ၂.၂၄ ဂရမ်ခန့် တွေ့ရှိ သိမ်းဆည်းမိခဲ့တာလို့ ကလေးမြို့မရဲစခန်းကပြောပါတယ်။
မူးယစ်ဆေးမိတဲ့ အကျဉ်းသားကို ဆက်လက် စစ်ဆေးရာကနေ တအိပ်ဆောင်တည်းနေ အကျဉ်းသား ၂ ဦးတို့ထံဆီကနေ ရရှိတယ်လို့ ထွက်ဆိုခဲ့တဲ့အတွက် ကွင်းဆက်တွေကို စစ်ဆေး ဖော်ထုတ်ရာ အကျဉ်းသား ၂ ဦးက ထောင်ဝန်ထမ်း ဒုတပ်ကြပ်တဦးထံမှ ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။
အဲ့ဒီနောက် အကျဉ်းထောင်ဝန်ထမ်း ဒုတပ်ကြပ်ကို စစ်ဆေးရာ မတ်လ ၁ ရက်နေ့က ကလေး အကျဉ်းထောင်ထဲကို ၄င်းဝတ်ဆင်ထားတဲ့ အကျဉ်းဦးစီးတံဆိပ်ပါ တောဆောင်းပြောက်ကျား ဦးထုတ် အတွင်းဘက် ချုပ်ရိုးအတွင်း ဝှက်သိမ်းယူဆောင်ကာ အိပ်ဆောင်(၁)မိလ္လာမှာ တွေ့ရှိရတဲ့ အကျဉ်းသား ၂ ဦးထဲမှ တဦးကို ကျပ်ငွေ ၃၀၀၀၀ နဲ့ ရောင်းချပေးအပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးတွေကို အကျဉ်းထောင်အတွင်း ယူဆောင်လက်ဝယ်ထားရှိတဲ့ အကျဉ်းသား စံကျွန်း၊ အောင်သီဟ၊ အောင်လင်းမိုးတို့ ၃ ဦးနဲ့ မော်လိုက်ကလေးအကျဉ်းထောင်ဝန်ထမ်း ဒုတပ်ကြပ်ကျော်စွာတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မနဲ့ အမှုဖွင့် အရေးယူထားပါတယ်။
မင်းရဲစစ်နိုင်











