DVB Logo
Home
မြန်မာသတင်း
အရက်ချက်စက်ရုံများ စည်းကမ်းမဲ့ ရေဆိုးစွန့်ပစ်ခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
DVB
·
March 6, 2017
Donate to DVB

အရက်ချက်စက်ရုံတွေ စံချိန်စံညွှန်းနဲ့အညီ ရေဆိုးစွန့်ပစ်ခြင်း ရှိ၊ မရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက ကွင်းဆင်းစစ်ဆေးနေကြပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ အရက်ချက်စက်ရုံ ၉ ရုံရှိပြီး နိုင်ငံတကာနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ညီညွတ်မှု ရှိ၊ မရှိ လိုက်လံ စစ်ဆေးနေကြတာပါ။

မတ်လ ၅ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မှော်ဘီမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာပြည်ရဲ့ အကြီးဆုံး Grand Royal အရက်ချက်စက်ရုံကို စစ်ဆေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက “ဒီကလွှတ်တဲ့ လိမ်ကုန်းချောင်းကိုလည်း ကျနော်တို့ အမြဲစစ်ဆေးနေတယ်။ ထွက်သွားတဲ့ လိမ်ကုန်းချောင်းမှာ တခုခုဖြစ်မယ်ဆိုရင် ဒါ မသန့်ရှင်းဘူးလို့ ကျနော်တို့ ဒီလိုပဲ ပြောလို့ရတာလေ။ ဒါကတော့ လက်ရှိ အခြေအနေ အားလုံးကောင်းတယ်” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်ထွန်းက “ဒီအရက်ချက်စက်ရုံတွေဟာ ရေဆိုးတွေ အများဆုံးထွက်ပါတယ်။ ပြီးရင် ဒါက ပတ်ဝန်းကျင်ကို အတော်ထိခိုက်ပါတယ်။ စီးပွားရေးလုပ်တာမှန်ပေမယ့် ဒီစီးပွားရေးပေါ်မှာ မိမိတဦးတည်းရဲ့ လိုဘကြောင့် အများပြည်သူ ထိခိုက်တာမျိုးကိုတော့ ရှောင်ကြဉ်ပါ၊ သေချာလိုက်နာပါ။ နောက်ပြီးတော့ ၂၀၁၄ မှာ ဒီဥပဒေဟာ ပြဋ္ဌာန်းပြီးသားပါ။ ဥပဒေမှာ အတိအကျ ပါပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းက ရွှေပြည်သာမြို့နယ်မှာ အရက်ချက်စက်ရုံ အများဆုံးရှိနေတာဖြစ်ပြီး လေထု၊ ရေထု ညစ်ညမ်းမှုနဲ့ အနံ့ဆိုးထွက်ရှိမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂရန်းရွိုင်ရယ် (Grand Royal) အရက်ချက်စက်ရုံကလည်း စက်ရုံ စတည်ထောင်စဉ်က ဒေသခံရွာတွေ အနံ့ဆိုးနံပြီး တိုင်ကြားခဲ့တဲ့အတွက် စက်ရုံပိတ်သိမ်းမှု ယာယီပြုလုပ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ရေဆိုးနဲ့ အညစ်အကြေး သန့်စင်တဲ့စနစ်အတွက် အမေရိကန်ဒေါ်လာ ၂ သန်း အသုံးပြုထားတယ်လို့ ပြောပါတယ်။

ဂရန်းရွိုင်ရယ် အရက်ချက်စက်ရုံ စက်ရုံမှူး ဦးစိုးမိုးက “ကျနော်တို့ စီမံကိန်းစခဲ့တဲ့ ၂၀၁၂ ကနေ ၂၀၁၄ အတွင်းမှာ စီမံကိန်း ပထမအဆင့်မှာ ကျနော်တို့ မအောင်မြင်ခဲ့ပါဘူး။ အဲဒီအချိန်တုန်းကတော့ အနံ့ဆိုးထွက်ရှိမှုတွေ ရှိခဲ့ပါတယ်။ ကျေးရွာတွေကလည်း အနံ့ဆိုးတွေ ထွက်ရှိတဲ့အကြောင်း ကျနော်တို့ကို ကွန်ပလိန်းတွေ လာခဲ့ပါတယ်။ အဲဒါကြောင့် ၂၀၁၄ မှာ ဒုတိယစီမံကိန်းကို ကျနော်တို့ စခဲ့ပါတယ်။ ၂၀၁၄ အောက်တိုဘာမှာ စခဲ့ပြီးမှ တနှစ်စီမံကိန်းပေါ့။ ၂၀၁၅ ဒီဇင်ဘာမှာ ပြီးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အနံ့ဆိုးထွက်ရှိမှုကို ကျနော်တို့ ထိန်းသိမ်းနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းက စံချိန်စံညွှန်းနဲ့မညီဘဲ ရေဆိုးစွန့်ပစ်တဲ့ အရက်ချက်စက်ရုံတွေကို ပိတ်သိမ်း အရေးယူဖို့အတွက် ၂၀၁၆ ဒီဇင်ဘာ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ အတည်ပြုခဲ့တာပါ။

အရက်ချက်စက်ရုံတွေရဲ့ အညစ်အကြေးစွန့်ပစ်မှုနဲ့ ပတ်သက်ပြီး မတ်လ ၃ ရက်နေ့ကလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ အရက်ချက်စက်ရုံ လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013