DVB Logo
Home
မြန်မာသတင်း
တရားမဝင်မြစ်ကျောက်စုပ်လုပ်ငန်းကြောင့် မြစ်ကမ်းပါးပြို၊ အိမ်ခြေ ၁၄၀ ခန့် အခက်အခဲဖြစ်
DVB
·
March 6, 2017
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ဧရာဝတီမြစ်အတွင်း မြစ်ကျောက်စုပ် ထုတ်လုပ်နေတာကြောင့် မြစ်ကမ်းပါးများ ပြိုကျပြီး လူနေအိမ်များ ပြောင်းရွှေ့နေထိုင်ဖို့ အခက်အခဲများ ဖြစ်ပေါ်နေပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြတောင်းဆိုထားပေမယ့် အကူအညီ ထောက်ပံ့မှုမရရှိဘူးလို့ အဖျောက်မြို့ဒေသခံများက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ အပိုင်ပန်းတုန်းပိတ်ကျေးရွာမှာဆို တဖြည်းဖြည်းနဲ့ ကမ်းပြိုလာတာ မနည်းတော့ဘူး။ အိမ်တွေလည်း ရွှေ့နေရပါတယ်။ အခုဆို ၂၀၁၅ ခုနှစ်ထဲကစပြီး ကမ်းပြိုလို့ ရွှေ့ရတဲ့ အိမ်ခြေ ၉၀ ကျော်ပြီး ကျနော်တို့ရွာရဲ့ ဟိုဘက် အေးရွာမှာဆိုရင်လည်း အခုလို ကမ်းပြိုလို့ ပြောင်းရတဲ့အိမ်ခြေ မနည်းတော့ဘူး။ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို တင်ပြထားပါတယ်။ သူတို့က လာတော့ကြည့်ပါတယ်။ ပြီးတော့ ပြန်သွားတာပဲရှိတယ်။ ဘာမှလာမလုပ်ပေးပါဘူး။ မြစ်ကမ်းပါးကတော့ အခုထိလည်း ဆက်ပြိုနေတုန်းပါပဲ။ ပြောင်းရမယ့်အိမ်တွေကလည်း ရှိနေပါတယ်။ အခုလို တရားမဝင် ကျောက်စုပ်နေသရွေ့တော့ ကမ်းပါးက ထပ်ပြိုနေမှာပါ” လို့ အဖျောက်မြို့ ပန်တုန်းပိတ်ကျေးရွာအုပ်ချူပ်ရေးမှူး ဦးနိုင်ဦးက ပြောပါတယ်။

“အခုဆို ကျနော့်အိမ်လေးလည်း ကမ်းပြိုလို့ ဖျက်လိုက်ရပါတယ်။ နေစရာမရှိလို့ လမ်းဘေးမှာ ပြန်ဆောက်နေရပါတယ်။ ဒါပေမယ့် ကမ်းက တဖြည်းဖြည်းပြိုလာတော့ ထပ်ရွှေ့ရဦးမှာပါ။ ဘယ်ကိုရွှေ့ရမလဲ မသိသေးပါဘူး။ မြေဝယ်ဖို့ကလည်း မတတ်နိုင်ဘူးလေ။ လယ်မြေ ၁ ဧကကို ၁၅ သိန်းကျော် ပေါက်နေတော့ မဝယ်နိုင်ပါဘူး။ ကျနော့်လိုပဲ ပြောင်းရတဲ့အိမ်တွေ အများကြီးပါ။ တချို့က ညီအကိုမောင်နှမတွေ ခြံထဲ တောင်းနေရပါတယ်။ တချို့ဆို နေစရာမရှိလို့ သင်္ချိုင်းကုန်းထဲမှာ တဲထိုးပြီး နေကြပါတယ်။ အထက်ကလူတွေကတော့ လာတော့ကြည့်သွားတာပဲ။ ဘာမှတော့ လုပ်မပေးကြပါဘူး။ အခုဆို မြစ်ထဲမှာ ကျောက်စုပ်နေတာ နေ့ရောညပါ ဖြစ်နေပြီလေ။ တိုင်တော့လည်း ဘာမှဖြစ်မလာဘူး။ ဒီတရားမဝင်ကျောက်စုပ်နေသရွေ့တော့ ကမ်းတွေက ပြိုနေဦးမှာပါ။ ဒီလိုပဲ ကျနော်တို့လည်း နေစရာပျောက်နေရဦးမှာပါ” လို့ ပန်းတုန်းပိတ်ကျေးရွာမှ ပြောင်းရွှေ့နေထိုင်ရသူ ဦးခင်မောင်မြင့်က ပြောပါတယ်။

အဖျောက်မြို့မှာ ဧရာဝတီမြစ်အတွင်း တရားမဝင် မြကျောက်စုပ်ထုတ်လုပ်နေတာကြောင့် မြစ်ကမ်းပါးတွေ ဆက်တိုက်ပြိုကျပြီး ပန်းတုန်းပိတ်ကျေးရွာနဲ့ အေးရွာကျေးရွာတို့မှာ လူနေအိမ်ခြေတွေ ပြောင်းရွှေ့နေရာမှာ အုပ်ချူပ်ရေးပိုင်းမှ နေရာချထားပေးနိုင်ခြင်း မရှိတာကြောင့် အိမ်ခြေ ၁၄၀ ခန့်နဲ့ မိသားစုဝင်တွေ နေထိုင်စရာ အခက်အခဲများနဲ့ ရင်ဆိုင်နေရပြီး နောက်ထပ် ပြောင်းရွှေ့ရမယ့် အိမ်ထောင်စုများမှာလည်း နေစရာ အခက်အခဲများကြောင့် စိုးရိမ်မူများနဲ့ ကြုံတွေ့နေရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013