DVB Logo
Home
မြန်မာသတင်း
ကုန်းဘောင်မင်းဆက်အကြောင်း ထိုင်းဇာတ်လမ်းတွဲ ထုတ်လွှင်မှုရပ်တန့်ပေးရန် ထိုင်းပညာရှင်ပြော (ရုပ်သံ)
DVB
·
March 5, 2017
ကုန်းဘောင်မင်းဆက်အကြောင်း ထိုင်းဇာတ်လမ်းတွဲ ထုတ်လွှင်မှုရပ်တန့်ပေးရန် ထိုင်းပညာရှင်ပြော (ရုပ်သံ)
1 / 14
Donate to DVB

မြန်မာ့ ကုန်ဘောင်မင်းဆက်အကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ ထိုင်းရုပ်သံဇာတ်လမ်းတွဲဟာ မြန်မာလူမျိုးအချို့ကို ဒေါသထွက်စေတာကြောင့် ထုတ်လွှင့်မှုရပ်တန့်ပေးဖို့ မြန်မာ့သမိုင်း ကျွမ်းကျင်သူ ဆူဘဟာထရာဘူမိပရာဘ်ဟက်စ်က ပြောကြားလိုက်ပါတယ်။

ထိုင်းဘာသာနဲ့ “ပလန်ဖရာနန်” အင်္ဂလိပ်ဘာသာနဲ့ “A Lady’s Flames” လို့ အမည်ရတဲ့ ဒီရုပ်ရှင်ကားက မြန်မာလူမျိုးအချို့ကို ဒေါသဖြစ်စေတယ်၊ အဲဒီလူတွေက ဒီရုပ်ရှင်ကားဟာ ရှင်းရှင်းဖော်ပြထားခြင်း မရှိဘဲ မြန်မာယဉ်ကျေးမှုနဲ့ သမိုင်းကို မဆီလျော်တာတွေကို သုံးထားတယ်။ ၁၉ ရာစုနှစ် ကုန်းဘောင်မင်းဆက်ကို သရုပ်ဖော်ရာမှာ ပုံဆိုးပန်းဆိုးဖြစ်အောင် လုပ်ဆောင်ထားတယ်လို့ မတ် ၃ ရက်နေ့ Khao Sod သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

ဇာတ်လမ်းအတွင်းမှာ အဝတ်အစားတွေနဲ့ ဇာတ်လမ်းက မြန်မာနိုင်ငံ မန္တလေးမြို့မှာ ဖြစ်ပျက်ခဲ့တာမှန်ပေမယ့် ဒီရုပ်ရှင်ဇာတ်လမ်းက မြန်မာနိုင်ငံဆိုတာကို တိုက်ရိုက် ညွှန်းဆိုထားခြင်းလည်း မရှိဘူးလို့ သတင်းက ထုတ်ပြန်ခဲ့ပါတယ်။

“ဒီမင်းဆက်တွေရဲ့ သားစဉ်မြေးမြစ်တွေက မြန်မာနိုင်ငံမှာ သက်ရှိထင်ရှားရှိနေစဉ်မှာ ဒီလို အချစ်ဇာတ်လမ်းတွဲမျိုးကို ဖန်တီးမရိုက်ကူးသင့်ဘူးလို့ မြန်မာနိုင်ငံက လူတွေက ပြောပါတယ်။ အထူးသဖြင့် ဇာတ်လမ်းရဲ့ အဓိကကျောရိုးက မင်းတုန်းဘုရင်နဲ့ သီပေါဘုရင်တို့ရဲ့ မိဖုရားတွေကြောင့် မြန်မာနိုင်ငံ ကျဆုံးခဲ့ရတယ်ဆိုပြီး ပြစ်တင်ပြောဆိုထားတာကို မရိုက်ကူးသင့်ဘူး” လို့ မြန်မာ့သမိုင်း ကျွမ်းကျင်သူ ဆူဘဟာထရာဘူမိပရာဘ်ဟက်စ်က Matichon သတင်းဌာနကို မတ်လ ၃ ရက်နေ့က ပြောလိုက်ပါတယ်။

ဒီအချစ်ဇာတ်လမ်းတွဲက တော်ဝင်တွေကို သိက္ခာချချင်တာလားလို့လည်း မေးမြန်းလိုက်ပြီး မြန်မာတော်ဝင်တွေက ဆိုးဆိုးရွားရွား ဆက်ဆံပြုမှုခဲ့တာတွေကိုလည်း ဇာတ်လမ်းတွဲထဲမှာ ဖော်ပြထားတယ်လို့ ရေးထားပါတယ်။

ဒီလိုဝေဖန် ပြောဆိုနေပေမယ့် “ဒီဇာတ်လမ်းတွဲက မြန်မာနိုင်ငံနဲ့ မစပ်ဆက်ပါဘူး။ ပြီးတော့ ဒါက တကယ့်ကို စိတ်ကူးယဉ်ဇာတ်လမ်းပါ၊ ဇာတ်လမ်းထဲက အဝတ်အစားတွေနဲ့ ဇာတ်ဝင်ခန်း အပြင်အဆင်တွေကလည်း ဘယ်နိုင်ငံ ဒါမှမဟုတ် ဘယ်အချိန်ကာလ တခုကိုမှ ရည်ရွယ်ထားတာ မဟုတ်ဘူး” လို့ ဇာတ်လမ်းတွဲထုတ်လုပ်သူ ချီတရာလာဒါက ပြောလိုက်ပါတယ်။

အလားတူပဲ ခေါင်းဆောင်မင်းသမီးနေရာက သရုပ်ဆောင်တဲ့ ပက်ချရာပါက ဘယ်သူ့ကိုမှ စော်ကားတိုက်ခိုက်တာမျိုး မဖြစ်သင့်ပါဘူးလို့ ပြောလိုက်ပါတယ်။

“ဒီချစ်ဇာတ်လမ်းတွဲထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘာကိုမှ ရည်ညွှန်းထားတာ မရှိလို့ ကျမကတော့ ဘာမှ မစိုးရိမ်ပါဘူး။ ဒါကလည်း စိတ်ကူးယဉ်ချစ်ဇာတ်လမ်းတွဲပါ။ ဒီဇာတ်လမ်းတွဲနဲ့ အခြားတစ်ခုကို လူတွေ နှိုင်းယှဉ်နေတာကလည်း ကျမအထင် ရှောင်လွှဲလို့တော့ မရဘူးပေါ့လေ” လို့ မင်းသမီးက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကို ဆက်လက်မထုတ်လွှင့်ဖို့ ပြောတာနဲ့ ပတ်သက်ပြီး မင်းသမီးက “ဝေဖန်နေကြသလို တကယ်ဖြစ်နေလား၊ ကျမတို့ ဒီဇာတ်လမ်းတွဲကို ပြန်ကြည့်ပါတယ်။ ဒီအချစ်ဇာတ်လမ်းတွဲက တခုခုကို ရည်ညွှန်းသလို ဖြစ်နေရင်တော့ မပြသင့်ဘူးပေါ့။ ဒါပေမယ့် မဟုတ်နေတဲ့အတွက် ဒါက ဖျော်ဖြေရေးတခုပါပဲ” လို့ ဆက်ပြောပါတယ်။

“ဒီဇာတ်လမ်းတွဲဖန်တီးသူက အဝတ်အစားပုံစံတွေကို ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် ဇာတ်ဝင်ခန်းပုံတွေကိုတော့ လူတွေက ဒါက မြန်မာနိုင်ငံရဲ့ ပုံစံတွေလို့ပဲ မြင်နေကြဆဲပဲလေ၊ မှန်ပါတယ်၊ ဇာတ်လမ်းတွဲတွေမှာတော့ သမိုင်းဆိုင်ရာအချက်အလက်တွေကို ပြောင်းလဲပါတယ်။ ဒါပေမယ့် မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကိုလည်း နားလည်ပေးရပါမယ်။ ဒီကိစ္စတွေက အရမ်းကို ထိလွယ်ရှလွယ် ကိစ္စတွေပါ” လို့ မြန်မာ့သမိုင်းရေးရာ ကျွမ်းကျင်သူ ဆူဘဟာထရာက ပြောပါတယ်။

ဒီ ဇာတ်လမ်းတွဲကို စောင့်ကြည်ခဲ့တဲ့ ချင်းမိုင်က မခိုင်ခိုင်ကလည်း “ဇာတ်လမ်းထဲမှာ ဘုရင့်သမီးတော် လုပ်တဲ့သူတွေက ဘုရင်ရှေ့မှာ ဗြက်ပြဲကြီး နေချင်သလို နေထိုင်နေတာတွေ့ရတယ်။ မြန်မာဘုရင်တွေရှေ့မှာ အဲ့လိုတွေ မနေကြဘူးလေ၊ ဘုရင်ကို မော်ဖူးစေဆိုမှ ဖူးရတယ်” လို့ ပြောပါတယ်။

“Lady Flames” ရုပ်ရှင်ဇာတ်လမ်းတွဲကို ကန်တာနာအုပ်စုက ထုတ်လုပ်ခဲ့တာဖြစ်ပြီး ချန်နယ်လ် 7 မှာ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ ည ၈ နာရီခွဲတိုင်း ပြသတယ်လို့ သိရပါတယ်။

သတင်းနှင့်ရုပ်သံ - Khao Sod


 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013