DVB Logo
Home
မြန်မာသတင်း
လိင်တူဆက်ဆံမှုဖြင့် ဖမ်းဆီးခံထားရသည့် ကျောင်းအုပ်ကြီးနှင့်ပတ်သက်ပြီး ဆန္ဒပြ
DVB
·
March 4, 2017
လိင်တူဆက်ဆံမှုဖြင့် ဖမ်းဆီးခံထားရသည့် ကျောင်းအုပ်ကြီးနှင့်ပတ်သက်ပြီး ဆန္ဒပြ
Donate to DVB

ကျောင်းသားတွေကို လိင်တူဆက်ဆံခဲ့တယ်ဆိုပြီး အမှုဖွင့်ဖမ်းဆီးခံထားရတဲ့ ကျောင်းအုပ်ဆရာကြီး ဦးအောင်အောင်နဲ့ပတ်သက်လို့ မြောင်းမြမြို့မှာ မတ်လ ၃ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကျောင်းအုပ်ဆရာကြီးကို လုပ်ကြံဖန်တီးသိက္ခာကျအောင် လုပ်ဆောင်လို့ဆိုပြီး တိုင်ကြားခဲ့တဲ့ ဆရာဆရာမတွေကို အရေးယူပေးဖို့  ဆရာကြီးကို ယုံကြည်ထောက်ခံသူအချို့က တောင်းဆိုခဲ့ကြတာပါ။

“ဆရာကြီးက ဒီလိုမျိုးတွေ မရှိခဲ့ဘူးဆိုတော့ ဒီမှာလည်း ဖြစ်နိုင်စရာ မရှိဘူးလို့ ယုံကြည်ပါတယ်။ ဒီယုံကြည်ချက်နဲ့ပဲ ဆရာကြီး လုံးဝဖြစ်မှာ မဟုတ်ဘူးလို့လည်း ထင်တယ်ပေါ့နော်။ ဒါကြောင့် ယုံကြည်ချက်အပြည့်အ၀နဲ့ ဆရာကြီးက မှန်ကန်မှာပဲလို့ ယူဆတယ်။ မှန်ကန်တဲ့အတိုင်းလည်းဖြစ်အောင်လို့ အကုန်လုံးက ပူးပေါင်းပြီး ဆောင်ရွက်ကြတာ ဖြစ်တယ်။” လို့ အထက်တန်းပြ ဆရာမ ဒေါ်ဇာခြည်နွယ်က ပြောပါတယ်။

ကဝက်ကျေးရွာ အခြေခံပညာ အထက်တန်းက ကျောင်းအုပ်ဆရာကြီးဟာ အရင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြို့ပေါ်မှာလာဖြေတဲ့အချိန်မှာ ကျောင်းသားအချို့ကို သူနဲ့အတူ ခေါ်အိပ်ခဲ့ပြီး ညအချိန်မှာ လိင်ပိုင်းဆိုင်ရာ အလိုမတူဘဲ ပြုကျင့်ခဲ့တာဖြစ်တယ်လို့ဆိုပြီး ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက ကျောင်းသား ဟောင်းတဦးက မြောင်းမြမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြား ထားပြီး ဖမ်းဆီးစစ်ဆေးနေပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ သူ့ကိုလျှော့ပေးလိုက်မယ်ဆိုရင် နောက်တက်လာမယ့် လူငယ်တွေနဲ့ သူ့ကြောင့် ပန်းခေါင်းအညွန့်ချိုးသလို ဖြစ်မှာစိုးလို့ တရားစွဲတာ။” ပါလို့ အမှုဖွင့် တိုင်းကြားသူက ပြောပါတယ်။

ကျောင်းသားမိဘအချို့ကတော့ ကျောင်းသားတွေစာမေးပွဲနီးချိန်မှာ အခုလိုဖြစ်တဲ့အတွက် စာမေးပွဲအတွက် ထိခိုက်နစ်နာမှုတွေရှိတာကြောင့် အခုလိုဆန္ဒ ထုတ်ဖော်ရတာဖြစ်တယ်လို့ပြောပါတယ်။

“သူတို့စတိုင်လိုက်ကတည်းက အဲဒီမှာ စစ်ဆေးရေးတွေဝင်တယ်။ အချိန်ပေးရမယ့် ဆရာ၊ ဆရာမတွေကလည်း အဲဒီ စစ်ဆေးတဲ့ဘက်ကို သွားနေရတော့ စာသင်ချိန်လည်း ထိခိုက်တယ်။ နောက်ပြီးတော့ ကလေးတွေကလည်း ဆရာကြီးမရှိဘူး ဆရာ၊ ဆရာမတွေကလည်း ဟိုသွားရ ဒီသွားရဆိုတော့ သူတို့စာသင်ချိန်အတွင်း စာမသင်ရတဲ့အတွက် စာမေးပွဲအတွက် ထိခိုက် နစ်နာပါတယ်။” လို့ ကျောင်းသားမိဘတဦး ဖြစ်သူ ဒေါ်သင်းသင်းအေးက ပြောပါတယ်။

ကျောင်းအုပ်ဆရာကြီးကို  ကျောင်းသားတွေကို လိင်တူဆက်ဆံတာ၊ ဘော်ဒါတခု စာအုပ်တွေကို ရောင်းချတာ ကျောင်းတံဆိပ်ရောင်းချတာ၊ စာမေးပွဲကြေးကောက်ခံတာ၊ ရန်ပုံငွေအလွဲသုံးစားပြုလုပ်တယ်ဆိုပြီး ဆရာ၊ ဆရာမ ၅ ဦးက တိုင်းကြားထားတာပါ။

ဒါနဲ့ပတ်သက်လို့ ဌာနဆိုင်ရာစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး စစ်ဆေးချက်အရ တိုင်ကြားထားတာတွေ မှန်ကန်ကြောင်း သုံးသပ်ပြီး ရာထူးကနေ ယာယီိရပ်ဆိုင်းထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၀န်ထမ်းအဖြစ်က ထုတ်ပယ်ဖို့နဲ့ ငွေကြေးအလွဲသုံးစား ကိစ္စအတွက် ပညာရေးဝန်ကြီးဌာနက အက်ဖ်အိုင်အာရ် ဖွင့်ပြီး တရားစွဲဆိုသင့်ကြောင်း သုံးသပ်ထားပြီး ပြည်ထောင်စုကို ဆက်လက်တင်ပြသွားမယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013