DVB Logo
Home
မြန်မာသတင်း
ရပ်ကျေးအုပ်ချုပ်ရေးမှူးအား တာဝန်မှရပ်စဲသည့်အပေါ် မကျေနပ်၍ ဒေသခံများ ဆန္ဒပြ
DVB
·
March 3, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး စစ်ကုန်းကျေးရွာမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ကြီးကြပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ဖို့ အမိန့်ကို ကျေနပ်မှုမရှိတဲ့ ကျေးရွာနေပြည်သူ ၄၀၀ ခန့်က မတ်လ ၃ ရက် မနက် ၁၁ နာရီအချိန်ခန့်က ဆန္ဒပြခဲ့ကြပါတယ်။

“ကျနော်တို့ အခုလို ဆန္ဒထုတ်ဖော်ရခြင်းက ကျေးရွာအပေါ်မှာ ပြည်သူနဲ့တသားတည်းဖြစ်တဲ့ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးမှူးကို ခုလို တာဝန်က ရပ်စဲတဲ့အပေါ်မှာ မကျေနပ်ဘူး။ တိုင်းဒေသကြီးက ထုတ်ပြန်တဲ့အမိန့်ပဲလို့ ကြားသိခဲ့ရတဲ့အတွက် ကျနော်တို့က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဖို့သွားတယ်။ စာနဲ့လည်း တင်ပြတယ်။ ဒါကို ကျနော်တို့ တွေ့ခွင့်မရရှိခဲ့ဘူး။ ဒါကြောင့် ကျနော်တို့ဟာ တိုင်းဒေသကြီးအစိုးရရဲ့အမိန့်ကို ပြန်လည်မရုပ်သိမ်းမချင်း ကျနော်တို့ကတော့ အင်အားရှိသလောက် ဆန္ဒထုတ်ဖော်နေမှာပါပဲ” လို့ ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်တဲ့ ရပ်မိရပ်ဖတဦးဖြစ်သူ ကိုခိုင်စိုးဦးက ပြောပါတယ်။

“ကျနော်တို့ ပြည်သူလူထုကို ရပ်ကျေ အုပ်ချုပ်ရေးမှူး ရွေးတဲ့နေရာမှာ ကျနော်တို့ပြည်သူတွေက ကိုယ့်ရပ်ကွက်မှာ ကိုယ့်စိတ်တိုင်းကျ ရွေးချယ်တင်မြှောက်ထားတဲ့သူကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ရပ်စဲတဲ့အပေါ်မှာ ကျေနပ်မှု မရှိလို့ ကျနော်တို့က အခုလို ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်” လို့ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးကျော်ဝင်းက ပြောပါတယ်။

“ကျမကတော့ ခုလိုမျိုး ဆန္ဒထုတ်ဖော်တာဟာ ကျမတို့ တင်မြှောက်ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးမှူးကို ခုလိုဖြုတ်တဲ့အပေါ်မှာ ကျေနပ်မှုမရှိလို့ ခုလို ဆန္ဒထုတ်ဖော်ခဲ့ရတာ ဖြစ်ပါတယ်” လို့ မနန္ဒာအောင်က ပြောပါတယ်။

ဆန္ဒထုတ်ဖော်တဲ့နေရာမှာ ကြွေးကြော်သံ အချက် ၅ ချက်နဲ့ ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ကြွေးကြော်သံများမှာ (၁) ရပ်မိရပ်ဖနှင့် အုပ်ချုပ်ရေးမှူး မဖြုတ်ချရေး ဒို့အရေး၊ (၂) တိုင်းဒေသကြီးအစိုးရ အမိန့်ပြန်လည်ရုပ်သိမ်းရေး ဒို့အရေး၊ (၃) အာဏာဆန်တဲ့အမိန့်သံ ဒို့လက်မခံ ဒို့လက်မခံ၊ (၄) လက်ရှိကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တည်မြဲပါစေ၊ (၅) ပြည်သူ့ဆန္ဒ ဆန့်ကျင်သူများအား အလိုမရှိ အလိုမရှိ ကြွေးကြော်သံ ၅ ချက်ဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနားမှာ ၁၂ နာရီမှာ လူစုခွဲ ပြီးဆုံးခဲ့ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “တိုင်တန်းမှုတွေ အများကြီးရှိခဲ့တယ်။ အဲဒီတိုင်ကြားမှုတွေအပေါ်မှာ မူတည်ပြီးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့တယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ ရပ်ကွက်နဲ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ (၁၅)၊ ပုဒ်မခွဲ (ခ) နဲ့ ငြိစွန်းတဲ့အတွက် တာဝန်ကနေ ရပ်စဲတယ်။ ပုဒ်မ( ၁၆)(ဂ)အရ ဒုတိယမဲအများဆုံး ရရှိထားတဲ့သူကို ယာယီအုပ်ချုပ်ရေးမှူး တာဝန်ပေးရပါမယ်။ ပြီးတော့မှ ကြီးကြပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ပြီးမှ အုပ်ချုပ်ရေးမှူးကို ပြန်လည်ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အခုလို လုပ်ရတာဟာလည်း ဥပဒေနဲ့အညီ လုပ်ဆောင်ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

သတင်းနှင့် ဓာတ်ပုံ - ကိုကြက် (ဟင်္သာတ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013