DVB Logo
Home
မြန်မာသတင်း
၇ ရက် သံကြိုးခတ်ထားတယ်- ထိုင်းငါးဖမ်းလှေပေါ် ၁၂ နှစ်ကျော်ကြာ ကျွန်ပြုခံခဲ့ရသူ (ရုပ်သံ)
DVB
·
March 2, 2017
Donate to DVB

မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ ပင်လယ်တွေထဲမှာ နိစ္စဓူဝ ငါးဖမ်းသင်္ဘော အများအပြား သက်ဝင်လှုပ်ရှားနေကြပြီး အဲဒီ ငါးဖမ်းသင်္ဘောတွေထဲက တချို့ပေါ်မှာ ခေတ်သစ်ကျွန်ပြုမှုတွေ ရှိနေပါတယ်။

မုဒုံမြို့သား ကိုမြင့်နိုင်ဟာ အဲဒီငါးဖမ်းသင်္ဘောတွေထဲက တစင်းပေါ်မှာ ခေတ်သစ်ကျေးကျွန်တယောက် ဖြစ်ခဲ့ရသူပါ။ ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားခဲ့တဲ့ ကိုမြင့်နိုင်ဟာ အဖေဆုံးပြီးမကြာခင် အသက် ၁၇ နှစ်အရွယ်မှာပဲ ခေတ်သစ်လူကုန်ကူးသူတွေရဲ့ ညွှတ်ကွင်းအတွင်း သက်ဆင်းခဲ့ရပါတယ်။

"ကျနော်တို့ ငယ်ငယ်တုန်းက ဆင်းရဲတယ်ဗျာ။ ကျနော့်အဖေက မိုးတွင်းဘက် ဝါဆိုဝါခေါင်မှာ ဆုံးသွားတဲ့အခါကျတော့ ကျနော်တို့မောင်နှမ ခြောက်ယောက်ရှိတယ်။ ယောက်ျားလေး ၄ ယောက်၊ မိန်းကလေး ၂ ယောက်ရှိတယ်။ ညီမလေး အငယ်ဆုံး နို့စို့တဲ့အချိန်မှာ အဖေသေသွားတော့ ကျနော်က လုပ်ကျွေးရတယ်။ တမိုး တမိုးပြီးလို့ နွေပေါက်တဲ့အခါကျတော့ ခြံထဲမှာ၊ လယ်ထဲမှာ ဖက်ခုတ်ဆင်းတယ်။ ဒီကြားထဲ အမေက နောက်အိမ်ထောင်ပြုလိုက်တယ်။ နောက်အိမ်ထောင်ပြုတာကို ကျေန်ာက သဘောမတူဘူး။ အဲဒါနဲ့ စိတ်နာပြီးတော့ ဘယ်သွားလို့ ဘယ်လာရမလဲမသိတဲ့အချိန်မှာ ပွဲစားက လာခေါ်တယ်။ ပွဲစားလာခေါ်တော့ ကျနော်ကလည်း မသိဘူးလေ။ အဓိကက အဆင်ပြေဖို့၊ ငွေရဖို့ပဲလေ။ ငွေရရင် ကိုယ့်ခြံနဲ့ကိုယ်နေမယ် ဆုံးဖြတ်ပြီး ၂ နှစ်ပြည့်ရင် ပြန်လာမယ်လို့ ညီမလေးကို ပြောပြီး အဲဒီပွဲစားနဲ့ လိုက်ခဲ့တာ။"

အဲဒီလို လူပွဲစားလက်ထဲ ရောက်တဲ့နေ့ကစလို့ သူ့ရဲ့ဘဝ ကံဆိုးမိုးမှောင်ကျတော့တာပါပဲလို့ ကိုမြင့်နိုင်က သူ ကြုံခဲ့ရတာတွေကို ဆက်ပြောပါတယ်။

"ဟိုရောက်တဲ့အခါကျတော့ ဒုက္ခပေးတယ်၊ ပွဲစားတွေက။ ကျနော့်ကို လှောင်အိမ်ထဲမှာ ၄၅ ရက်လှောင်ထားတယ်။ ထမင်းကို တရက် တနပ်ပဲကျွေးတယ်။ ၄၅ ရက်ပြည့်တဲ့အခါကျတော့ ကျေနာ့်ကို လာခေါ်တယ်။ ညနေ ၆ နာရီ လာခေါ်ပြီး ၇ နာရီထိုး ကားထွက်သွားတယ်။ မှန်လုံကားနဲ့ ဘယ်သွားလို့ ဘယ်ရောက်မှန်းလဲ မသိဘူး၊ ဘယ်အချိန်ရောက်သွားလဲမသိဘူး။ မေးကြည့်တော့ မယ်ခေါင်ရောက်နေတယ်။ မယ်ခေါင်ရောက်တော့ ကျနော့်ကို ဂိုဒေါင်ထဲထည့်ပြီး ၃ ရက်နေတော့ လှေပေါ် ပစ္စည်းချတယ်။ ပစ္စည်းထမ်းချပြီးတော့ လှေထွက်လာခဲ့တယ်။ ၃ ရက်ပြည့်တဲ့ည စင်ကာပူရေကြောင်းရောက်တယ်။ စင်ကာပူရေကြောင်းမှာ တညအိပ်လိုက်တယ်။ မနက်မိုးလင်းတော့ စစ်သင်္ဘောနဲ့ ပတ်စ်ပို့လာစစ်တယ်။ ပတ်စ်ပို့လာစစ်တော့ ကျနော် စဉ်းစားတယ်၊ ဓာတ်ပုံရိုက်ပြီးတော့ ပတ်စ်ပို့ရတယ်ဆိုတော့ ကျနော် တမျိုးကြီးဖြစ်သွားတယ်။ ညနေဘက်ရောက်တော့ ကျောက်ဆွဲတင်၊ ပြီးတော့ အင်ဒိုနီးရှားကိုလာခဲ့တယ်  ၁၅ ရက်တိတိကြာတယ်။"

မြန်မာနိုင်ငံသား လူကုန်ကူးသူက ထိုင်းလူကုန်ကူးသူဆီကို ရောင်းချခဲ့ပြီး ထိုင်လူကုန်ကူးသူကတဆင့် ထိုင်းငါးဖမ်းလှေမှာ ထပ်မံရောင်းချတာကို ကိုမြင့်နိုင် ခံခဲ့ရတာပါ။ ဒါပေမယ့် လူကုန်ကူးသူတွေက လခကောင်းကောင်းရမယ်၊ ၃ လ အလုပ်လုပ်ပြီးရင် အိမ်ပြန်လို့ရပြီလို့ သူ့ကို လိမ်ညာထားတာကြောင့် သူ အိမ်ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက် ရှိနေခဲ့ပေမယ့် ထိုင်းစကားမတတ်တဲ့ သူ့အတွက် ငါးဖမ်းလှေမှာ အမြဲ အနိုင်ကျင့်ခံရပါတယ်။

"ထမင်းလည်းမသိဘူး၊ ရေလည်းမသိဘူး၊ ကိုယ့်ကိုလည်း မပြောပြဘူး။ အဲ့မှာ ပိုက်ဆရာဆိုတဲ့သူက ခေါင်းဆောင်၊ သူကပြောပြရမှာပေါ့၊ ဒါပေမယ့် ပိုက်ဆရာက မပြောပြဘူး။ ပဲ့နင်းက ကျနော့်ကို ရိုက်လိုက်၊ ထုလိုက် ထောင်းလိုက်၊ အဲ့လိုပဲ မျက်ရည်တွေကျပြီးတော့ စိတ်ထဲမှာတော့ တင်းထားတယ်။ ၃ လပြည့်ရင်တော့ ပြန်ရပြီပေါ့။ ၃ လပြည့်ရင်တော့ ဘာပဲဖြစ်ဖြစ် လှေပြန်မလိုက်တော့ဘူးပေါ့၊ စာရင်းရှင်းပြီး မြန်မာပြည်ပြန်တော့မယ်ပေါ့။"

ဒါပေမယ့် သူ့ရဲ့မျှော်လင့်ချက်တွေ ဖြစ်မလာခဲ့ဘဲ တကယ်တော့ သူ့ကို ပွဲစားတွေက မပြန်လမ်းကို ပို့ခဲ့တာပါ။

"သုံးလေးငါးလလောက် ကျနော့်ကို နှိပ်စက်ညှဉ်းဆဲတော့ ကျနော် မသင်္ကာတာနဲ့ ပိုက်ဆရာကို မေးကြည့်တယ်။ ပိုက်ဆရာ ကျနော့်ကို အကူအညီပေး၊ ကျနော် ရှမ်းစကားမတတ်လို့ ပဲ့နင်းကိုမေးကြည့်ပေး။ ကျနော် အခု ၄ လ၊ ၅ လ ရှိနေပြီ။ ကျနော် ပြန်ချင်နေပြီ။ ကျနော် စာရင်းရှင်းလို့ရရင် မြန်မာပြည်ပြန်မယ်ပေါ့။ ပိုက်ဆရာကသိတယ်၊ သူက မသိချင်ယောင်ဆောင်ပြီး ပဲ့နင်းကိုမေးတဲ့အခါကျတော့ ပဲ့နင်းက မင်းကို မင်းပွဲစားက အပြီးရောင်းလိုက်ပြီ။ မင်း ပြန်လို့မရတော့ဘူး။ မင်း သေသေရှင်ရှင် ဒီမှာပဲတဲ့။ အဲ့ဒါကို ပိုက်ဆရာက ကျနော့်ကို တခါပြန်ရှင်းပြတယ်။ အဲဒီအချိန်မှာ ကျနော် လောကကြီးမှာ မနေချင်တော့လောက်အောင်၊ လူသတ်ချင်စိတ်တွေလည်းပေါက်ပြီး ပြောင်းလဲကုန်ရော။ ကြမ်းချင်စိတ်ပေါက်ကုန်ရော။ ပဲ့နင်းကိုသတ်ပြီး လှေမီးရှို့ချင်စိတ်ပေါက်ကုန်ရော။ ပြန်လို့မရတော့ဘူးလေ အင်ဒိုနီးရှားမှာ ဘယ်လိုလုပ်ပြီးပြန်မလဲ။"

ငါးဖမ်းလှေပေါ်မှာ နားချိန် အတိအကျမရှိဘဲ သူအလုပ်လုပ်ပေးရတဲ့အတွက်လည်း နှစ်လမှတခါ မြန်မာငွေ တသိန်းနှစ်သောင်းပဲ ရပါတယ်။

"နားချိန်လည်းမမှန်ဘူး၊ အိပ်ချိန်လည်းမမှန်ဘူး၊ စားချိန်ဆိုလည်းမမှန်ဘူး။ ၂၄ နာရီမှာ အလုပ်ချိန်က ၂ နာရီတခါ ပိုက်ဆွဲတယ်လေ။ အဲဒီ နှစ်နာရီမှာ အလုပ်မပြီးသေးဘူး။ နောက်တလုပ် ထပ်ရှုပ်ပြန်တယ်။ တကယ့်တကယ် ငါးမထိတဲ့ထိ မနားရဘူး။ ပဲ့နင်းယုတ်မာတာ။ ငါးမထိဘူးဆို ပဲ့နင်းက လုပ်ခိုင်းတယ်။ ပေးမအိပ်ဘူး။ လှေသားတွေကို ဆင်ထားတဲ့ပိုက်ကို ပြန်ဖြုတ်၊ ပြန်ဖြုတ်ပြီး ပြန်ဆင်၊ အဲ့လိုမျိုးပဲ။ ငါးထိပြီဆိုရင် သူ မဆင်းခိုင်းတော့ဘူး။ ပင်လယ်ပြင်မှာ သိတဲ့အတိုင်းပဲ အရိပ်မရှိဘူး။ မိုးရွာလည်း အရှေ့မှာပဲ၊ နေပူလည်း အရှေ့မှာပဲ၊ လှိုင်းကြား လေကြားလည်း အရှေ့မှာပဲ။"

ကိုမြင့်နိုင် ပါသွားတဲ့ သင်္ဘောပေါ်မှာ ထိုင်းလူမျိုး ၇ ယောက်ပါပြီး မြန်မာနိုင်ငံသားက အယောက် ၃၀ လောက် ပါပါတယ်။ ဒါပေမယ့် သူတယောက်ပဲ ရောင်းစားခံရတာဖြစ်ပြီး ကျန်တဲ့သူတွေက အခကြေးငွေနဲ့ လာရောက်လုပ်ကိုင်သူတွေပါ။ ဒါကြောင့်လည်း ကမ်းကပ်ပြီဆိုရင် သူ့ကို တင်းတင်းကျပ်ကျပ် ထားကြတယ်လို့ ဆိုပါတယ်။

"၇ ရက် သံကြိုးခတ်ထားတယ်။ ထမင်းစားတဲ့အချိန်ကျရင် အိုးသူကြီးက ထမင်းထည့်ထားပေးတယ်။ ဘောစိနဲ့ခွဲပြီး ထမင်းစားပန်းကန်လုပ်ပြီးတော့ ထမင်းထည့်ပေးတယ်။ တဘက်က ခတ်ထားပြီး တဘက်က လွှတ်ထားပေးတယ်။ ညာဘက်ကစားတော့ ညာဘက်ကိုလွှတ်ထားပေးတယ်။"

ဒီလို ခက်ခဲပင်ပန်းစွာနဲ့ ၉ နှစ်ကြာ ဖြတ်သန်းအပြီးမှာတော့ အင်ဒိုနီးရှားမှာတိုက်ခတ်တဲ့ အရှေ့လေက သူ့ကို ငရဲလှေပေါ်က လွတ်မြောက်ဖို့ အခွင့်အလမ်း ပေါ်လာစေခဲ့ပါတယ်။

"မုန်တိုင်းဝင်တယ်။ မုန်တိုင်းဝင်တော့ ပိုက်မဆွဲဘဲ လှေကို မျှောထားတယ်။ ညဘက်ကြီး ကျနော့်ကို အရှေ့ခေါင်းတိုင်မှာ သံကြိုးခတ်ထားတယ်။ ဖြစ်ချင်တာဖြစ် သေမယ့်ဇာတာပါရင် သေမယ်။ ဒီတညတော့ ကျနော် လွတ်အောင်ပြေးမယ်ဆိုပြီး၊ ကံကောင်းချင်တော့ ကျနော့်ဘေးမှာ သံချောင်းသေးသေးလေးရှိတယ်၊ ဇလီထိုးတဲ့သံချောင်းလေ၊ အချွန်လေးနဲ့။ အဲ့ဒါကို မမီ့တမီ အတင်းဆွဲတာ၊ အဲဒါကို မီတဲ့အခါ အင်္ကျီကိုခံပြီးတော့ သံချောင်းကိုကိုက်၊ သော့ကိုရိုက်ဖြုတ် သော့က သံချောင်းနဲ့ထိတော့ ပူပြီး ထွက်သွားတော့ ဝမ်းသာပြီး ခြေထောက်ကို တချက်ရိုက်ထုတ်လိုက်တယ်။ ဘောစိကို အသာလေးယူပြီးတော့ ဓားတွေနဲ့ လှီးဖြတ်ပြီးတော့ ကြိုးထည့်၊ ပြီးတော့ ဘောစိက ၇ လုံးကို သီသီပြီးတော့ အဝိုင်းဖြစ်အောင် အသေချည်၊ အဝိုင်းကို အပေါ်ကပိုက်ပြန်ချည်တော့ ပုခက်ပုံစံဖြစ်သွားတယ်။ အဲဒါကို ရေထဲအရင်ပစ်ချလိုက်တယ်၊ နောက် အနွေးထည်ဝတ်၊ ခေါင်းစွပ်ဝတ်ပြီးတော့ တန်းကစ်ကိုယူ ခါးမှာချည်ပြီးတော့ ဒိုက်ပစ်ဆင်းသွားတာ။ ဘုရားကယ် သကြားကယ်ပါဆိုပြီးတော့ ကူးရင်းကူးရင်းနဲ့ နာရီဝက်လောက်ကြာတော့ လက်လှမ်းမီသွားပြီး ဆွဲကုပ်မိတော့ လူက အထဲဝင်သွားတယ်။ အထဲရောက်တော့ လူက နုန်းပြီး ဘာမှမလုပ်နိုင်တော့ဘူး။ အမောပြေသွားတော့ ခန္ဓာကိုယ်ကို ကြိုးပြန်ချည်၊ လှိုင်းရိုက်တဲ့အခါ မျောထွက်မသွားအောင်၊ မနက်မိုးလင်း ၈ နာရီလောက်မှာ ကြည့်လိုက်တော့ လှေတစင်းမှ မတွေ့တော့ဘူး၊ လှေမတွေ့တော့ ဝမ်းသာသွားပြီ။"

၇ ရက်ကြာ အစားအသောက်မစားရဘဲ ပင်လယ်ထဲမှာ မျှောပါနေတဲ့ ကိုမြင့်နိုင်ကို အင်ဒိုနီးရှားကျွန်းသားတွေက လာရောက်ကယ်ဆယ်ခဲ့ပြီး သူတို့နဲ့ အတူနေဖို့ကိုလည်း ခွင့်ပြုခဲ့ပါတယ်။ အင်ဒိုနီးရှားက ကျွန်းတွေမှာ လှည့်ပတ်နေထိုင်နေတဲ့ ကိုမြင့်နိုင်ဆီကို ၃ လလောက်အကြာမှာပဲ ဗမာစကားပြောတတ်တဲ့ ထိုင်းလူပွဲစားတယောက် ဆိုက်ဆိုက်က်မြိုက်မြိုက် ရောက်လာပြီး ငါးဖမ်းသင်္ဘောပေါ်မှာ တရက် ၅၀၀၀၀ လောက်နဲ့ အလုပ်လုပ်ဖို့ မက်လုံးပေး စည်းရုံးခဲ့ပါတယ်။ ဒီစကားကို ယုံကြည်ခဲ့တဲ့ ကိုမြင့်နိုင်အတွက်တော့ ကြမ္မာရဟတ်ဆိုး တပတ်ပြန်လည်လာပါတော့တယ်။

"သူလာတဲ့အခါ သေချာမေးကြည့်တော့ ဘာမှမပူနဲ့၊ နောက် ပြန်ချင်ရင် ပြန်ပို့ပေးမယ်ဆိုတော့ ကိုယ်က စိတ်ချတော့ ယုံပြီးလိုက်သွားတယ်။ ဟိုရောက်တော့ ကျနော့်ကို စစ်သင်္ဘောစောင့်နေတယ်။"

သူအရင်ထွက်ပြေးခဲ့တဲ့ လှေပေါ်ကိုပဲ နောက်တကြိမ် သူ ပြန်ရောက်သွားခဲ့ပါတယ်။

"လှေပေါ်ရောက်တော့ ကျေန်ာ့ကို ဒီအတိုင်းမထားဘူး။ သံကြိုးခတ်ထားပြန်တယ်။ ၄ ရက်တိတိ သံကြိုးခတ်ထားတယ်။ အိုးသူကြီးက ထမင်းကျွေးတယ်။ ကျနော့်ကို ကော်ဖီလည်းမပေးဘူး၊ ဘာမှမပေးဘူး၊ လှေထွက်သွားတယ်။ ပင်လယ်မှာ ကျနော့်ကို တနှစ်ထားထားတာ ကမ်းပေးမဝင်တော့ဘူး။ ဒီလှေဝင်ပြီဆိုရင် နောက်တလှေပြောင်း၊ နောက်တလှေဝင်ပြီဆိုရင် နောက်တလှေပြန်ပြောင်း သူတို့အဖွဲ့ထဲကလှေတွေပဲ။"

ဒုတိယအခေါက် ပြန်အဖမ်းခံရပြီး ငါးဖမ်းလှေပေါ် ပြန်ရောက်ခဲ့ရတဲ့ ကိုမြင့်နိုင်ဟာ ထွက်ပြေးလွတ်မြောက်နိုင်မယ့် အခွင့်အရေးကို စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့ပြီး ဒီအခွင့်အရေးဟာ သူ့ဆီကို ၃ နှစ်အကြာမှ ရောက်လာခဲ့ပါတယ်။

"ကျွန်းကမြင်တယ်၊ မှုန်တိမှုန်ဝါးပဲ။ လေကလည်းကြီးတယ်၊ လှိုင်းကလည်းကြီးတယ်။ ညဘက်လည်းရောက်ရော ဘောစိ ၃ လုံး ရင်ဘတ်မှာချည်ပြီးတော့ ကျနော် ကူးသွားလိုက်တယ်။ လှိုင်းကရိုက်နေတာ ဝှီးဝှီးနဲ့ ပါသွားတယ်။ ခြေထောက်ညောင်းပြီဆိုရင် လက်နဲ့ခတ်သွားလိုက်၊ ညောင်းပြီဆိုရင် မျောသွားလိုက်၊ နှစ်ရက်နှစ်ည အဲ့ကျွန်းပေါ်ရောက်တဲ့အခါ ကျနော် ပက်လက်လန်သွားတယ်။ အဲ့ဒီကျွန်းမှာ လူမရှိဘူး၊ ကျနော် ၇ ရက်နေလိုက်ရတယ်။"

ဒီတကြိမ်မှာလည်း သူရှိရာကျွန်းကို အင်ဒိုနီးရှားလူမျိုးတွေ ရောက်လာခဲ့ပြီး ကယ်ထင်ခဲ့ပါတယ်။ ဒုတိယအကြိမ် ထွက်ပြေးလွတ်မြောက်လာပြီးတဲ့နောက် သူ အင်ဒိုနီးရှားက ကျွန်းတွေပေါ်မှာ ၁၁ နှစ်လောက် လှည့်လည်နေထိုင်ခဲ့ပါတယ်။ သူ့ကို ခေါ်ယူကျွေးမွေးထားတဲ့ မိသားစုကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အိမ်ရှင်ရဲ့ယာခင်းမှာ စိုက်ပျိုးရေး လုပ်ပေးခဲ့တာပါ။

၂၀၁၅ ခုနှစ်မှာ အင်ဒိုနီးရှားက ထိုင်းငါးဖမ်းလှေတွေပေါ် ရောင်းစားခံရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ကယ်ဆယ်တဲ့အခါ ကိုမြင့်နိုင်ကိုလည်း ချိတ်ဆက်မိပြီး မြန်မာနိုင်ငံကို ပြန်ခေါ်လာကြတာပါ။

မြန်မာပြည်နဲ့ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရတာကြောင့် ရန်ကုန်ကိုပြန်ရောက်လာတဲ့ ကိုမြင့်နိုင် မြန်မာ့ငွေကြေးတန်ဖိုး အပြောင်းအလဲကိုသိရပြီး အံ့အားသင့်ခဲ့ရပါတယ်။

"အစိုးရက တသိန်းပေးတယ် သုံးဖို့၊ လေယာဉ်ပေါ်မှာ ငါးသောင်းပေးတယ်၊ တသိန်းခွဲဆိုတော့ ခြံတခြံဝယ်နိုင်ပြီပေါ့ဗျာ။ ရှစ်ထောင် ကိုးထောင်ဆို မြေတကွက်ရပြီပေါ့။ မြန်မာပြည် ငွေအပြောင်းအလဲကို မသိသေးဘူး။"

မြန်မာပြည်ကိုပြန်ရောက်တာ တနှစ်ကျော်ကြာပြီဖြစ်တဲ့ ကိုမြင့်နိုင်တယောက် သူ့ဘဝရပ်တည်ရေးအတွက် ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေရပါတယ်။

၁၂ နှစ်ကျော်ကြာ ထိုင်းငါးဖမ်းသင်္ဘောပေါ်မှာ ခေတ်သစ်ကျွန်ပြုခံခဲ့ရတဲ့ ကိုမြင့်နိုင်တယောက် သူ့နစ်နာမှုတွေအတွက် ခုချိန်ထိ လျှော်ကြေး တစုံတရာ မရသေးပါဘူး။ သူဆုံးရှုံးလိုက်ရတာတွေအတွက် ဘယ်အရာတွေ ဘယ်သူတွေကများ အစားပြန်ပေးမှာလဲ၊ ကိုမြင့်နိုင်လို ခေတ်သစ်ကျွန်ပြုခံရတဲ့ ဘဝတူ ပင်လယ်ထဲက ငါးဖမ်းလှေပေါ်မှာ ဘယ်လောက်တောင် ရှိနေဦးမလဲဆိုတာ ဘယ်သူတွေများ သိနိုင်အုံးမှာလဲ။

ရုပ်သံသတင်း - စိုးသီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013