
ကျောက်ကြီးမြို့နယ် ကျောက်စရစ်ကျေးရွာအုပ်စု ကျောက်စရစ်ရွာမှာ မနေ့ မွန်းလွဲ ၃ နာရီလောက်က ဝါးတဲတလုံး မီးလောင်ခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ နတ်သံကွင်းနယ်မြေရဲစခန်းက ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ကျောက်စရစ်ကျေးရွာအုပ်စု နတ်သံကွင်း နယ်မြေရဲစခန်းမှ တောင်ဘက် ၅ မိုင်ခန့်အကွာ ကျောက်စရစ်ကျေးရွာတောင်ဘက်နေ နေအိမ် ၀ါးတဲတွင်း ဦးအောင်နိုင်ဟာ မီးလောင်ပျက်စီး သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင် သေဆုံးခဲ့တဲ့ ဦးအောင်နိုင်ဟာ ကျန်းမာရေးမကောင်းတဲ့အတွက် မီးလောင်မှု မဖြစ်ပွားမီ ညနေ ၃ နာရီ ၂၀ မိနစ်လောက်က စောင်ခြုံပြီး လဲလျောင်းအိပ်နေစဉ် ခြုံစောင်ပေါ်ကို ဆေးလိပ်မီးပွားကျတာကို မသိရှိခဲ့ဘဲ အိပ်ပျော်သွားရာမှ စောင်ကို မီးလောင်ကျွမ်းရာက လူနေအိမ်ဝါးတဲနဲ့ ဦးအောင်နိုင်ကို မီးကူးစက်လောင်ကျွမ်းသွားခဲ့တာပါ။
မီးလောင်မှုကို ကျေးရွာသူကျေးရွာသားတွေက ၀ိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၁၀ မိနစ်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပေမယ့် ဦးအောင်နိုင်ကတော့ မီးလောင်သေဆုံးခဲ့တယ်လို့ နတ်သံကွင်း နယ်မြေရဲစခန်းက ပြောပါတယ်။
မီးလောင်နဲ့ပတ်သက်ပြီး မီးကိုပေါ့ဆစွာ အသုံးပြုတဲ့အတွက် လူတဦး မီးလောင်သေဆုံးခဲ့ရတဲ့ မှုခင်းဖြစ်ပွားမှု အသေးစိတ်အခြေအနေတို့ကို နတ်သံကွင်းနယ်မြေရဲစခန်းမှ ဆက်လက်စစ်ဆေးကာ အမှုဖွင့်အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း ကျော်အောင် (ကညွတ်ကွင်း )











