မူးယစ်ဆေးသုံးစွဲသူနှင့် ဖြန့်ဖြူးသူများ ရပ်တန်းကရပ်ရန် မွန်ဝန်ကြီးချုပ်သစ် သတိပေး
မွန်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ကို စတင်တာဝန်ထမ်းဆောင်လိုက်တဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဒေသတွင်း မူးယစ်ဆေးသုံးစွဲသူတွေနဲ့ ဖြန့်ဖြူးသူတွေ ရပ်တန်းကရပ်ကြဖို့ သတိပေး ပြောကြားလိုက်ပါတယ်။
မတ်လ ၁ ရက်နေ့ မွန်ပြည်နယ်လွှတ်တော်အတွင်း ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ဖို့ ကျမ်းသစ္စာကျိန်ဆိုအပြီး မွန်ပြည်နယ်လွှတ်တော်အတွင်း ပထမဆုံးပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားတာ ဖြစ်ပါတယ်။
“မူးယစ်ဆေးဝါးကို သုံးစွဲသူတွေအပြင် လက်လီလက်ကားဖြန့်ဖြူးနေသူများ ရပ်တန်းကရပ်ရန်နှင့် ထိထိရောက်ရောက်နှိမ်နှင်းမည်ဖြစ်ကြောင်း သတိပေးလိုပါတယ်” လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ်အနေနဲ့ ဘယ်ကာလကစပြီး ဘယ်လိုပုံစံနဲ့ ထိထိရောက်ရောက် အရေးယူ နှိမ်နင်းသွားမှာကို ပြောဆိုသွားခြင်းမရှိသေးပါဘူး။
သူ့အနေနဲ့ ကျန်ရှိနေသေးတဲ့ကာလအတွင်း မြို့နယ်အလိုက် ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုမြင့်မားရေး၊ အခြေခံလူတန်းစားတွေရဲ့ လူနေမှုဘဝ တိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတို့ကို လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်ဖြစ်ဖြစ်ချင်း ပထမဆုံး ပြောဆိုလိုက်တဲ့ အဆိုပါမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။











