DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု သေဒဏ်စီရင်ချက်ကို အယူခံတရားရုံး ထပ်မံအတည်ပြု
DVB
·
March 1, 2017
လိပ်ကျွန်းလူသတ်မှု သေဒဏ်စီရင်ချက်ကို အယူခံတရားရုံး ထပ်မံအတည်ပြု
Donate to DVB

ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်မှုနဲ့ မြန်မာလူငယ် ၂ ဦးအပေါ် သေဒဏ်ချမှတ်ထားတာကို ကော့ဆမွီခရိုင်တရားရုံးရဲ့ အယူခံတရားသူကြီးက ဒီနေ့မှာ ထပ်မံ အတည်ပြုလိုက်ပါတယ်။

ဒီကနေ့  မနက်  ၉ နာရီမှာ ကော့ဆမွီ ခရိုင်တရားရုံး လက်ထောက်ခရိုင်တရားသူကြီးက အမှတ် ၈ အယူခံတရားရုံးမှပေးပို့လာတဲ့ အယူခံလွှာကို ဖတ်ကြားပြီး  မြန်မာလူငယ် ၂ ဦးဟာ လူသတ်၊ မုဒိမ်းမှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် အောက်တရားရုံးက စီရင်ချက်အတိုင်း သေဒဏ်အဖြစ် ထပ်မံစီရင်ဆုံးဖြတ်ခဲ့တာပါ။

ဒီစီရင်ဆုံးဖြတ်ချက်ကို တရားလိုဘက်က ခရိုင်ဥပဒေအရာရှိတွေရှေ့မှာပဲ ဖတ်ကြားခဲ့ပြီး  တရားခံရဲ့ ရှေ့နေဘက်ကို အကြောင်းကြားခြင်းမရှိသလို  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်က မြန်မာလူငယ် ၂ ဦးကို စီရင်ချက်ဖတ်ပြ လက်မှတ်ရေးထိုးခိုင်းတာလည်း ဘာသာပြန်သူ လက်မှတ်ထိုးထားတာ မရှိတဲ့အတွက် တရားရုံးလုပ်ဆောင်ချက် မမှန်ကန်ဘူးလို့ လူငယ် ၂ ဦးရဲ့ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ထိုင်းလူ့ခွင့်အရေးကော်မရှင်အဖွဲ့ဝင် Ratsada ManooRatsada  က ဒီဗွီဘီကို ပြောပါတယ်။

“တရားရုံးက စီရင်ချက်ချတာကို ကျနော်တို့ ရှေ့နေကောင်စီအဖွဲ့က လုံးဝမသိရဘူး။ သတင်းထောက်တွေ မေးလာမှပဲ သိရတယ်။ အဲဒါကြောင့် နေ့ခင်း တစ်နာရီ တရားခံဘက်က ရှေ့နေက ကော့်ဆမွီခရိုင် တရားရုံးကိုသွားမေးတာ အမှန်ပဲ စီရင်ချက်ချလိုက်တာဖြစ်တယ်၊ ကျနော်တို့ရှေ့နေက အဲဒီ စီရင်ချက်မိတ္တူကို သွားကူးနေပါတယ်။ သူတို့ပြန်မလာသေးတော့ စီရင်ချက်ထဲမှာ ဘာတွေပါသလဲဆိုတာ အသေးစိတ်မသိရဘူး။ အောက်ခြေတရားရုံးကအတိုင်း ပြန်ဆုံးဖြတ်တယ်လို့ပဲ သိရတယ်။ အမှန်ဆိုရင် ကျနော်တို့က ဒီအမှုကို တစိုက်မတ်မတ် လိုက်ခဲ့တာလေ၊ အကြောင်းကြားစာ ပေးပို့သင့်တာပေါ့။ နောက်ပြီးတော့ ကျနော်တို့ ဘ၀င်မကျတာက ဒီစီရင်ချက်မချခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်က နွန်ထပူရီခရိုင်တရားရုံးမှာ တရားခံ မြန်မာလူငယ် ၂ ယောက်ကို ဒီစီရင်ချက် အရင်ဖတ်ပြခဲ့တယ်။ လူငယ် ၂ ယောက်ကို လက်မှတ်ထိုးခိုင်းတယ်။ ဒါပေမယ့် ဘာသာပြန်ဆို သူအမည်နဲ့ လက်မှတ်ကို မတွေ့ရဘူး။ ဘာသာပြန်မရှိရင် ဒီကလေး ၂ ယောက်က တရားရုံးက သူတို့ကို ဘယ်လိုဆုံးဖြတ်တယ်ဆိုတာ သိပါ့မလား။ အမှန်က ဘာအကြောင်းကြောင့် ဒီလို စီရင်ချက်ချတယ်ဆိုတာကို သူတို့ သဘောပေါက်အောင် ဘာသာပြန်နဲ့ ရှင်းပြရမယ်၊ ဒီစီရင်ချက်ချည်းပဲ ဖတ်ပြတာ မဟုတ်သေးဘူး၊ ကျနော်တို့ကတော့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။ ဆက်ပြီးတော့လည်း ဋီကာတရားရုံး (အဆင့်အမြင့်ဆုံး) တရားရုံးကို ပြန်လျှောက်ထားမယ်၊ ဥပဒေအရ တလအတွင်း အမြင့်ဆုံးဋီကာ တရားရုံးကို တင်ခွင့်ရှိတယ်။ ကျနော်တို့ အတတ်နိုင်ဆုံး ထပ်ပြီးတော့ ကြိုးစား သွားမယ်။”

အယူခံတရားရုံးက အခုလိုစီရင်ချက်ချလိုက်တာနဲ့ ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝေဖြိုးတို့ ၂ ဦးလွတ်မြောက်ရေး အစဉ်တစိုက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ဥက္ကဋ္ဌ ဦးစိန်ဌေးကတော့ တရားရုံးဟာ ဘယ်သူ့ကိုမှ ထည့်မတွက်ဘဲ ပြီးစ လွယ်လုပ်ဆောင်ခဲ့ကြောင်း၊ မြန်မာပြည်သူတရပ်လုံးကပါ စိတ်ဝင်စားတဲ့ အမှုဖြစ်တာကြောင့် နှစ်နိုင်ငံဆက်ဆံရေးပါ ထိခိုက်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါ တယ်။

“ဒါကတော့ တကမ္ဘာလုံးက စိတ်ဝင်စားသလို မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကလည်း လုံးဝ စိတ်ဝင်စားနေတယ်။  ဒီအမှုအပေါ်မှာပေါ့ သူတို့တရားရုံးရဲ့ လုပ်ဆောင်ချက်က တော်တော်လေးကို ပြီးလွယ်စီးလွယ်နဲ့ လုပ်လိုက်တယ်။ လုံးဝဘယ်သူ့ပေါ်မှထည့်မတွက်ဘူး ဆိုပြီးတော့။ အဲလိုတွေ လုပ်လိုက်တဲ့ခါကျတော့ တော်တော်လေးကို ရုပ်ဆိုးတယ်။  ပြောရမယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေး ကိုတောင် ထိခိုက်နိုင်တဲ့အနေအထားမျိုးတွေ လုပ်သွားတာကို၊ ဒါကတော်တော်လေးကို ဆိုးရွားတယ်၊ အမြော်အမြင် နည်းတယ်လို့ပဲ ပြောချင်တယ်။”

သူတို့အနေနဲ့ ထိုင်းရှေ့နေများကောင်စီနဲ့ တိုင်ပင်ပြီး အမြင့်ဆုံးတရားရုံးကို ဆက်ပြီးအယူခံဝင်သွား မှာဖြစ်ကြောင်း၊  ပန်ခွမ်အကျဉ်းထောင်မှာရှိတဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်း(ဝေဖြိုး)တို့ ၂ ယောက်ကို လည်း အမြန်ဆုံးသွားရောက်တွေ့ဆုံ အားပေးဖို့ပြင်နေတယ်လို့  ဦးစိန်ဌေးက ပြောသွားပါတယ်။

ဒီလူသတ်မှုမှာ တရားလိုတွေဘက်က တင်ပြထားတဲ့ သက်သေအထောက်အထားခိုင်လုံမှု မရှိသလို လူငယ် ၂ ဦးအနေနဲ့ လူသတ်မှုကျူးလွန်တယ်လို့ မယုံကြည်တာကြောင့် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများကောင်စီ ဘက်က  လူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် အယူခံတရားရုံးကို ဆက်ပြီးတင်ပြခဲ့တာဖြစ်ပါတယ်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (ခေါ်) လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၃ နှစ်ခန့်က ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး   မြန်မာလူငယ် ၂ ဦးကို ကော့စမွီခရိုင်တရားရုံးက သေဒဏ်အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013