
စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဝါဒဖြန့်ချိရေး အကောင့်၊ ပရိုဖိုင်၊ ဂရု စုစုပေါင်း ၁၀၉ ခုကို ဖေ့စ်ဘွတ်ခ်ကနေ ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar (JFM)က မေ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာစစ်အုပ်စုက အွန်လိုင်းပေါ်မှာ ဝါဒဖြန့်ဖို့ ကြိုးပမ်းနေချိန် Justice For Myanmar (JFM) ရဲ့ တိုင်ကြားချက်အရ ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ၂၀၂၁ ခုနှစ်က ချမှတ်ခဲ့တဲ့ စစ်တပ်ထိန်းချုပ် စီးပွားရေးနဲ့ မီဒီယာပိတ်ပင်မှု မူဝါဒအရ အခုလို အရေးယူခဲ့တာလို့ဆိုပါတယ်။
ဖယ်ရှားခံရတဲ့အထဲမှာ စစ်အာဏာရှင်မိသားစုအကျိုးစီးပွား စစ်တပ်ပိုင် Mytel ကုမ္ပဏီနဲ့ MECtel အရောင်းကိုယ်စားလှယ် စာမျက်နှာတွေအပြင် MRTV နဲ့ MWD တို့ရဲ့ ဝါဒဖြန့်အကောင့်တွေ ပါဝင်ပါတယ်။
အဆိုပါ ဆက်သွယ်ရေးကွန်ရက်တွေဟာ စစ်အာဏာရှင်အတွက် အခွန်ငွေရှာပေးနေသလို ဒစ်ဂျစ်တယ် စောင့်ကြည့်ထောက်လှမ်းမှုတွေမှာ အသုံးပြုပြီး ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ရာမှာ အားပေးကူညီနေတာ ဖြစ်တယ်လို့ JFM က ထုတ်ပြန်ပါတယ်။
စစ်တပ်ဘက်ကတော့ ဖယ်ရှားခံရမှုကို ရှောင်ရှားဖို့ နာမည်အမျိုးမျိုး ပြောင်းလဲပြီး ဖေ့စ်ဘွတ်ခ်ပေါ် ပြန်လည်ပေါ်ထွက်လာလေ့ ရှိပါတယ်။
တဖက်မှာလည်း စစ်အာဏာရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲမတိုင်မီ MRTV ကို Twitch နဲ့ Kick ပလက်ဖောင်းတွေက ဖယ်ရှားခဲ့သလို၊ MWD ကိုလည်း TikTok က ဖယ်ရှားခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ သတင်းအမှားနဲ့ အမုန်းစကား ဖြန့်ဝေနိုင်စွမ်းကို ကန့်သတ်နိုင်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။
ဒါပေမဲ့ စစ်အုပ်စုရဲ့ အွန်လိုင်းတည်ရှိမှုကို ပိတ်ပင်ဖို့ ပိုမိုထိရောက်တဲ့ အရေးယူမှုတွေ လိုအပ်နေသေးတာကြောင့် Alphabet၊ Apple၊ TikTok နဲ့ Telegram တို့အနေနဲ့လည်း မြန်မာစစ်အုပ်စုနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပလက်ဖောင်းတွေပေါ်ကနေ အမြန်ဆုံး ပိတ်ပင်တားဆီးပေးဖို့ Justice For Myanmar က ထုတ်ပြန်တောင်းဆိုထားပါတယ်။











