DVB Logo
Home
မြန်မာသတင်း
ဦးကိုနီ လုပ်ကြံခံရမှု လူငယ်သဘာဝ ပြစ်မှုကျူးလွန်ခဲ့ကြောင်း အသုံးနှုန်းအပေါ် လူငယ်အဖွဲ့များ ရှုတ်ချ
DVB
·
March 1, 2017
Donate to DVB

ဦးကိုနီ လုပ်ကြံခံရမှု သတင်းစာရှင်းလင်းပွဲမှာ  ကျူးလွန်သူတွေဟာ လူငယ်သဘာဝ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ သုံးနှုန်းလိုက်တဲ့အပေါ်မှာ လူငယ်ကိုယ်စားပြု အဖွဲ့အစည်းတွေက ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရှေ့နေဦးကိုနီ လုပ်ကြံခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျူးလွန်သူတွေဟာ လူငယ်သဘာဝ ပုဂ္ဂိုလ်ရေးအရ မျိုးချစ်စိတ်ပြင်းထန်တာကြောင့် ပြစ်မှုကျူးလွန်ခဲ့တာလို့ သုံးနှုန်းခဲ့ပါတယ်။ ဒီစကားလုံးအသုံးအနှုန်းနဲ့ပတ်သက်ပြီး ပြည်တွင်းက လူငယ်ကိုယ်စားပြုအဖွဲ့အစည်းတွေက ကန့်ကွက်လိုက်တာပါ။

“အခုလို ဦးကိုနီ လုပ်ကြံမှုလိုမျိုး စနစ်တကျ အကွက်ချပြီး ကြံစည်တဲ့ကိစ္စမျိုးကျတော့ ကျနော်တို့ နားလည်တာက ဒါက စိတ်လိုက်မာန်ပါကိစ္စ မဟုတ်ဘူး။ ဒါ စနစ်တကျ ယုတ်ယုတ်မာမာနဲ့ လူတယောက်ကို သတ်ဖြတ်တဲ့ကိစ္စ ဖြစ်တယ်။ ဒါမျိုးကျတော့ လူငယ်သဘာဝ ဆိုတဲ့ စကားလုံးနဲ့ သုံးစွဲဖို့က လုံးဝမသင့်တော်ဘူးလို့ ယူဆတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ သုံးလဲပေါ့။ လူငယ်တွေဟာ ဒီလိုပဲ သတ်တတ် ဖြတ်တတ်တဲ့ သဘောထားမျိုး ရှိတယ်ဆိုတဲ့ဟာမျိုး သုံးချင်တာလား။ ဒါဆိုရင်တော့ လူငယ်တွေကို နှိမ်ချပြီးတော့ ပြောဆိုတာ ဖြစ်တယ်” လို့ Generation Wave ဥက္ကဋ္ဌ ကိုမိုးဃ်သွေးက ပြောပါတယ်။

ရဲချုပ်ဇော်ဝင်း ပြောဆိုသွားတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ပြည်တွင်း လူငယ်အဖွဲ့အစည်းတွေက ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ လူငယ်မူဝါဒရေးဆွဲရာတွင် သတ်မှတ်ထားတဲ့ လူငယ်မှာ အသက် ၁၆ နှစ်မှ ၃၅ နှစ်ထိသာ သတ်မှတ်ထားတာကြောင့် အခု အသုံးအနှုန်းနဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်တာပါ။

“လူငယ်လို့ သုံးနှုန်းသွားတယ်ဆိုတာက ဒီအမှုအသွားအလာပေါ်မှာ စဉ်ဆက်မပြတ် မလေ့လာဖြစ်တဲ့ ပြည်သူတွေမှာ လွဲမှားစွာ နားလည်မှုတွေ ရှိသွားအောင်လို့ လုပ်ဆောင်နေတာလားလို့ ဒါမျိုးတွေ ကျမတို့ စဉ်းစားမိပါတယ်။ အခုဆိုရင် ပြည်သူတွေဘက်ကို ကျမတို့တွေ သွားမေးမြန်းစုံစမ်းကြည့်ရင်တောင်မှ လူငယ်တွေလို့ ပြောကြတယ်ဆိုတော့ သူတို့ သိထားတဲ့လူတွေ မဟုတ်တော့ဘူး။ သတင်းအသစ် ထွက်လာတယ်။ အဲဒီတော့ လူငယ်တွေ လုပ်တာနေမှာပေါ့ ဆိုတဲ့ သူတို့စိတ်ထဲမှာ လူငယ်တွေ ကျူးလွန်ခဲ့တယ်ဆိုတာပဲ ထင်ကျန်သွားခဲ့မှာပဲ။ ကျမတို့ တကယ်ကို အပြင်မှာ မေးကြည့်ရင်တောင်မှ အဲဒီလိုပုံစံတွေ ထွက်နေတယ်။ ဒါကို ကျမတို့ လက်မခံနိုင်ပါဘူး။ လူငယ် အသက်အရွယ် မဟုတ်တဲ့ ပုဂ္ဂိုလ်တွေပေါ့နော်။ အသက် ၄၅၊ ၅၀ ကျော် ပတ်ဝန်းကျင်တွေက လုပ်ကြံသွားတဲ့ ဒီပြစ်မှုကြီးကို လူငယ် သဘောသဘာဝဆိုတဲ့ အခုလက်ရှိ ကျမတို့ လူငယ်အသက်အရွယ်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ လူတန်းစားတွေကို ဒီလို ပုံမှားရိုက်သွားတယ်ဆိုတာ ကျမတို့ ခံစားရတဲ့အတွက်ကြောင့် ကျမတို့ လူငယ်အစုအဖွဲ့တွေက ဒါကို ကန့်ကွယ်တယ်” လို့ ရန်ကုန်လူငယ်ကွန်ရက်ဥက္ကဋ္ဌ မသင်ဇာရွှန်းလဲ့ရီက ပြောပါတယ်။

ရန်ကုန်လူငယ်ကွန်ရက် လက်ရှိမှာတော့ ဒီစကားလုံး အသုံးအနှုန်းနဲ့ပတ်သက်ပြီး ပြည်နယ် တိုင်းတချို့မှာ ကန့်ကွက်ကြောင်း လက်မှတ်တွေ လိုက်လံကောက်ခံနေပြီး ဒီလက်မှတ်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနထံ ပြန်လည်တင်ပြသွားမှာပါ။

သတင်း - ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013