DVB Logo
Home
မြန်မာသတင်း
ဦးကိုနီလုပ်ကြံမှု တပ်မတော်နှင့် လုံးဝပတ်သက်မှုမရှိဟု ရှင်းလင်း (ရုပ်သံ)
DVB
·
March 1, 2017
ဦးကိုနီလုပ်ကြံမှု တပ်မတော်နှင့် လုံးဝပတ်သက်မှုမရှိဟု ရှင်းလင်း (ရုပ်သံ)
Donate to DVB

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ လုံးဝပတ်သက်မှုမရှိကြောင်းနဲ့ တရားခံဖမ်းမိရေးအတွက် တပ်မတော်က ဝိုင်းဝန်းရှာဖွေပေးနေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က နေပြည်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့်နောင်ခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး မြထွန်းဦးရဲ့ ပြောကြားချက်အပြည့်အစုံ

“အောင်ဝင်းခိုင်ဟာ တပ်မတော်မှာ ဒုတိယဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ဖူးတယ်။ တပ်ရင်းမှူး ပြီးသွားပြီ။ တပ်ရင်းမှူးအထက် ဦးစီးအရာရှိ တာဝန်ထမ်းဆောင်ပြီးတော့ တပ်မတော်ကနေ မိမိသဘောနဲ့မိမိ ၂၀၁၄ ခုနှစ်လောက်မှာ သူထွက်သွားတယ်။ သူနဲ့ပတ်သက်လို့ သတင်းတွေကတော့ စုံစမ်းဆဲပဲ။ ရဲတပ်ဖွဲ့ကလည်း ဒါနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေဆဲပဲ။ တပ်မတော်အနေနဲ့လည်း သူနဲ့ပတ်သက်လို့ ပြည်သူ့ရဲတပ်ဖွဲ့ကို ကူညီဖို့အတွက် စုံစမ်းနေဆဲပဲ၊ နောက်ဘက်က အဖွဲ့အစည်းပါသလဲ ဆိုတာကတော့ အမှုရဲ့ အသွားအလာပေါ်မှာ မူတည်ပြီး၊ စစ်ကြောဖော်ထုတ်ချက်အပေါ်မူတည်ပြီး မှန်တယ်၊ မမှန်ဘူးဆိုတာ ဆုံးဖြတ်ရမယ့်ကိစ္စလို့ မြင်ပါတယ်။ စဉ်းစားတဲ့လူကတော့ ရှိကြမှာပေါ့။ နောက်က ကြိုးကိုင်တဲ့သူရှိတယ်လို့ စဉ်းစားတဲ့သူတွေကလည်း စဉ်းစားမှာပဲ။ ဒါ တဦးတယောက်ချင်းကိစ္စပါလို့ စဉ်းစားတဲ့သူကလည်း စဉ်းစားမှာပဲ။ သို့သော် ကျနော်တို့အနေနဲ့က စစ်ကြောဖော်ထုတ်ချက်အရ ဘာမှ သက်သေသက္ကာယ မပြနိုင်သေးဘူးဆိုရင် ဒါနဲ့ပတ်သက်ပြီး ပြောဆိုလို့မရသေးဘူး။”

“ကျနော်တို့ အခုလက်ရှိသွားနေကြတာ တနိုင်ငံလုံးမှာ The Rules of Law ပေါ့။ တရားဥပဒေကို ကျနော်တို့ လေးစားဖို့ လိုအပ်ပါတယ်။ တရားဥပဒေအရ၊ စစ်ကြောချက်တွေအရ ဖော်ထုတ်တွေ့ရှိရပြီ၊ ဒီအချက်အလက်တွေကို တရားရုံးတင်တဲ့အခါမှာ တရားဥပဒေရှုထောင့်အရ အပြစ်ရှိတယ်ဆိုတဲ့ ခိုင်လုံတဲ့သက်သေ မရမချင်း အပြစ်ရှိတယ်လို့ ပြောလို့မရသေးဘူး။ ဒါ ဥပဒေအရ ကျနော်တင်ပြတာပါ။ စွဲချက်တင်သင့်တယ်၊ မတင်သင့်ဘူးဆိုတာလည်း တရားသူကြီးအပေါ်မှာ မူတည်တယ်။ အပြစ်ရှိတယ်၊ မရှိဘူး ဆိုတာလည်း တရားသူကြီးကပဲ ဆုံးဖြတ်တာ။ အပြစ်ရှိတယ်ဆိုတဲ့ ခိုင်ခိုင်မာမာ သက်သေမပြနိုင်သရွေ့ သံသယအနေနဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စမှာ နောက်ကွယ်က ကြိုးကိုင်နေတဲ့ အဖွဲ့အစည်း ရှိသလား၊ မရှိဘူးလားဆိုတဲ့ အနေအထားကို စဉ်းစားကြတာပေါ့။ တွေးတောကြတာပေါ့၊ ဒါကလည်း သဘာဝကျပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ စုံစမ်းနေတယ်။ ဖော်ထုတ်နေတယ်။ စစ်ဆေးနေတယ်။ တပ်မတော်ကလည်း ဝိုင်းဝန်းပြီး ကူညီဆောင်ရွက်ပေးနေတယ်။ ကျနော်တို့မှာ ခိုင်ခိုင်မာမာ သက်သေပြနိုင်တဲ့ အထောက်အထားတော့ လက်ရှိအချိန်ထိ မတွေ့ရသေးဘူး။”

“လင်းဇော်ထွန်းက ၂၀၁၄ ခုနှစ်မှာ စစ်ဘက်အကြံပေးအနေနဲ့ ဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ဖူးပါတယ်။ အဲဒီမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ့ကို တပ်မှာ ဆက်ပြီး တာဝန်ထမ်းဆောင်မလား၊ အရပ်ဘက်ကိုသွားဖို့ ဆန္ဒရှိသလားဆိုတာ မေးတဲ့အခါကျတော့ သူက အရပ်ဘက်ကိုသွားဖို့ ဆန္ဒရှိပါတယ်ဆိုပြီး ပြောကြားတယ်။ အဲဒီတော့ သူက အရပ်ဘက်ကို သွားမယ်။ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကျနော်လုပ်ချင်တာသည် လွှတ်တော်မှာ အမတ်လုပ်ချင်တယ်၊ လွှတ်တော်မှာ လုပ်ချင်တဲ့အတွက်ကြောင့် ကျနော့်ကို ပြင်ဆင်ခွင့်အချိန်ပေးပါ၊ ဥပဒေသင်တန်း တက်ပါမယ်ဆိုပြီးတော့ ဥပဒေ ဒီပလိုမာ တက်တယ်။ ဘွဲ့ရတယ်။ အဲဒီတော့ သူ့ကို တပ်မတော်က ထွက်ခွင့်ပေးလိုက်တယ်။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တာဝန်ထမ်းဆောင်နေတယ်။ သူနဲ့ပတ်သက်သလား၊ မပတ်သက်လားဆိုတဲ့ သတင်းကတော့ သူနဲ့ပတ်သက်တယ်ဆိုတဲ့ သတင်းမျိုးကို ကျနော်တို့အနေနဲ့ မကြားမိပါဘူး။ တကယ်လို့ ပါဝင်ပတ်သက်တယ်ဆိုရင်လည်း ဥပဒေအရ စစ်ဆေးမှုကို သူ ခံယူရမှာ ဖြစ်ပါတယ်။”

“ကျနော် ဒါနဲ့ပတ်သက်လို့ ပြည်ထဲရေးကထုတ်ပြန်တဲ့ သတင်းကို ဖတ်လိုက်တဲ့အခါကျတော့ ဒီအမှုမှာ ကွင်းဆက်သံသယရှိတဲ့သူ ၇၃ ယောက်လောက် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ကြောရေး လုပ်ထားတယ်လို့ သိရတယ်။ အဲဒီအထဲမှာ ဦးလင်းဇော်ထွန်းလည်း ပါတယ်လို့ သိရတယ်။ တကယ်လို့ သူ ပါဝင်ပတ်သက်တယ်ဆိုရင် ဥပဒေအရ စစ်ဆေးအရေးယူတာ ခံရမှာပေါ့။ တပ်မတော်အနေနဲ့ ဒီလုပ်ငန်းတွေအားလုံးအတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် Technically Support လုပ်ပေးနေပါတယ်။ လုံခြုံရေးအားနည်းချက်တွေ နောက်ထပ် ထပ်မဖြစ်အောင်၊ Security Survey လုပ်တာတို့ ဘာတို့၊ လိုအပ်တဲ့နေရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထပ်ပြီး ဖြည့်ဆည်းပေးတာတို့၊ တပ်မတော်အပိုင်းက တာဝန်ယူရမယ့်အပိုင်းအားလုံး ကူညီဆောင်ရွက်ပေးနေပါတယ်။ ပြည်ထဲရေးက ဆောင်ရွက်ရမယ့်အပိုင်း၊  တခြား လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေ ဆောင်ရွက်ရမယ့်အပိုင်းတွေကို လိုအပ်တဲ့ အကြံဉာဏ်ပေးတာတွေ လုပ်နေတယ်။ တရားခံ ဖမ်းဆီးရမိရေးအတွက်ကိုလည်း  ဝိုင်းဝန်းရှာဖွေနေတယ်ဆိုတဲ့အကြောင်း တင်ပြလိုပါတယ်။ တကယ်လို့ သူ့အနေနဲ့ ပါဝင်ပတ်သက်မယ်ဆိုရင်လည်း တပ်မတော်နဲ့ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ သူဟာ တပ်မတော်က ထွက်သွားတဲ့ လူတယောက် ဖြစ်ပါတယ်။”

“ကျနော်တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကျနော်တို့ကို အမြဲဆုံးမနေတဲ့စကား ရှိပါတယ်။ သင့် ၄ သင့်တဲ့။ သွားသင့်တဲ့နေရာကို သွားပါ၊ ပြောသင့်တဲ့စကားကို ပြောပါ၊ ပေါင်းသင့်တဲ့လူနဲ့ ပေါင်းပါ၊ လုပ်သင့်တဲ့လူနဲ့ လုပ်ပါ တဲ့။ ကျနော်တို့အနေနဲ့ ခံယူထားတာက တပ်မတော်သားဘဝတင် မဟုတ်ဘူး၊ တပ်မတော်က အနားယူသွားတဲ့ အချိန်မှာလည်း ကိုယ့်အတွက် အကောင်းဆုံး လမ်းညွှန်မှုတရပ်အနေနဲ့ ခံယူထားတာပါ။ ဒါ အင်မတန်အရေးကြီးတဲ့အချက်ပါ။ သူလည်း ဒီစကားတွေ၊ ဒီသြဝါဒတွေ ကြားဖူးနေမှာပဲ။ သူလည်း လိုက်နာဆောင်ရွက်မယ်လို့ ကျနော် ထင်ပါတယ်။ မဟုတ်ဘူးဆိုရင်လည်း ဥပဒေအရ အရေးယူခံရဖို့ပဲရှိတယ်။ သူဖြစ်တဲ့ပြစ်မှုနဲ့ ပတ်သက်လို့တော့ တပ်မတော်နဲ့ လုံးဝပတ်သက်မှုမရှိဘူးဆိုတဲ့ အနေအထား ကျနော့်အနေနဲ့ တင်ပြလိုပါတယ်။ ကျနော်သုံးတာ မှားသွားလားမသိဘူး၊ သူဖြစ်တဲ့ပြစ်မှုလို့ သုံးလိုက်တယ်၊ မဟုတ်ပါဘူး။ သူတကယ်လို့ ရှိခဲ့လို့ရှိရင်ဆိုတာမျိုး ကျနော်ပြန်လည်ပြင်ဆင်လိုပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013