DVB Logo
Home
မြန်မာသတင်း
၈၈ ကျောင်းသားခေါင်းဆောင်တချို့ အင်အားကြီးအတိုက်အခံပါတီ ထူထောင်ရန်စီစဉ်
DVB
·
February 28, 2017
၈၈ ကျောင်းသားခေါင်းဆောင်တချို့  အင်အားကြီးအတိုက်အခံပါတီ ထူထောင်ရန်စီစဉ်
Donate to DVB

 

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့နဲ့  နိုင်ငံရေးလှုပ်ရှားသူတွေ ပူးပေါင်းကာ နိုင်ငံရေးပါတီသစ် တည်ထောင်ဖို့စီစဉ်နေပြီး အင်အားကြီးတဲ့ အတိုက်အခံ နိုင်ငံရေးပါတီတခုအဖြစ် ရပ်တည်သွားမယ်လို့ ပါတီဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူဦးမင်းဇေယျက ပြောပါတယ်။

အခု ဖွဲ့စည်းတည်ထောင်မယ့် ပါတီသစ်မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့နဲ့ ခေတ် အဆက်ဆက်က နိုင်ငံရေးလူပ်ရှားသူတွေနဲ့ ပူးပေါင်းပါဝင်ကြမှာဖြစ်ပါတယ်။

ပြည်သူ့အကျိုးစီးပွားကို ရှေးရှုတဲ့ မူဝါဒတွေ အခြေခံထားတဲ့ နိုင်ငံရေးပါတီတခု ပေါ်ပေါက်လာဖို့ ပြည်တွင်း ပြည်ပက စိတ်ဝင်စားသူတွေအားလုံး ပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၃၀ နဲ့ ၃၁ ရက်တို့မှာ ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှာ ပြုလုပ်သွားမယ်လို့  ပြောပါတယ်။

ပါတီဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမင်းဇေယျက “ကျနော်တို့ အခု ထူထောင်မယ့် နိုင်ငံရေးပါတီဟာ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေး ခိုင်မာရေးဆိုတဲ့ ရည်ရွယ်ချက်နှစ်ရပ်ပေါ်မှာ ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားနဲ့ တကယ်ကို လုပ်ဆောင်နေတဲ့ လူတွေအားလုံး ပါဝင်စုစည်းပြီးတော့ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တကယ့်အင်အားကြီး အတိုက်အခံ နိုင်ငံရေးပါတီတရပ် ပေါ်ပေါက်ရေး ဒါကို ရည်ရွယ်တယ်။ ဘာလို့လဲဆိုတော့ ပါတီစုံဒီမိုကရေစီမှာ ကျနော်တို့ ယုံကြည်တာက ပါတီစုံဖို့ လိုတယ်။ သို့သော်လည်း အဲဒီပါတီစုံ ဆိုတဲ့နေရာမှာလည်း အင်အားကြီးတဲ့ နိုင်ငံရေးပါတီတွေ ဖြစ်ဖို့လိုတယ်။ ဒါမှပဲ အတိုက်အခံအားကောင်းမှ အစိုးရကလည်း ပိုပြီးတော့ လုပ်ရကိုင်ရတာ အားကောင်းမယ်။ ဒါကြောင့် ကျနော်တို့က အတိုက်အခံကောင်းအနေနဲ့ ရပ်တည်မယ်။ တကယ်လုပ်ရမယ့် လုပ်ငန်းတွေမှာလည်း ကျနော်တို့က တကယ့်ကို တရားဥပဒေနဲ့အညီ ကျနော်တို့ ရသင့်ရထိုက်တဲ့ ကျနော်တို့ ပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်မယ်၊ တည်ဆောက်မယ်။ အဲဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်တာ။”

၈၈ မျိုးဆက်တွေဟာ အသက်အရွယ်နဲ့ အတွေ့ကြုံတွေအရ နိုင်ငံရေးပါတီအနေနဲ့ သီးခြားရပ်တည်ဖို့ လိုအပ်လာတာကို ယုံကြည်တဲ့သူတွေက များလာတယ်လို့လည်း ပြောပါတယ်။

“မြန်မာ့နိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးမှာ နိုင်ငံရေး ဟာကွက်တခု ဖြစ်လာမှာ ကျနော်တို့ စိတ်ပူတယ်။ အဲဒီနိုင်ငံရေးဟာကွက်ကို ဖြည့်တဲ့အနေနဲ့ ပါလီမန်ဒီမိုကရေစီကို ပိုပြီးတော့ခိုင်မာအောင်၊ ပိုပြီးအားကောင်းအောင် ကျနော်တို့ အနာဂတ်နိုင်ငံရေး ဦးဆောင်မှုမှာ ၈၈ တွေ ပါဝင်ပြီးတော့ လှုပ်ရှားနိုင်အောင်ဆိုတဲ့ မူနဲ့ နိုင်ငံရေးပါတီအသစ်တရပ် ထူထောင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်နေတာ” လို့ ဦးမင်းဇေယျက ပြောပါတယ်။

နိုင်ငံရေးပါတီသစ် ပေါ်ပေါက်လာဖို့ရည်ရွယ်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မှာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း မတ်လ ၂ ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ နိုင်ငံရေးပါတီတရပ် ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီက ပြုလုပ်ပေးသွားဖို့ စီစဉ်ထားတယ်လို့လည်းသိရပါတယ်။

ဒီကော်မတီရဲ့ သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီဝင် ဦးကျော်လင်းက “ဆွေးနွေးပွဲကို အုပ်စု ၄ ခုဖွဲ့ပြီး ကျင်းပမယ်။ နိုင်ငံရေးပါတီရဲ့ အခြေခံမူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေ၊ နောက် ကျနော်တို့ပါတီရဲ့ နောက်ထပ်သွားမယ့် ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကျနော်တို့ ရည်ရွယ်ထားပါတယ်။”လို့ပြောပါတယ်။

နိုင်ငံရေးပါတီသစ်တခုကို အောင်မြင်အောင် ထူထောင်နိုင်ဖို့ နိုင်ငံရေး ပါတီတရပ် ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းထားပါတယ်။  အခုချိန်အထိတော့ ပါတီနာမည်၊ အမှတ်တံဆိပ်နဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို ဆက်လက်ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013