DVB Logo
Home
မြန်မာသတင်း
ဧရာဝတီမြစ်တွင်း ကျောက်စရစ်ထုတ်ယူမှု ရပ်တန့်ရေး ရေလုပ်သားများ ဆန္ဒပြ
DVB
·
February 28, 2017
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ထဲက ဧရာဝတီမြစ်ထဲမှာ ကျောက်စရစ် ထုတ်ယူမှု တွေ ရပ်တန့်ဖို့အတွက်  ရေလုပ်သားတွေ  ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

အရင်အစိုးရလက်ထက်ကတည်းက ပန်းတောင်းမြို့နယ်၊ ဖိုးဦးတောင် ရွာသစ်ကျေးရွာဘေးက ဧရာဝတီမြစ်ထဲမှာ ကျောက်စရစ်ထုတ်ယူဖို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျောက်စရစ် ထုတ်ယူခွင့် ဂရန်ချပေးထားခဲ့ပါတယ်။

အဲဒီနေရာနဲ့ တဆက်တည်းမှာ ဒေသခံတွေ ရေလုပ်ငန်းလုပ်ဖို့လည်း ခွင့်ပြုထားတာကြောင့် ရေလုပ်ငန်းလုပ်သူတွေက ကျောက်စရစ်ထုတ်ယူမှုကို ကန့်ကွက်နေကြတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၄ ရက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်များဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတွေက နေရာ သတ်သတ်မှတ်မှတ်ခွဲပြီး လာရောက်ဖြေရှင်းပေးခဲ့ပေမယ့် ဒေသခံ ရေလုပ်သားတွေက လက်မခံကြပါဘူး။

ဒါကြောင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ကနေ ဗိုလ်ချုပ်လမ်း မြောက်စောင်းတန်းလမ်း၊ စစ်ကဲလမ်း လမ်းရှည်လမ်း၊ ရွှေတချောင်းလမ်း၊ လမ်းမတော်လမ်းတွေကနေ ဗီနိုင်းဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။  ဆန္ဒပြပွဲမှာ  ဖိုးခေါင်ကျေးရွာ၊ ရွာသစ်ကျေးရွာ အနောက်လက်ခုပ်ပင်၊ မြရွာ၊ ရွာသာယာကျေးရွာတွေက ဒေသခံရေလုပ်သား အင်အား ၁၀၀ ကျော်လောက်ပါဝင်ခဲ့ကြတာပါ။

ပြည်ခရိုင်ထဲမှာ အခုလို ကျောက်စရစ် ထုတ်ယူခွင့်အတွက် ဧရာဝတီမြစ်ထဲ ၁၇ နေရာမှာ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာ ၂၁ ရက်တုန်းကလည်း ပန်းတောင်းမြို့နယ်ထဲက သောင်ကြီးကျေးရွာဘေးမှာ ကျောက်စရစ်စုပ်ယူတာကြောင့် ရေလယ်ကျွန်းကြီး ကွယ်ပျောက်တော့မှာစိုးရိမ်ပြီး  ဒေသခံတွေ ကန့်ကွက်ခဲ့လို့ ကျောက်စရစ်ထုတ်ယူတာကို ရပ်တန့်ပေးလိုက်ရပါတယ်။

နောက်ထပ် ပန်းတောင်းမြို့နယ်ထဲက နောက်တနေရာမှာလည်း ကျောက်စရစ်စုပ်ယူမှုတွေကို အလားတူ  ရပ်တန့်ပေးလိုက်ရပါတယ်။

အခု ရွာသစ်ကျေးရွာမှာ အိမ်ခြေ ၁၅၀ ခန့်ရှိပြီး အားလုံးနီးပါး ရေလုပ်သားတွေ ဖြစ်ကြပါတယ်၊ သူတို့တတွေက တနှစ် တခါ ရေလုပ်ငန်းလုပ်ကိုင်ဖို့အတွက် ငါးလုပ်ငန်းဦးစီးဌာနကနေ မြစိမ်းရောင်စီမံကိန်း ချေးငွေ ၁ သိန်းကနေ ၁၀ သိန်းအထိ ချေးယူပြီး လုပ်ကိုင်စားသောက်နေရတာပါ၊

ကျောက်စရစ်ထုတ် စက်လှေကြီးတွေအသံကြောင့်၊ ရေနေသတ္တဝါတွေ သေဆုံးသလို မြစ်ထဲမှာ ငါးတွေ ရှားပါးလာကာ ကျောက်စရစ်စုပ်စက်တွေကြောင့် မြစ်ကြမ်းပြင်မှာ ဂလိုင်တွေ ဖြစ်ပေါ်လာပြီး ပိုက်တွေ ပျက်စီးဆုံးရှုံးတာတွေ၊ ကမ်းပါးပြိုကျလာနေတာတွေကြောင့် ကျောက်စရစ်ထုတ် လုပ်ငန်းကို လက်မခံနိုင်ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013