DVB Logo
Home
မြန်မာသတင်း
မုံရွာတက္ကသိုလ်ဝန်းကျင်တွင်  ဆိုင်ကယ်ခိုးခံရမှု များပြားလာနေ
DVB
·
February 28, 2017
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ခိုးယူသွားခြင်းခံခဲ့ရတဲ့ ဆိုင်ကယ် ၂၄ စင်းကို ရဲက ပြန်လည် သိမ်းဆည်းရမိခဲ့ရာမှာ အများစုဟာ မုံရွာတက္ကသိုလ်ဝန်းကျင်မှာ ခိုးယူခံခဲ့ရတာဖြစ်တယ်လို့ မုံရွာမြို့နယ် ရဲစခန်းက သိရပါတယ်။

မုံရွာမြို့မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဆိုင်ကယ် ခိုးယူသူ ၁ယောက်ကို ဖမ်းဆီးရမိပြီးနောက် ရဲကစစ်ဆေးရာမှ ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိ ခိုးယူထားတဲ့ ဆိုင်ကယ်ပေါင်း ၂၄ စီး ပြန်လည်သိမ်းဆည်းရမိခဲ့တာပါ။

သိမ်းဆည်းရမိထားတဲ့ ဆိုင်ကယ်အများစုဟာ ဆိုက်ကလုံးအမျိုးစား ဆိုင်ကယ်တွေဖြစ်ပြီး မုံရွာတက္ကသိုလ်အတွင်းနဲ့  တက္ကသိုလ်နယ်မြေဝန်းကျင်ကနေ ခိုးယူသွားတာလို့ မုံရွာမြို့နယ်မြေစခန်းမှူး ရဲအုပ်ရဲအောင်က ကပြောပါတယ်။

"သတင်းရထားလို့ မျက်စိဒေါက်ထောက်ကြည့်နေတာ။ ဒါ့ကြောင့် တပ်ဖွဲ့ထဲက လူတွေကို တက္ကသိုလ်ဘက်မှာ ကျောင်းသားအသွင်ယူခိုင်းပြီး ခိုးသူတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ခိုင်းတယ်။ အခုမိတဲ့လူရဲ့ ဓာတ်ပုံကို စောင့်ကြည့်စဉ်က အတိကျရထားပြီးသား။ သက်သေမခိုင်လုံသေးလို့ မဖမ်းသေးတာ။ တရားခံကို ဖမ်းမိတာက ချောင်းဦးမြို့နယ်ဘက်မှာ ဆိုင်ကယ်ကို အရောင်းအဝယ် လုပ်နေတုန်း ဖမ်းမိတာပါ။ လတ်တလော စစ်ကြည့်လိုက်တော့ သူတို့ အခုလိုလုပ်စားနေတာ တော်တော်ကြာနေပြီ။ သူတယောက်တည်းတော့ မဟုတ်ဘူး နောက်ထပ် ၂ ယောက် လာတွေ့တယ်။ ဒီ့ထက်လည်း တရားခံ ပိုချင်ပိုနိုင်တယ်။ လွတ်နေတဲ့ တရားခံတွေကို အမြန်ဆုံးဖမ်းဆီးရမိဖို့ ကျနော်တို့ ကြိုးစားနေပါတယ်"

ခိုးယူထားတဲ့ဆိုင်ကယ်တွေထဲက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ ၇ စင်း၊ ၂၆ ရက်နေ့မှာ ၁၀ စင်းနဲ့ ၂၇ ရက်နေ့မှာ ၇ စင်းအား နေရာအနှံ့ လိုက်လံသိမ်းဆည်းရမိပြီး နောက်ထပ်လည်း သိမ်းဆည်းဖို့ရာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိထားတဲ့ ဆိုင်ကယ်တွေကို မုံရွာမြို့ နယ်မြေရဲစခန်းဝင်းအတွင်းမှာ ထိန်းသိမ်းထားပြီး ဆိုင်ကယ်ခိုးယူခံခဲ့ရသူတွေအနေနဲ့ ပိုင်ဆိုင်မှုအထောက်ထားနဲ့တကွ မိမိဆိုင်ကယ် ဟုတ်၊ မဟုတ် လာရောက်စစ်ဆေးကြဖို့ မုံရွာမြို့နယ်ရဲစခန်းက ကြေညာထားပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013