DVB Logo
Home
Lead Story
သမဂ္ဂအိပ်မက်
DVB
·
February 28, 2017
သမဂ္ဂအိပ်မက်
Donate to DVB

 

 

အဓိပတိလမ်းဘက်ကို ချိုးကွေ့လိုက်တော့ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဘွားခနဲ တွေ့လိုက်ပါတယ်။

တကယ်တော့  ကျနော် တက္ကသိုလ်ရောက်ခါစ ၁၉၇၂ ခုနှစ်မှာ မန္တလေးဆောင်ပေါ်က လှမ်းမြင်နေရတဲ့ မြေကွက်လပ်နေရာပါ။ အဲဒီတုန်းက မန္တလေးဆောင်ပေါ်ကနေ လှမ်းကြည့်လိုက်တိုင်း ချုံနွယ်ပိတ်ပေါင်းတွေ ဖုံးနေတဲ့နေရာ။ အဲဒီနေရာက ရေညှိတွေတက်နေတဲ့ အထီးကျန် ကျောက်တိုင်ပုပုလေးကလေးကို ငေးရင်း အတွေးတွေ ပျံ့လွင့်နေခဲ့ရ။  ဟိုးရှေးရှေးတုန်းက ဒီနေရာမှာ ကျောင်းသားသမဂ္ဂဆိုတာ ရှိသတဲ့။ အဲဒီကျောင်းသားသမဂ္ဂမှာ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင် ကျောင်းသားတွေကို မွေးထုတ်ပေးတာပေါ့။ ဟိုမှာ အထီးကျန်ရပ်ခံနေတဲ့ ကျောက်တိုင်ပုပုကလေးကတော့ ကိုလိုနီနယ်ချဲ့ရဲ့ လက်ချက်နဲ့ ကျဆုံးသွားတဲ့ ဗိုလ်အောင်ကျော် ဆိုတဲ့ ကျောင်းသားလေး တယောက်ကို ဂုဏ်ပြုစိုက်ထူထားတာလေ။ ခုတော့... ချုံနွယ်ပိတ်ပေါင်းတွေ၊ အဲဒီချုံနွယ်တွေ အောက်မှာ လဲလျောင်းနေတဲ့ အုပ်တိုင်တချို့။

ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဝါကြန့်ကြန့် စာအုပ်အဟောင်းတွေထဲမှာ ဝေဝေဝါးဝါး တွေ့ခဲ့ရတဲ့အခါ ရင်တွေခုန်ခဲ့ရ။ ကျောင်းသားတယောက်နဲ့ တယောက် တိုးတိုးတိတ်တိတ် လက်ဆင့်ကမ်းခဲ့ရ။ တိတ်တခိုး သက်ပြင်းချခဲ့ရ။

၁၉၇၅ ဦးသန့် အရေးအခင်းမှာ ဦးသန့် ရုပ်ကလာပ်ကို ဒီနေရာမှာ မြှုပ်နှံဖို့ ကြိုးစားရင်း ကျောင်းသားသမဂ္ဂ ပြန်လည်တည်ဆောက်ဖို့ အားထုတ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် အဓိပတိလမ်းတလျှောက်က ကျောင်းသားသမဂ္ဂ ပြန်လည်တည်ဆောက်ရေး ကြွေးကြော်သံဟာ သံတိုင်တွေ နောက်ကွယ်ကို ရောက်ခဲ့ပြီး ထောင်နံရံတွေမှာသာ ပဲ့တင်ထပ်စေခဲ့တာပါ။

အဲဒီတုန်းက ထောင်တွေထဲမှာ အော်သံ ဟစ်သံ တောက်ခေါက်သံတွေနဲ့အတူ *မော်တော်ဆိုင်ကယ်စီး၊ *လေယာဉ်ပျံစီးခဲ့ရ။ သံချောင်းခေါက်လို့ အိပ်ချိန်လို့ အော်လိုက်တဲ့ အသံဗြဲကြီးကို လျစ်လျူရှုရင်း ကျောင်သားသမဂ္ဂ ဘယ်လို ပြန်ဆောက်မလဲ ဆိုတာကို ဝိုင်းဖွဲ့ တိုင်ပင်ခဲ့ကြ၊ စိတ်ကူးတွေယဉ်ခဲ့ကြ။ အိပ်မက်တွေ မက်ခဲ့ရ။ ခုတော့ ကျောင်းသားသမဂ္ဂကြီး ကို စာအုပ်ဟောင်းတွေ၊ ဓာတ်ပုံဟောင်းတွေထဲက အတိုင်း တွေ့လိုက်ရပြီ။

“ခင်ဗျား လာမယ်ဆိုလို့ ကျုပ်စောင့်နေတာ”

မျက်လုံးမှေးမှေး၊ အသားညိုညို ချင်းလူမျိုး ဗိသုကာကျောင်းသားဟောင်း ကိပ်ခိုလျှန်က ဂိတ်ဝက အုတ်ခုံကလေးပေါ်က ထလာရင်း ကျနော့်ကို ဆီးကြိုလိုက်ပါတယ်။

ကျနော်တို့ ဂိတ်ဝကနေ သမဂ္ဂ အဆောက်အဦကို လှမ်းကြည့်ရင်း...

“အရင်တုန်းက အဆောက်အဦအတိုင်းပဲနော်”

ကျနော် တအံ့တသြ ငေးရင်း ပြောမိပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အဦဟာ ၁၉၂၇ ခုနှစ်က သူဌေးကြီးဦးညိုရဲ့ ဆောက်လုပ်လှူဒါန်းမှုနဲ့ ပေါ်ပေါက်လာတာပါ။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်စစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတွေရဲ့ မြစ်ဖျားခံရာ ဖြစ်ပါတယ်။ ဒီသမိုင်းတွေကို သိတဲ့ ကိပ်ကတော့ သူ့မျက်ပေါက်ကျဉ်းကျဉ်းကလေး ပိတ်သွားတဲ့အထိ ပြုံးပြုံးကြီး ကြည့်ရင်း....

“ကျနော့်အမြင်ကတော့ ဒီလို အမှတ်တရ အဆောက်အဦတွေ ပြန်လည် တည်ဆောက်တဲ့အခါ ရှေးဟောင်းလက်ရာတွေ၊ သမိုင်းဆိုင်ရာ အချက်အလက်တွေ၊ ခံစားချက်တွေကို ပြန်လည်သတိရဖို့တင်မကပါဘူး။ သင်ခန်းစာယူဖို့လည်း လိုတယ်၊ ခေတ်မီဖို့လည်း လိုတယ်လေ။ အဲဒီမတူညီတဲ့ အချက်တွေရဲ့ ပဋိပက္ခတွေကို တပြိုင်တည်း ဖြေရှင်းရတာ ကျနော် စိတ်ဝင်စားတယ်”

သူ့စကားကို နားထောင်ရင်း ကျနော် ကျောင်းသားသမဂ္ဂဝင်းထဲကို ဝင်လိုက်ပါတယ်။ ခြေလှမ်း သုံး၊ လေးလှမ်းလောက် လှမ်းလိုက်တော့ ဗိုလ်အောင်ကျော် ကျောက်တိုင်ကို ဦးတိုက်မိပါတယ်။ ကျောက်တိုင်ပုကလေးဟာ ရေညှိတွေ အလိမ်းလိမ်းနဲ့ ဗိုလ်အောင်ကျော် လို့ ရေးထိုးထားတဲ့စာတန်းဟာလည်း ဆေးရောင်တွေ မှိန်မပျပျနဲ့ပါ။ ဒါပေမယ့် ကျောက်သားမှာ ထွင်းထာတာမို့ ဖတ်လို့ကောင်းကောင်း ရပါသေးတယ်။

“ဒီကျောက်တိုင်ကို အခုလို အဟောင်းအတိုင်းထားတာ လောကဓံကို ကြံ့ကြံ့ခံနိုင်တယ်ဆိုတဲ့အကြောင်း ပြောပြချင်လို့ပါ။ ကျောက်တိုင်ပုံစံကလည်း လေးထောင့် စပ်စပ်မို့ ခိုင်မာတယ် တည်ကြည်တယ် ဆိုတာကို ပြဆိုပြီးသားလေ”

ကိပ်က ကျနော့်ကို ရှင်းပြပါတယ်။

နောက်ထပ် ရှေ့ကို ခြေလှမ်းတလှမ်းလောက် လှမ်းလိုက်တဲ့အခါ ကျနော့် မျက်စိရှေ့က ကျောင်းသားသမဂ္ဂ အဆောင်အဦကြီးဟာ ပျောက်သွားပြီး ပြိုပျက်နေတဲ့ အင်္ဂတေတုံးနဲ့ လဲပြိုနေတဲ့ သံတိုင်ကြီးတွေကို စိန်ပန်းပင်တွေကြားမှာ တွေ့လိုက်ရပါတယ်။ အစိမ်းရောင် စိန်ပန်းတောအုပ်ထဲမှာ အနီရောင်စိန်ပန်းပွင့်တွေက မြေပြင်မှာ ကြွေလို့။

“အခုလို စိန်ပန်းနီတွေ မြေပြင်မှာကြွနေတဲ့ ရှုခင်းက ၇ ဇူလိုင်မှာ ကျဆုံးခဲ့တဲ့ ကျောင်းသားတွေကို ဂုဏ်ပြုတဲ့ landscape ကို ဖန်တီးထားတာလေ”

“ခုနက မြင်လိုက်တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကရော ဘယ်ရောက်သွားတာလဲဗျ”

“အဲဒါက ပုံရိပ်ယောင်ပါ။ 3D Hologram နည်းပညာနဲ့ ပုံဖော်ထားတာပါ။ အဓိပတိ လမ်းပေါ်က ကြည့်ရင် ဟိုးတုန်းက သမဂ္ဂအဆောက်အဦကြီးကို မြင်ရမယ်။ ဒါပေမယ့် သမဂ္ဂဝင်းထဲ ရောက်လို့ ဗိုလ်အောင်ကျော် ကျောက်တိုင်ကို ဦးတိုက်ပြီး နောက်ထပ် ခြေတလှမ်း လှမ်းလိုက်တာနဲ့ ခင်ဗျား အခုမြင်နေရတဲ့ စိန်ပန်းပွင့်နီနီတွေ ကြွေနေတဲ့ စိန်ပန်းတောကြီးနဲ့ ပြိုပျက်နေတဲ့ ကျောက်ပုံကြီးကို မြင်ရမှာပါ။”

မြေပြင်မှာ လဲလျောင်းနေတဲ့ စိန်ပန်းနီနီပေါ် ဇူလိုင်မိုးစက်ကလေးတွေ ကြွေကျနေသံကလည်း ကြေကွဲဖွယ် ခပ်လေးလေး စီးချက်ကလေးတွေပါ။ ဒီရှုမျှော်ခင်းထဲ ရောက်နေတဲ့ သူ့ရဲ့ရင်ခုန်သံနဲ့ ဟန်ချက်ညီနေပါတယ်။

ခပ်လှမ်းလှမ်းက ပြိုပျက်နေတဲ့ အုတ်ပုံနားကို ရောက်သွားတော့ အဲဒီအုတ်ပုံမှာ ၇ ဇူလိုင်တုန်းက ကျဆုံးခဲ့တဲ့ ကျောင်းသားတွေရဲ့ နာမည်တွေကို ရေးထိုးထားပါတယ်။

အမှတ်တရ အုတ်ပုံကြီးနားကို တဖြည်းဖြည်းတိုးသွားတဲ့အခါ အုပ်ပုံကြီးအောက်ကို ဆင်းသွားတဲ့ မြက်ခင်းလှေကားကလေးကို တွေ့ပါတယ်။ လှေကားအတိုင်း ဆင်းသွားတော့ အလင်းရောင်ဟာ တဖြည်းဖြည်းမှိန်လာပြီး သမဂ္ဂသီချင်းသာဟာ တဖြည်းဖြည်း တိုးထွက်လာပါတယ်။

သီချင်းသံလာရာ ဘက်ကို စီးမျှောလိုက်ပါသွားတဲ့အခါ လျှပ်စစ်ဖယောင်းတိုင်တွေ ထွန်းထားတဲ့ အခန်းကျယ်ကြီးတခုထဲကို ရောက်သွားတာ သတိထားမိပါတယ်။

“ခင်ဗျား ဒီမျက်မှန်တပ်လိုက်လေ”

ကိပ် ပေးတဲ့ မျက်မှန်ကလေးကို တပ်လိုက်ပါတယ်။ မျက်မှန်ကိုင်းမှာ နားကြပ်တစုံပါ ကပ်ထားတာမို့ သမဂ္ဂသီချင်းသံဟာ ပိုမိုပီပြင်လာပါတယ်။

ကျနော့်ရှေ့က မြင်ကွင်းဟာလည်း ပြောင်းသွားပါပြီ။ အစည်းအဝေးခန်းတခု။ သမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဆန်းဟာ သူ့ထိုင်ခုံပေါ်က ထပြီး ဒေါမာန်ပါပါနဲ့ ပြောနေပါတယ်။ အခြား ကျောင်းသား ကျောင်းသူတချို့က သူနဲ့ အပြန်အလှန် ငြင်းခုံနေပါတယ်။ သူတို့ရှေ့က စားပွဲခုံပေါ်မှာ အိုးဝေစာစောင်ကို ဖြန့်ချထားတာကို ကြည့်ခြင်းအားဖြင့် သူတို့ အိုးဝေ စာစောင်နဲ့ ပတ်သက်လို့ အငြင်းအခုံဖြစ်နေတယ်လို့ ခန့်မှန်းနိုင်ပါတယ်။

ကျနော် သူတို့စားပွဲဘေးက ဖြတ်လျှောက်သွားပါတယ်။ ဘိုကေပြောင်ပြောင်၊ ဘွတ်ဖိနပ်ပြောင်ပြောင်၊ ဘန်ကောက်လုံချည် ပြောင်ပြောင်နဲ့ ကျောင်းသားတယောက်က ကျနော့်နားက ဖြတ်လျှောက်သွားပါတယ်။ ကျနော့်ကိုတော့ တချက်ကလေးတောင်း ငဲ့မကြည့်ခဲ့။

ဟော ဟိုမှာ မျက်နှာသွယ်သွယ်၊ ကိုယ်လုံးသွယ်သွယ်၊ ဘောင်းဘီဖြူ ကုတ်အင်္ကျီ အဖြူနဲ့ ကျောင်းသားတယောက်။ သူက သူ့ခါးဝက်လောက်ရှိတဲ့ ရေးပြီးခါစ ကျောင်းသားသမဂ္ဂပုံ ဆီဆေးပန်းချီကားကြီးကို မနိုင်တနိုင် မ လာက နံရံမှာ ချိတ်ဖို့ လုပ်နေပါတယ်။ သူက ပန်းချီမောင်နန်းဝေ။

သူ့ရှေ့က ဖြတ်လျှောက်သွားတော ကျနော့်ကို သူ မကြည့်။ သူ့ပန်းချီကား ချိတ်ဖို့ကိုသာ သူ အာရုံရောက်နေပါတယ်။

မကြာခင် မြင်းခွာသံတွေ အဆက်မပြတ် ပေါ်လာပါတယ်။

သပိတ် သပိတ်  မှောက်မှောက်၊  မီးတုတ် မီးတုတ် ရှို့ရှို့။ ကြွေးကြော်သံတွေ ဆူညံလာတယ်။ ကိုဗဟိန်းရဲ့ မြင်းခွာ တချက်ပေါက်ရင် မီဟုန်းဟုန်းတောက်စေရမယ် ဆိုတဲ့ မိန့်ခွန်းသံ။ ဗိုလ်အောင်ကျော် ဈာပနမှ ငိုရှိုက်သံ။

လေယာဉ်ပျံ အချက်ပေးဥသြဆွဲသံတွေ အဆက်မပြတ် ထွက်ပေါ်လာပြီး ဗုံးသံတွေ တဝုန်းဝုန်း ကျနော့်နားမှာ ပေါက်ကွဲနေပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ပြီ။ ယူနီယံဂျက်အလံ၊ နေဝန်းနီ ဂျပန်အလံ၊ ဒေါင်းတံဆိပ် သုံးရောင်ခြယ် BIA ၊ BDA အလံ၊ ကြယ်ငါးပွင့်အလံ အလံတွေ တခုပြီးတခု ပေါ်လိုက် ပျောက်လိုက်။

ဝုန်းခနဲ အသံနက်ကြီးပေါ်လာပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦကြီး ပြိုကျသွားသံ။

ကျောင်းသားတွေ သွေးအလိမ်းလိမ်း ဟိုပြေး ဒီပြေး။ ဂျီသရီး သေနတ်သံများ အဆက်မပြတ်ထွက်ပေါ်။ ဗိုလ်ချုပ်နေဝင်းရဲ့ ဓား၊ ဓားချင်း လှံလှံချင်း မိန့်ခွန်းသံက ကျယ်သည်ထက် ကျယ်လာ။

ဦးသန့် ရုပ်ကလာပ်၊ သခင်ကိုယ်တော်မှိုင်းပုံ ကိုင်ထားတဲ့ ကျောင်းသားတွေရဲ့ ကြွေးကြော်သံ။

၈၈ အရေးတော်ပုံ အဓိပတိလမ်းထိပ်မှာ မင်းကိုနိုင် မိန့်ခွန်းပြောသံ၊ သေနတ်သံများ။

လူတချို့ ကျနော့်ဘေးနားမှ ဖြတ်သွားကြ။

ခွပ်ဒေါင်းအလံတွေ တလူလူလွင့်။ လက်ပံတန်းသပိတ်။ ဖြိုးဖြိုးအောင်၊ ကျော်ကိုကို၊ မင်းသွေးသစ်၊ ဇေယျလွင် ကျောင်းသားခေါင်းဆောင်တွေ အသစ်တွေ ပေါ်လာ။

လူစုခွဲဖို့ သတိပေးသံ၊ ရိုက်သံ နှက်သံ၊ ဒီမိုကရေစီပညာရေး ကြွေးကြော်သံ။

တကယ်ဖြစ်နေတဲ့ သတ်ကွင်းထဲမှာ ကိုယ် ကိုယ်တိုင် ရောက်နေသလို။ ကျောင်းသားသမိုင်းရဲ့ ရင်ခုန်သံတွေ ကျနော့်ရင်ထဲကို ရိုက်ခတ်သွား။

‘မျက်မှန်ချွတ်လိုက်လေ   မောသွားပြီလား’

ကျနော် သမိုင်းထဲကို ကိုယ်တိုင် အလည်ရောက်လို့ ပြန်ခဲ့ပြီ။

မျက်မှာ ချွတ်လိုက်ပြီး ကိပ်ကို ပေးလိုက်ပါတယ်။ ဟိုဘက်ခန်းကို သွားကြည့်ဦးမလား။ သူ ခေါ်ရာကို လိုက်သွားလိုက်ပါတယ်။

အစည်းအဝေးခန်းထဲမှာ ကျောင်းသားတချို့ စစ်ဘေးရှောင်တွေအတွက် ဘယ်လို ကူညီရမယ်ဆိုတာ ဆွေးနွေးနေကြပါတယ်။ ဆံပင်ကုပ်ဝဲ၊ မျက်မှန်ပါးပါး၊ ဂျင်းဘောင်းဘီ အပြာနဲ့ ကျောင်းသူတယောက်က လက်နက်ကိုင်အားလုံးရဲ့ မိခင်တွေ စုပေါင်းပြီး ငြိမ်းချမ်းရေးလှုပ်ရှားမှုပြုဖို့ အကြံပြုသွားပါတယ်။

ကျနော်တို့လွတ်နေတဲ့ နောက်တန်းနေရာမှာ ဝင်ထိုင်ရင်း သူတို့ ပြောနေ ဆိုနေတာတွေကို နားထောင်ပါတယ်။

မကြာခင် ကျောင်းသားတစ်ယောက် ရောက်လာပြီး ရေနွေးကြမ်းနဲ့ ကောက်ညှင်းပြန်ပေါင်းထုပ် ပူပူလေးတပွဲကို လာချပါတယ်။ ပြန်ပေါင်းထုပ်ပူပူကလေးကို အသာလေး ကိုင်မိလိုက်ကာရှိသေး

‘ကိုဇေကြီး အဆောင်ပိတ်ခါနီးပြီ တန်းစီရတော့မယ် ပြန်ရအောင်’

အင်းစိန်ထောင်အဆောင် ၃ က တန်းစီးအောင်မြင့်ရဲ့ အားလုံးငြိမ် ဆိုတဲ့အသံဟာ ပြန်ပေါင်းထုတ်ကို ယူတော့မယ့် ကျနော့်လက်ကို တွန့်သွားစေပါတယ်။

ကျနော်တို့ အင်စိန်ထောင်ထဲ ပုံစံ ထိုင်ဖို့အမီ ပြန်ရောက်သွားပါတယ်။

ကျနော်ရော ကိပ် ပါ အလုအယက် တန်းစီ၊ ခေါင်းငုံ့၊ လက်ကိုခေါင်းပေါ်တင်၊ စောင့်စောင့်ထိုင်ကာ ပုံစံထိုင်လိုက်ကြပါတယ်။ ဘေးမှာ ရခိုင်ကျောင်းသား ဦးလှစော၊ နာဂ ကျောင်းသား ထွန်းကြည်၊ မွန်ကျောင်းသား ချစ်ကြိုင်နဲ့ အခြားကျောင်းသား သုံးလေးယောက် က ကျနော်တို့နဲ့ အတူ။

မုဒိန်း၊ ခါးပိုက်နှိုက်၊ ဓါးပြ၊ သူခိုး၊ စစ်ပြေး စတဲ့ ရာဇ၀တ်သားတွေက ကြိမ်လုံးတွေတ၀င့်ဝင့်၊ သားရေပတ် တယမ်းယမ်းနဲ့ ကျနော်တို့ကို ပုံစံပေးဖို့ အသင့်ဖြစ်နေပါပြီ။ သူတို့ အဆောင်မှူး ဆာဂျင်သိန်းမြိုင်ရဲ့ ‘ရိုက်’ ဆိုတဲ့ အမိန့်ကိုနာခံဖို့ အသင့်ဖြစ်နေပါပြီ။

ကျနော်ဇောချွေးတွေပြန်လာပါတယ်။ အသက်ရူလို့မ၀ တော့ပါ။

လန့်နိုးတော့ DVB က သတင်းကြေညာသူ ခိုင်ပန်းနုရဲ့ အသံကို ပြတ်တောင်းပြတ်တောင်းကြားလိုက်ရပါတယ်။

ကျောင်းသားသမဂ္ဂ အသစ်ပြန်ဆောက်ဖို့ ကျောင်းသားတွေ ဆွေးနွေးကြမယ်တဲ့။

အထက်တန်းကျောင်းတွေ အပါအ၀င် ကျောင်းတိုင်းကျောင်းတိုင်းမှာ ကျောင်းသားသမဂ္ဂတွေ အမြန်ဆုံးတရားဝင်ဖွဲ့စည်းခွင့်ရပါစေ၊ သမဂ္ဂ ပြန်လည်တည်ဆောင်ရေးမှာ ကျောင်သားသမဂ္ဂ အားလုံးပါဝင်နိုင်ပါစေ။

ကျနော်မျက်စိ မဖွင့်ရဲပဲ ဆုတောင်းနေမိပါတယ်။

 

သားကြီးမောင်ဇေယျ

(၂၄-၂-၂၀၁၇)

*မော်တော်ဆိုင်ကယ်စီး = မဆလ အစိုးရလက်ထက် စစ်ထောက်လှန်းရေးက ကျောင်းသားများကို နှိပ်စက်နည်း တမျိုးဖြစ်ပါတယ်။ ခြေဖျားနှစ်ဖက်ထောက်၊ ပေါင်နှစ်လုံးဖြဲ၊ ဒူးကွေး၊ ထားပြီး ပါစပ်က တဖွတ်ဖွတ်အဆက်မပြတ်အော်ရပါတယ်။ အော်တာရပ်သွားတဲ့အခါ နောက်က ဆောင့်ကန်တာကိုခံရပါတယ်။ ခြေဖနှောင့် အောက်မှာတော့ ဆေးလိပ်မီး ထောင်ထားပါတယ်။

*လေယာဉ်ပျံစီး = မဆလ အစိုးရလက်ထက် စစ်ထောက်လှန်းရေးက ကျောင်းသားများကို နှိပ်စက်နည်း တမျိုးဖြစ်ပါတယ်။ လက်နှစ်ဖက်ဆန့်တန်း၊ ခြေထောက်တဖက်မြှောက်၊ ပါးစပ်က တ၀ူးဝူးအော်၊ ရပ်သွားလျှင် အရိုက်ခံရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013