DVB Logo
Home
မြန်မာသတင်း
ငပလီဒေသခံတောင်သူ ၁၀၀ ကျော် သိမ်းဆည်းခံလယ်ယာမြေပြန်ရရေးတောင်းဆို
DVB
·
February 27, 2017
ငပလီဒေသခံတောင်သူ ၁၀၀ ကျော် သိမ်းဆည်းခံလယ်ယာမြေပြန်ရရေးတောင်းဆို
1 / 4
Donate to DVB

 

ရခိုင်ပြည်နယ်၊ ငပလီမြို့က တောင်သူ ၁၁၀ ဦးနဲ့ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂက ဦးဆောင်ပြီး သိမ်းဆည်းခံလယ်ယာမြေ ပြန်လည်ရရှိရေး တောင်းဆိုလိုက်ပါတယ်။

သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်၊ ဒေါင်းသောက်တောင်ဆည် ကော်မတီရုံးမှာ ဖေဖော်ဝါရီ ၂၆ ရက်ကပြုလုပ်ခဲ့တဲ့ သိမ်းဆည်းခံလယ်ယာမြေတွေကို ပြန်လည်ရရှိရေးအတွက် တွေ့ဆုံပွဲမှာ တောင်းဆိုလိုက်တာပါ။

၂၀၀၀ ခုနှစ်တွေကစလို့ တောင်သူ ၁၁၀ ဦးဆီကနေ တောင်ယာမြေတွေနဲ့ ဥယျာဉ်ခြံမြေတွေ လယ်ယာဧက ၁၇၆ ဧကကို စစ်တပ်က သိမ်းဆည်းထားတာဖြစ်ပြီး၊ တောင်သူတွေအနေနဲ့ ဒီမြေတွေကို လုပ်စားခွင့်မရရှိတဲ့အပြင် တရားစွဲခံထားရတယ်လို့ သံတွဲမြို့နယ်၊ ဂျိတ္တောရပ်ကွက်နေ တောင်သူတဦးဖြစ်တဲ့ ဒေါ်လှဝင်းက  ပြောပါတယ်။

“သိမ်းထားတာ ၂၀၀၀ ခုနှစ်ကတည်းက သိမ်းထားတာပါ။ ၂၀၀၀ ကတည်းက ကြီးကြီးတို့ ဘာမှ လုပ်ပိုင်ခွင့်မရဘူး၊ သူတို့လည်း ဘာမှမလုပ်ဘူး။ အခုလည်း ဒီအတိုင်း မီးရှို့တာ၊ ခုတ်တာ၊ သက်သေခံပစ္စည်းတွေ ဖျောက်တယ်ပေါ့။ ကိုယ့်ဟာကိုယ် လုပ်စားမယ်ဆိုရင် ကျူး ကျော်သူအဖြစ် တရားစွဲတယ်။ ကိုယ်သာ တရားစွဲခံရတယ်၊ ကျူးကျော်သူအဖြစ်နဲ့ ကြီးကြီးတို့ တောင်သူတွေသာ တရားစွဲခံရတာပါ။”

သိမ်းဆည်းခံလယ်ယာမြေတွေထဲမှာ  ဂျိတ္တောရပ်ကွက်နဲ့ ဒေါင်းသောက်ရပ်ကွက်မှာ ၄၈ ဧက၊ နက်မောင်တောင်မှာ ၈ ဒသမ ၇ ဧက၊ ဝါးတောင်းကွင်းရွာမှာ ၇ ဒသမ ၈ ဧက၊ ဇီးဖြူကုန်းရပ်ကွက်မှာ ၃၈ ဒသမ ၃၉ ဧက၊ ဆင်ကြပ်ရွာမှာ ၅၈ ဧက စသဖြင့်ပါဝင်ပါတယ်။

ဒါ့အပြင် ဒီမြေတွေကို ဘာမှလုပ်စားခွင့်မပေးဘဲ ဟိုတယ်လုပ်ငန်းရှင်တွေ ခွဲဝေပေးထား တယ်လို့ တပ်မတော် အငြိမ်းစား တဦးဖြစ်တဲ့ ငပလီမြို့၊ ဇီးဖြူကုန်း အုပ်ချုပ်ရေးမှူး ဦးသိန်းကျော်က ဒီဗွီဘီကို ပြောပါတယ်။

“တပ်သိမ်းမြေဆိုပေမယ့်လည်း တပ်အတွက် ဘာမှအသုံးမချဘဲနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေကိုပဲ ခွဲဝေပေးလိုက်တဲ့အတွက်ကြောင့် ကျနော်တို့ ဒေသခံပြည်သူ ၅၉ ဦးဟာ အများကြီး နစ်နာမှု ရှိပါတယ်။ အခုအချိန်မှာ  ၁၇ နှစ်နီးပါးရှိနေပြီဖြစ်တာကြောင် ဒေသခံတွေဟာ အလုပ်လုပ်စရာမရှိတဲ့အခါ နဂို မိမိတို့ပိုင်ခဲ့တဲ့ ခြံတွေမှာ ညစောင့်တို့၊ ဟိုတယ်တွေမှာ နောက်ပြီးတော့ သန့်ရှင်းရေးတို့ အကုန်လုံးပေါ့လေ။ အောက်ခြေသိမ်းအဆင့်မှာ လုပ်နေရတဲ့ဘဝမျိုး ရောက်နေကြရပါတယ်။”

တောင်သူတွေနဲ့ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂက ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှကတော့ သိမ်းဆည်းခံ တောင်သူလယ်သမားတွေအတွက် တရားဥပဒေကြောင်း အဆင့်ဆင့် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“ဒီလယ်ယာမြေတွေ ဆုံရှုံးနေသူတွေအတွက် တဆင့်ပြီးတဆင့် ကျမတို့ လုပ်သွားမယ်။ မြို့နယ်ရဲစခန်းက လက်မခံဘူးဆိုရင် ခရိုင်ကို တက်မယ်၊ ခရိုင်က လက်မခံဘူးဆိုရင် တိုင်းကို တက်မယ်။ အစိုးရကို တက်မယ်။ နစ်နာသူတွေအတွက် ကျမတို့  အဆင့်ဆင့် လုပ်ဆောင်သွားမှာပါ”။

ဒီဆွေးနွေးပွဲကို ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ မြေသိမ်းဆည်းခံ တောင်သူများအဖွဲ့၊ သံတွဲအမျိုးသမီးကွန်ရက်အဖွဲ့၊ ရှေ့နေကွန်ရက်အဖွဲ့၊ ရခိုင်လူမှုကွန်ရက်အဖွဲ့၊ ရေလုပ်ငန်းရှင်းများအဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013