ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေ ထုတ်ပြန်ရာမှာ မျက်စိမမြင်သူတွေနဲ့ နားမကြားသူတွေ သိရှိနိုင်ဖို့ကအစ ထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဦးနေလင်းစိုးက ဒီနေ့ ကျင်းပတဲ့ မသန်စွမ်းသူများအကျုံးဝင်ရွေးကောက်ပွဲဆိုင်ရာ ဖိုရမ်မှာ ပြောပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့လည်း မဲဆွယ်စည်းရုံးရေးကိစ္စရပ်တွေ ဆောင်ရွက်တဲ့အခါ မသန်စွမ်းသူတွေအတွက်ကိုပါ စဉ်းစားပေးဖို့ လိုတယ်လို့လည်းသူက ပြောပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မသန်စွမ်းသူတွေအနေနဲ့ လွယ်ကူစွာ မဲပေးခွင့်ရဖို့ မျက်မမြင် မသန်စွမ်းတွေ အကူမပါပဲ မဲပေးခွင့်ရရေး၊ လက်လှမ်းမမီတဲ့ဒေသတွေက မသန်စွမ်းတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကို မီဒီယာတွေက တဆင့်သိရှိနိုင်အောင် မသန်စွမ်းသူများ အကျုံးဝင်ရွေးကောက်ပွဲဆိုင်ရာ ဖိုရမ်ကို ကျင်းပတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါ်ယုယသူက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လှိုင်သာယာ၊ ကြည့်မြင်တိုင်၊ မုံရွာ၊ ကော့မှူးနဲ့ ထန်တလန်မြို့တွေမှာ မသန်စွမ်းသူတွေ မဲပေးနိုင်ရေးအတွက် စံပြမဲရုံတွေ တည်ဆောက်ရေးနဲ့ ရွေးကောက်ပွဲမှာ မသန်စွမ်းတွေအနေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။











