
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ပန်ကန်းကျေးရွာအုပ်စု၊ ဆန်းဘွန်းကျေးရွာ၊ ပုလဲရတနာလမ်းရှိ ဇော်လွင်ဦးရဲ့ နေအိမ်မှာ မူးယစ်ဆေးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက် မနက် ၈ နာရီ ၅၀ မိနစ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက သတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်မှာ ဇော်လွင်ဦး၊ မရတနာဦးနဲ့ မောင်ရေခဲ တို့ကို WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ် ဆေးပြား ၄၁၉၄ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄ သိန်းကျော်)၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ၊ မူးယစ်ဆေးဝါးရောင်းရငွေ ၃၀၀၀၀ ကျပ်၊ ပွိုင့် ၂၂ သေနတ်တစ်လက်၊ ကျည်အိမ်တခု၊ ကျည်လေးတောင့်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါးတွေအတူ ဖမ်းဆီးရမိသူတွေကို လွိုင်ကော်မြို့မရဲတပ်ဖွဲ့စခန်းမှာ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။











