DVB Logo
Home
Lead Story
VX nerve agent မြောက်ကိုရီးယားရဲ့ အာရုံကြောအဆိပ်
DVB
·
February 25, 2017
VX nerve agent မြောက်ကိုရီးယားရဲ့ အာရုံကြောအဆိပ်
Donate to DVB

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူ အမေကွဲ ညီအစ်ကိုတော်သူ ကင်ဂျုံနမ်ဟာ မလေးရှားနိုင်ငံမှာ ၁၃-၂-၂ဝ၁၇ နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ သေဆုံးသူရဲ့မျက်နှာမှာ တွေ့ရှိရတဲ့ အဆိပ်ဟာ VX nerve agent အဆိပ် ဖြစ်တယ်လို့ မလေးရှားရဲတပ်ဖွဲ့ အဆိပ်အတောက်ဌာနက ထုတ်ဖော်ပြောလိုက်ပါတယ်။

VX nerve agent အဆိပ်ဆိုတာ ဘာလဲ

လူအမြောက်အမြားကို WMD သေစေနိုင်တဲ့ အဆိပ်လက်နက်လို့ ကုလသမဂ္ဂက သတ်မှတ်ထားတာပါ။ ပယင်းရောင်ရှိတယ်။ အဆီရေဖြစ်တယ်။ အရသာမရှိ။ အနံ့မရှိ။ အဆိပ်နဲ့ထိရင် အရေပြားကနေ သွေးထဲရောက်မယ်။ အာရုံကြော အချက်ပေးမှုကို ဖျက်ဆီးမယ်။ အရေပြားပေါ်မှာ တစက်ကျတာနဲ့ မိနစ်ပိုင်းအတွင်း သေဆုံးနိုင်တယ်။ အဆိပ်ကနည်းရင် မျက်လုံးတွေနာမယ်။ အမြင်အားနည်းမယ်။ အိပ်ချင်မယ်။ အန်မယ်။ ဖြန်းဆေးလည်းရှိတယ်။ အငွေ့လည်းရှိတယ်။ ရေနဲ့ အစားအသောက်ထဲမှာ ခပ်နိုင်တယ်။ စိုက်ပျိုးထွက်ကုန်တွေကိုလည်း အဆိပ်သင့်စေနိုင်တယ်။ မျိုချလို့ဖြစ်ဖြစ်၊ အငွေ့ရှူလို့ဖြစ်ဖြစ်၊ အရေပြားပေါ်တင်လို့ဖြစ်ဖြစ်၊ မျက်စိထဲခပ်လို့ဖြစ်ဖြစ် ကိုယ်ထဲရောက်တယ်။ အဝတ်အစားပေါ် တင်ပေးထားရင် မိနစ် ၃ဝ ကြာ ရှိနေမယ်။ ဓာတုအခေါ်က S-2 Diisoprophylaminoethyl methylphosphonothiolate ဖြစ်တယ်။ ဒီအဆိပ်ကို ၁၉၉၃ ကတည်းက တားမြစ်ထားတယ်။

လူသတ်မှုအတွက် မလေးရှားက မြောက်ကိုရီးယားကို စွပ်စွဲချက်မလုပ်ပေမယ့် ထင်ကြေးတွေက မြောက်ကိုရီးယားလက်ချက်လို့ ညွှန်ပြနေပါတယ်။ အမျိုးသမီး နှစ်ယောက်ကို ကွာလာလမ်ပူလေဆိပ် စီစီတီဗွီထဲမှာ သူနဲ့အတူ မြင်ခဲ့ရတယ်။ တယောက်က သေဆုံးသူရဲ့မျက်နှာကို ပွတ်ပေးနေတာနဲ့ ခဏနေတော့ လက်သွားဆေးတာ တွေ့ရပါတယ်။ သူတို့ကို ဖမ်းထားပြီးပါပြီ။ ကွာလာလမ်ပူမှာရှိတဲ့ မြောက်ကိုရီးယားသံရုံးနဲ့ လေကြောင်းလိုင်းက တာဝန်ရှိသူတချို့ကိုလည်း စစ်ဆေးချင်နေတယ်။ မြောက်ကိုရီးယား လူမျိုးတယောက်ကိုလည်း ဖမ်းထားပါတယ်။ သေဆုံးသူဟာ ကွယ်လွန်သွားတဲ့ ကင်ဂျုံအီးလ်ရဲ့ အရိုက်အရာကို ဆက်ခံဖို့ အလားအလာရှိခဲ့သူ ဖြစ်ပါတယ်။

ဖမ်းထားပြီးသူတွေ-

၁။ စီစီတီဗွီထဲက အမျိုးသမီးတယောက်က ဗီယက်နမ်သူ ဒိုအန်သီဟွမ် (၂၈ နှစ်) ဖြစ်တယ်။

၂။ အင်ဒိုနီးယားသူ စီတီ အိုင်စယာ (၂၅ နှစ်) ဖြစ်တယ်။

၃။ မြောက်ကိုရီးယားသား ရိဂွန်ချို၊ ၄၇ နှစ်၊

၎။ မူဟာမက် ဖာရိ ဂျာလာလူဒင်၊ စီတီ အိုင်စယာရဲ့ မလေးရှားလူမျိုး ရည်းစား၊

မေးမြန်းစစ်ဆေးလိုသူတွေ-

၁။ ဟီယွန် ကွန် ဆောင်း၊ ၄၄ နှစ်၊ အတွင်းဝန်၊ မြောက်ကိုရီးယားသံရုံး၊ ကွာလာလမ်ပူ၊

၂။ ကင် အုတ် အီးလ်၊ ၃၇ နှစ်၊ မြောက်ကိုရီးယား အဲယားကော်ရိုလေကြောင်း၊ ဝန်ထမ်း၊

၃။ ရီဂျူး၊ ၃ဝ နှစ်၊ မြောက်ကိုရီးယားလူမျိုး၊ ပြုံယမ်းရောက်နေပြီ ယူဆ၊

၎။ ရီ ဂျီ ဟိုင်ယောင်၊ ၃၃ နှစ်၊ မြောက်ကိုရီးယားလူမျိုး၊ ယခု ပြုံယမ်းရောက်နေပြီယူဆ၊

၅။ ဟောင် ဆွန် ဟက်၊ ၃၄ နှစ်၊ မြောက်ကိုရီးယားလူမျိုး၊ ယခု ပြုံယမ်း ရောက်နေပြီ ယူဆ၊

၆။ အို ဂျုံ ဂီးလ်၊ ၅၅ နှစ်၊ မြောက်ကိုရီးယားလူမျိုး၊ ယခု ပြုံယမ်း ရောက်နေပြီ ယူဆ၊

၇။ ရီ ဂျေး နမ်၊ ၅၇ နှစ်၊ မြောက်ကိုရီးယားလူမျိုး၊ ယခု ပြုံယမ်း ရောက်နေပြီ ယူဆ၊

မြောက်ကိုရီးယားရဲ့ တခြားတိုင်းပြည်တွေမှာ သွားရောက် လုပ်ကြံသတ်ဖြတ်မှုသမိုင်း

၁၉၈၆ ခုနှစ်၊ ဘလူးဟောက်စ် ခေါ် တောင်ကိုရီးယားသမ္မတအိမ်ပြာတော်ကို လက်ရွေးစင် မြောက်ကိုရီးယားကွန်မန်ဒို ၃၁ ယောက်ကို စေလွှတ်ပြီး သမ္မတ ပတ်ချုံဟီးကို လုပ်ကြံဖို့ ကြံစည်ခဲ့တယ်။ သူတို့တတွေ ဆိုးလ်မြို့နားက တောင်တွေပေါ်မှာ ပုန်းခိုနေခဲ့တယ်။ အရပ်သားတွေ တွေ့တယ်။ သူတို့က ရှောင်ထွက်နိုင်ခဲ့တယ်။ တောင်ကိုရီးယား လုံခြုံရေးတပ်ဖွဲ့က သတင်းရပြီး လိုက်ရှာတယ်။ တောင်ကိုရီးယား စစ်ယူနီဖောင်းတွေဝတ်ပြီး ဆိုးလ်မြို့ထဲ ဝင်လာကြတယ်။ သူတို့ကိုလိုက်ရှာတဲ့ တောင်ကိုရီးယားစစ်သားတွေ အယောင်ဆောင်တယ်။ သမ္မတအိမ်နဲ့ မီတာ ၁ဝဝ လောက်မှာ မေးမြန်းခံရတယ်။ ပစ်ခတ်မှုဖြစ်တယ်။ တောင်ကိုရီးယားလူမျိုး ၉ဝ ကျော် သေဆုံးတယ်။ တယောက်သာ အရှင်ဖမ်းမိပြီး ကျန်ကွန်မန်ဒိုတွေက သေနတ်ဒဏ်ရာနဲ့ သေတယ်။ တချို့က သူတို့ကိုယ်သူတို့ သတ်သေကြတယ်။

၁၉၇ဝ ကျော်ကနေ ၁၉၈ဝ ကျော်အတွင်း ဂျပန်လူမျိုးတွေကို မြောက်ကိုရီးယားကနေ ပြန်ပေးဆွဲခဲ့တယ်။ မြောက်ကိုရီးယား သူလျှိုတွကို ဂျပန်စကားပြောနဲ့ ထုံးစံတွေ သင်ပေးဖို့ ဖြစ်တယ်။ ဖမ်းခေါ်ခံရသူတွေထဲမှာ ၁၃ နှစ်သမီးလည်း ပါတယ်။ ရုရှားပိုင် ဗလာဒီ ဗော့စတော့မှာ မြောက်ကိုရီးယားလူမျိုးတွေ ထောင်ကျော် နေထိုင်ကြတာကို တောင်ကိုရီးယားအရာရှိ ချွိုင်ဒပ်ကီအန်က စောင့်ကြည့်ရတယ်။ ၁၉၉၆ အောက်တိုဘာမှာ သူ အသတ်ခံရတယ်။ ၁၉၉၇ ခုနှစ်မှာ မြောက်ကိုရီးယား နိုင်ငံရေးသမား ဝှန်ဂျန်းယို တောင်ကိုရီးယားကို လွတ်မြောက်သွားတယ်။ တခြားထင်ရှားသူ ယီဟန်ယွန်ကတော့ ပစ်သတ်ခံရတယ်။ ဘက်ပြောင်းလာသူ အယောင်ဆောင်တဲ့ မြောက်ကိုရီးယား သူလျှို ၂ ယောက်ကိုတော့ တောင်ကိုရီးယားက ဖမ်းမိတယ်။

၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က ရန်ကုန်မြို့၊ အာဇာနည်ဗိမာန်မှာ ဧည့်သည်တော် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝှမ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ဗုံးခွဲတာက မြောက်ကိုရီးယားလက်ချက် ဖြစ်တယ်။ မြောက်ကိုရီးယားထောက်လှမ်းရေး ၃ ယောက် ပါဝင်တယ်။ သူတို့ထဲက တယောက် သေဆုံးပြီး နှစ်ယောက် ဖမ်းမိတယ်။ တောင်ကိုရီးယား ဝန်ကြီး ၄ ဦးနဲ့ အထက်တန်းအရာရှိ ၁၇ ယောက် သေဆုံးတယ်။ ဆိုက်ရောက်ချိန် နောက်ကျလို့ ကံကောင်းထောက်မစွာ သမ္မတက လွတ်မြောက်တယ်။ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက မြောက်ကိုရီးယားနဲ့ သံအဆက်အသွယ် ဖြတ်လိုက်တယ်။

၂ဝဝ၇ မှာ သမ္မတဦးသိန်းစိန်က မြောက်ကိုရီးယားနဲ့ သံပြန်ဆက်လိုက်တယ်။ ၃-၄-၂ဝ၁၂ နေ့မှာ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် ဒုတိယခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးရွှေမန်းဟာ ပြုံယမ်းမြို့တော်ကို သွားပြီး မြောက်ကိုရီးယားနဲ့ နှစ်နိုင်ငံ သဘောတူ စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်တဲ့ ဟာသရုပ်ရှင် မြန်မာပြည်မှာ ပြသခွင့်ပိတ်ပင်၊ လျှို့ဝှက် မြေအောက်ဥမင်တွေ တူးတာနဲ့ စစ်ရေးသုံး ဒုံးကျည်ထုတ်လုပ်ဖို့ မြောက်ကိုရီးယားဆီကနေ အကူအညီယူတယ်လို့ မီဒီယာသတင်းတွေက ဆိုပါတယ်။ နျူကလီးယား အစီအစဉ် ရယူတာကိုလည်း သံသယရှိနေတယ်။ အမေရိကန်အစိုးရက စောင့်ကြည့်နေတယ်။

ကင် အီလ် ဆွန်း (၁၉၁၂-၁၉၉၄) ဟာ မြောက်ကိုရီးယား ကွန်မြူနစ်အာဏာရှင်နဲ့ ကင် မျိုးဆက်ကို ထူထောင်ခဲ့သူ ဖြစ်တယ်။ သူ့လက်ထက်မှာ မြောက်ကိုရီးယားလူပေါင်း ၁ ဒသမ ၆ သန်းကို သေစေခဲ့တယ်။ သူ မသေခင် သူ့သား ကင်ဂျုံအင်းလ် (၁၉၄၁-၂ဝ၁၁) ကို ဆက်ခံစေခဲ့တယ်။ ကင်ဂျုံအင်းလ် မသေခင် သူ့တတိယသား လက်ရှိခေါင်းဆောင် ကင် ဂျုံ အန်းကို ဆက်ခံစေခဲ့တယ်။
ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013