DVB Logo
Home
မြန်မာသတင်း
ရှမ်းလူမျိုးအလိုက်နိုင်ငံရေးဆွေးနွေးပွဲ တောင်ကြီး (သို့) ပင်လုံ၌ ကျင်းပခွင့်ပြုရန်တောင်းဆို
DVB
·
February 24, 2017
ရှမ်းလူမျိုးအလိုက်နိုင်ငံရေးဆွေးနွေးပွဲ တောင်ကြီး (သို့) ပင်လုံ၌ ကျင်းပခွင့်ပြုရန်တောင်းဆို
Donate to DVB

 

ရှမ်းတိုင်းရင်းသားတွေရဲ့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီး (သို့မဟုတ်) ပင်လုံမှာ ကျင်းပခွင့်ပေးဖို့ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်) က ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုလိုက်ပါတယ်။

ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ ကျင်းပဖို့ ရည်ရွယ်ထားပေမယ့်လည်း အစိုးရနဲ့ မြန်မာ့တပ်မတော်က မိုင်းပန်၊ မုံးထော်မုံးထနဲ့ နမ့်ပန်ခွန်မြို့တွေမှာသာ ကျင်းပဖို့ ခွင့်ပြု သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီဒေသတွေက ခရီးသွားလာရေး၊ နေထိုင်စားသောက်ရေး အခက်အခဲရှိတာကြောင့် တောင်ကြီး သို့မဟုတ် ပင်လုံ တနေရာရာမှာ ကျင်းပခွင့်ပြုဖို့ အာရ်စီအက်စ်အက်စ်က ဖေဖော်ဝါရီလ ၂၃ ရက် နေ့စွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့  ပြည်ထောင်စု ငြိမ်းချမ်ေးရး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC  ကို စာတစ်စောင်ပေးပို့ တောင်းဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံး ဒုညွှန်ကြားရေးမှူးချုပ်  ဦးဇော်ဌေးက ရှမ်းနိုင်ငံရေး ဆွေးနွေးပွဲကို ကမကထပြုဦးဆောင်မယ့်အဖွဲ့ဟာ ရှမ်းပြည်နယ် (အာစီအက်စ်အက်စ်) လက်နက်ကိုင်အဖွဲ့ ဖြစ်တာကြောင့် သူတို့နယ်မြေထဲမှာကျင်းပဖို့ ညှိနှိုင်းခဲ့ကြတာဖြစ်ကြောင်း၊ ဒါပေမယ့် အာရ်စီအက်က်အက်စ် က အဆင်မပြေကြောင်း စာရေးသားတင်ပြလာလို့ နောက်ထပ်ပြန်ပြီး ညှိနှိုင်းနေကြတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

“အာစီအက်စ်အက်စ်က ကမကထပြုဦးဆောင်မယ့် ဒိုင်ယာလော့ဖြစ်တဲ့အတွက် အထူးသဖြင့် အာစီအက်စ်အက်စ်နယ်မြေကို ညှိကြတာဖြစ်ပါတယ်။ သူတို့က တောင်ကြီး သို့မဟုတ် ပင်လုံ အဲဒီမှာလုပ်ချင်တယ်၊ တင်လာတော့ ကျနော်တို့မှာ အစိုးရဘက်ခြမ်းမှာ အစိုးရရယ်၊ တပ်မတော်ရယ်၊ လွှတ်တော်ရယ်ရှိတယ်၊ အဲဒါပြန်ညှိတယ်။ ညှိတော့ တပ်မတော်ဘက်က ညှိနှိုင်းတဲ့အချိန်မှာ ခုနပြောတဲ့ ၃ နေရာပေါ့။ အဲဒီ ၃ နေရာက အာစီအက်စ်အက်စ် နယ်မြေလည်းဖြစ်တယ် ဆိုပြီးတော့ တင်ပြလာတာရှိပါတယ်။ တင်ပြတဲ့နေရာမှာ ကျနော်တို့ အစိုးရ၊ အစိုးရဆိုတာထက် UPDJC ဥက္ကဋ္ဌ အနေနဲ့ ပြန်ပြီးတော့ ပြန်ကြားတာဖြစ်ပါတယ်၊ ခုနပြောတဲ့ နယ်မြေ ၃ နေရာမှာ အဆင်မပြေရင် ကျနော်တို့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဆက်လက်ပြီးတော့ ညှိနှိုင်းဖို့၊ ညှိနှိုင်းတဲ့အခါမှာ ဟိုဘက်ဒီဘက် အဆင်ပြေတဲ့နေရာပေါ့ အဲဒါကို ပြန်တင်ပြဖို့  ကျနော်တို့က တင်ပြထားတာ ရှိပါတယ်။”

အာစီအက်စ်အက်စ် ဘက်ကတော့ အစိုးရသတ်မှတ်ပေးတဲ့နေရာမှာဆိုရင် ရှမ်းလူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနိုင်မှာမဟုတ်လို့  ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံမှာ ဆွေးနွေးဖို့ အကြောင်းအရာရှိမှာမဟုတ်ကြောင်း၊ ပါဝင်တက်ရောက်ဖို့လည်း အခက် အခဲများစွာရှိလို့ အစိုးရ၊ တပ်မတော်တို့အနေနဲ့ သဘောထားကြီးစွာထားပြီး တောင်ကြီး ဒါမှမဟုတ် ပင်လုံမှာ ကျင်းပခွင့်ပြုဖို့ တင်ပြတောင်းဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး - ၂ လည်းဖြစ်၊  UPDJC အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ စိုင်းကျော်ညွှန့်ကလည်း  ရှမ်းနိုင်ငံရေး aဆွးနွေးပွဲကို အာရ်စီအက်စ်အက်စ်က ဦးဆောင်ဆွေးနွေးမယ်ဆိုပေမယ့်လည်း ရှမ်းလက်နက်ကိုင် တပ်ဖွဲ့တွေ၊ ရှမ်းနိုင်ငံရေးအဖွဲ့တွေ နဲ့ ရှမ်းလူမှုအခြေပြုအဖွဲ့တွေ အားလုံးဆီက သဘောထားတွေရယူ ဆွေးနွေးမှာဖြစ်တာကြောင့်၊ ရှမ်းတမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပတာက ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဘာမှမဆိုင်ဘူးခင်ဗျ။ ဒါက  UPDJC ရဲ့ လုပ်ပိုင်ခွင့်ဖြစ်ပါတယ်။  ဒါကို  UPDJC မဟုတ်ဘဲ သူတို့က ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ညှိနှိုင်းခိုင်းတဲ့ သဘောပြောနေတယ်။  ဒါဆိုရင် ကျနော်တို့သွားနေတဲ့ လမ်းကြောင်းက သိပ်မ ဟုတ်သေးဘူး။  ကျနော်တို့ ရေးဆွဲထားတဲ့ ဒီအိုအာရ် အရဆိုရင် ဟိုနေရာမကျင်းပရ ဒီနေရာ မကျင်းပရဆိုတာ ဘာမှမရှိပါဘူး”

တိုင်းရင်းသားလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပရာမှာ ပအိုဝ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အစက ပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ဟိုပုန်းမြို့မှာဘဲ ကျင်းပခဲ့ရပြီး ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုလည်း ဟားခါးမြို့မှာ ခွင့်မပြုလို့  ထန်တလန်မြို့မှာသာ ပြောင်းပြီး ကျင်းပခဲ့ရပါတယ်။

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကိုလာမယ့် မတ်လထဲမှာ ကျင်းပမှာဖြစ်ပြီး အဲဒီညီလာခံ မတိုင်ခင် လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေတာ ဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013