
ဦးကိုနီ လုပ်ကြံသူအား အသက်စွန့်ဖမ်းဆီးပေးခဲ့တဲ့ တက္ကစီကားဆရာ ဦးနေ၀င်းကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလအတွက် ချီးကျုးဂုဏ်ပြုထိုက်သူအဖြစ် မှတ်တမ်းတင် ဂုဏ်ပြု လိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ဖေဖော်ဝါရီ ၂၃ ရက် ရက်စွဲနဲ့ ကြေညာချက်ထဲမှာ ဦးနေ၀င်းဟာ အသက်စွန့်ပြီး လူသတ်သမားကို ဖမ်းဆီးခဲ့တယ်။ သူ့လုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်အပေါ် ပြည်သူတွေက ဆန့်ကျင်လာစေဖို့ နှိုးဆော်ခဲ့တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဒီမိုကရေစီကူးပြောင်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြမတ်ရေး လုပ်ဆောင်နေချိန်မှာ ဦးနေ၀င်းရဲ့ အသက်ပေးမှုကို အမြဲအမှတ်ရနေမှာဖြစ်ပြီး အကြမ်းဖက်မှုဆန့်ကျင်ရေးအတွက် ကြီးမာတဲ့ တွန်းအား လည်း ဖြစ်တယ်လို့ အတိုင်ပင်ခံရုံးစာက ဆိုပါတယ်။
နိုင်ငံသူနိုင်ငံသားတွေအနေနဲ့လည်း ဦးနေ၀င်းလို ရဲဝံ့စွန့်လွှတ်တာဝန်သိပြီး မတရားမှုကို ဆန့်ကျင် ကြပါ၊ အေးချမ်းတည်ငြိမ်လုံခြုံတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ပေးကြပါလို့လည်း ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံပါတယ်။
တက္ကစီကားဆရာ ဦးနေ၀င်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်က ရန်ကုန်လေဆိပ်မှာ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်တဲ့ ကြည်လင်းကို လိုက်ဖမ်းရင်း ကျည်ဆန်ထိမှန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။











