
ရန်ကုန် ရွှေပြည်သာစက်မှုဇုန်မှာ ကျပ်သန်းပေါင်း ၂ သောင်းကျော်တန်ဖိုးရှိတဲ့ ကိုကင်း မူးယစ်ဆေးဝါး ကီလို ၄၅၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒီကနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေကနေ အစိုးရက အတည်ပြု သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်က ရွှေပြည်သာ စက်မှုဇုန် ကုမ္ပဏီရဲ့ ဂိုဒေါင်မှာ ပြည်ပကတင်သွင်းလာတဲ့ သကြားအိတ်တွေနဲ့ ရောပြီး မသင်္ကာဖွယ်အတုံး အခဲတွေ ထည့်ထားတဲ့ ခရီးဆောင်အိတ် ၇ လုံးကို တွေ့ရှိကြောင်း ကုမ္ပဏီ တာဝန်ရှိသူတွေကသတင်းပေးပို့ခဲ့လို့ နယ်မြေခံရဲတပ်ဖွဲ့နဲ့ မူးယစ်ရဲတပ်ဖွဲ့ တွေ သွားရောက် စစ်ဆေးရာမှာ ကိုကင်း အတုံး ၂၀၀ (အလေးချိန်ကီလို ၂၀၀)ကို တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း ရွှေပြည်သာ စက်မှုဇုန် တခြားကုမ္ပဏီတခုမှာ ပြည်ပက ပို့လာတဲ့ သကြားအိတ်တွေ တင်ဆောင်ထားတဲ့ ကွန်တိန်နာထဲကနေ တစ်တုံးလျင် ၁ကီလို ဂရမ်လောက်အလေးချိန်ရှိတဲ့ ကိုကင်း အတုံးပေါင်း ၂၅၀ (၂၅၀ ကီလို) တွေ့ရှိ သိမ်းဆည်းရမိခဲ့ တယ်လို့သတင်းမှာဖော်ပြပါတယ်။
အဆိုပါ ကိုကင်းမူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံကို ဘယ်နိုင်ငံကနေ ဘယ်လိုရောက်လာသလဲ ဆိုတာကိုတော့ သတင်းမှာ အသေးစိတ် ရေးသားဖော်ပြခြင်းမရှိပါဘူး။











