DVB Logo
Home
Lead Story
ကလိယုဂ - ဆုတ်ကပ်ခေတ်မှာ အကောင်းကျန်နေတဲ့ ခြေထောက်ကို ရိုက်ချိုးနေသူ မဖြစ်စေဖို့
DVB
·
February 24, 2017
ကလိယုဂ - ဆုတ်ကပ်ခေတ်မှာ အကောင်းကျန်နေတဲ့ ခြေထောက်ကို ရိုက်ချိုးနေသူ မဖြစ်စေဖို့
Donate to DVB

 

ပြည်သူလူထု ရွေးကောက်လိုက်လို့ ပြီးခဲ့တဲ့နှစ် ဧပြီလ ၁ ရက်နေ့မှာ အစိုးရဖွဲ့နိုင်ခဲ့တဲ့ NLD အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအနက်က ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးနဲ့ အထွေထွေ ပြုပြင်ပြောင်းလဲရေးကိစ္စအများစုမှာ  နှောင့်နှေးကြန့်ကြာစေတဲ့ အကြောင်းအရင်း များစွာ ရှိပါတယ်။

ပြောင်းလဲရေး အောင်မြင်ဖို့ အဓိကအင်အားစုတွေဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံသားအားလုံးရဲ့ အသိဉာဏ်၊ အတွေးအခေါ်၊ ကိုယ်ကျင့်သီလ၊ ရပ်တည်ချက်၊ သဘောထား၊ အလေ့အထ၊ စည်းကမ်း စတဲ့ တန်ဖိုးတွေ မြင့်မားနေဖို့ လိုသလို၊ ပြောင်းလဲရေးအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ထိရောက်တဲ့ စီမံအုပ်ချုပ်ပုံစနစ်၊ ကောင်းမွန်ပြည့်စုံတဲ့ စီမံကိန်း၊ ဘတ်ဂျက်ငွေကြေး၊ စွမ်းအားကောင်းတဲ့ လူအင်အား အရင်းအမြစ်၊ နည်းပညာ အတတ်ပညာတွေ မလုံလောက်ခဲ့ရင် ပြုပြင်ပြောင်းလဲမှုတွေမှာ အခက်အခဲတွေ ရှိတတ်ပါတယ်။ ထင်ရှားတဲ့ သာဓကကို ပြရရင်တော့ ရန်ကုန်မြို့တော်မှာ လက်ရှိ အပြောင်းအလဲလုပ်ဖို့ ကြိုးစားနေတဲ့ ‘YBS’ လို့ ခေါ်ကြတဲ့ အများပြည်သူ ခရီးသွားလာရေးစနစ်ပါပဲ။

ဒါပေမယ့် အထက်မှာ ရေးပြခဲ့တဲ့ နှောင့်နှေးကြန့်ကြာ ခက်ခဲစေတဲ့ အကြောင်းတရားတွေထက်ပိုပြီး အဓိကကျတဲ့ အခြေခံအကြောင်းတရားတရပ် ရှိနေပါသေးတယ်။ အဲဒါကတော့ ပြောင်းလဲရေးမှာ ပတ်သက်နေတဲ့ အဓိကအင်အားစုတွေ (Main Stakeholders) ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်လိုတဲ့ဆန္ဒ အားကောင်းမှု ရှိ၊ မရှိ ဆိုတာ ပါပဲ။ အဲဒီအင်အားစုတွေရဲ့ ဆန္ဒအားမကောင်းရင်၊ ပြုပြင်ပြောင်းလဲလိုတဲ့ဆန္ဒ မရှိဘူး ဆိုရင် ဘယ်လောက် ပြည့်စုံကောင်းမွန်တဲ့ စီမံကိန်းတွေရှိရှိ၊ လုံလောက်တဲ့ ဘတ်ဂျက် ငွေကြေးတွေ ရှိရှိ၊ နောက်ဆုံးပေါ် အတတ်ပညာတွေရှိရှိ  ပြောင်းလဲရေးဟာ မဖြောင့်ဖြူးနိုင်သလို ကြန့်ကြာနှောင့်နှေးတော့တာပါပဲ။

တိတိကျကျ ပြောရရင်တော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး နှောင့်နှေး ကြန့်ကြာစေတဲ့ အဓိကအကျဆုံး အခြေခံအကြောင်းတရားကတော့ ဒီကနေ့ထက်ထိ တိုင်အောင် တိုင်းပြည်ရဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတွေအပြင် နိုင်ငံပိုင်၊ ပြည်သူပိုင် ဓနဥစ္စာ မြေယာတွေကို လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်း ခွဲဝေယူထားကြတဲ့ အာဏာရှင် အသိုင်းအဝိုင်း အပေါင်းအပါတွေ၊ သူတို့နဲ့နွယ်ပြီး ရာထူး၊ စည်းစိမ်ဥစ္စာပစ္စည်း ပိုင်ဆိုင်ထားကြတဲ့ အင်အားစုကြီးရဲ့ အပြောင်းအလဲကို မလိုက်ပါလိုတဲ့ ဆန္ဒပါပဲ။

အဲဒီအင်အားစုကြီးဟာ… တိုင်းပြည်ကို ပြုပြင်ပြောင်းလဲပေနိုင်တဲ့ လုပ်ပိုင်ခွင့် အာဏာအရပ်ရပ်ကို ပြည်သူအများစု လက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နေရာအသီးသီးမှာ ပိုင်ဆိုင်ဆုပ်ကိုင်ထားကြပါတယ်။ သူတို့ ခွင့်မပြုဘဲ၊ သဘောမတူဘဲ အဓိကကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လို့မရအောင် ၂၀၀၈ အခြေခံဥပဒေက သူတို့ကို အာဏာ အပ်နှင်းပေးထားပါတယ်။ အဲဒီအင်အားစုကြီးဟာ မမှန်ကန်တဲ့ နည်းလမ်းနဲ့ သူတို့ ရရှိအပ်တဲ့ အခွင့်အာဏာ ရာထူးစည်းစိမ်တွေကို လက်လွတ်ရမှာ စိုးရွံ့ကြောက်လန့်တဲ့ ဘယာဂတိကြောင့် အပြောင်းအလဲအပေါ် ဆန္ဒမပြင်းပြကြတာ လူတိုင်း မြင်သာပါတယ်။ ဒီတော့ အပြောင်းအလဲတွေက ထိထိရောက်ရောက် ဖြစ်မလာတာဟာ မဆန်းကြယ်လှပါဘူး။

ပြဿနာတရပ်ကို ဖြေရှင်းဖို့ အမှန်တကယ် လိုလားတယ်ဆိုရင် ပထမဆုံး လုပ်ရမယ့် အလုပ်က ပြဿနာရှိနေတယ်ဆိုတာကို မိမိရဲ့ဆန္ဒစွဲကင်းကင်းနဲ့ ရိုးရိုးသားသား အသိအမှတ်ပြုဖို့ လိုတယ်။ ပြီးရင် အဲဒီပြဿနာ ဘာကြောင့် ဖြစ်လာရတာလဲဆိုတဲ့ အရင်းခံ အကြောင်းတရားကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်နိုင်ဖို့လည်း အရေးကြီးပါတယ်။ ဒါမှသာ အဲဒီပြဿနာကို အခုရော နှောင်မှာပါ ထပ်မံမဖြစ်ပွားဖို့ ဖြေရှင်းတားဆီးနိုင်မယ့် အဖြေကို ရှာဖွေ ကုစားနိုင်မှာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ဥပမာပြရရင် နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေခဲ့တဲ့ ပြည်တွင်းစစ်ဆိုတဲ့ ပြဿနာကို ဖြေရှင်းလိုတယ်ဆိုရင် အဲ့ဒီပြဿနာနဲ့ ဖြစ်ပွားစေတဲ့ အခြေခံအကြောင်းတရားကို မိမိအလိုဆန္ဒစွဲ ကင်းကင်းနဲ့ မှန်မှန်ကန်ကန် အသိအမှတ်ပြုဖို့ လိုပါတယ်။

ပြည်တွင်းစစ်ဖြစ်ရတာ၊ စစ်ပွဲတွေ မရပ်စဲနိုင်တာ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိနေလို့ သောင်းကျန်းသူတွေလို့ သမုတ်ပြီး အပြစ်တင် အပြစ်ပုံချတဲ့ ယဉ်ကျေးမှု့ (Blame Culture) နဲ့ ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ အဲဒီလို လက်ညှိုးထိုး အပြစ်ရှာခြင်းဟာ ပြဿနာကို ပိုရှည်ကြာအောင် အချိန်ဆွဲနေသလိုပဲ ဖြစ်စေမှာပါ။

ပြည်တွင်းစစ် ဖြစ်ခဲ့ရတာ၊ မငြှိမ်းသတ်နိုင်ဘဲ ရှည်ကြာခဲ့ရတာဟာ... တိုင်းရင်းသား လူမျိုးစုတွေအပေါ် အခွင့်အရေး မညီမျှမှု၊ အနိုင်ကျင့်ဗိုလ်ကျမှု၊ ပင်လုံကတိကဝတ်တွေကို အကောင်အထည်မဖော်မှု၊ ချိုးဖောက်မှုတွေကြောင့် ဖြစ်တယ်၊ ငြိမ်းချမ်းစွာ စားပွဲဝိုင်းပေါ်မှာ မျှမျှတတ ဖြေရှင်းဖို့ မကြိုးစားခဲ့ကြဘဲ၊ မိမိဘက် အသာစီးရဖို့ တဖက်စောင်းနင်း တောင်းဆိုချက်တွေနဲ့ ငြိမ်းချမ်းရေးအယောင်ပြ ဆွေးနွေးခဲ့ကြတာရယ်၊ လက်နက်နဲ့ အကြမ်းဖက် သတ်ဖြတ်ဖြေရှင်းဖို့ ကြိုးစားခဲ့ကြတာတွေ နှစ်ရှည်လများ ကြာညောင်းခဲ့တော့ ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ရတာတွေဟာ အရင်းခံအကြောင်းတရားတွေ ဖြစ်တယ် ဆိုတာကို သတ္တိရှိရှိ အသိအမှတ်ပြုနိုင်မှ ပြည်တွင်းငြိမ်းချမ်းရေးပြဿနာကို ရှင်းလင်းဖို့ အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။

ဟောဒီ ဘဒ္ဒကမ္ဘာကြီးမှာ လူ့သက်တမ်းအားဖြင့် နှစ် ၁၀၀ တန်း ရောက်နေတဲ့ခေတ်၊ လူ လေးယောက်ရှိတိုင်း လူတယောက်မှာသာ အသိဉာဏ်ဦးစီးတဲ့ အတွေးအခေါ်၊ မေတ္တာတရား၊ ကိုယ်ချင်းစာတရားနဲ့ စိတ်ကောင်းရှိတဲ့ ကလိယုဂလို့ ပြောကြရတဲ့ ဆုတ်ကပ်ခေတ်ကြီးထဲမှာ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်တော်မူခဲ့တာမို့ လူမိုက် လူ့အန္ဓတွေ ပေါများလှတဲ့ ကမ္ဘာကြီးကို ရုပ်ပျက်ဆင်းပျက် ကောက်ကျစ်ယုတ်မာမှုတွေ၊ တရားမဲ့ ဗိုလ်ကျအနိုင်ကျင့်မှုတွေနဲ့ အမြဲတမ်း ဖုံးလွှမ်းမှောင်မိုက်မနေအောင် အတိုင်းအတာ တခုအထိသာ အကန့်အသတ်နဲ့ ထိမ်းကျောင်းတည့်မတ်ပေးနိုင်ပေမယ့်... အမည်းရောင် အင်အားစုတွေက လေးပုံမှာ သုံးပုံလောက် ရှိနေတော့ လူ့လောကဟာ များသောအားဖြင့် မတရားမှုတွေနဲ့သာ ပြည့်လျှမ်းနေတတ်ပါတယ်။

အဲဒီ ကလိယုဂ - ဆုတ်ကပ်ခတ်ကို တချို့ဆရာတော်ကြီးတွေကတော့ ခြေထောက် လေးချောင်းရှိတဲ့ သတ္တဝါတကောင်မှာ ခြေ ၃ ချောင်းက မကောင်းဘဲ ပျက်စီးနေပြီး ကျန်တဲ့ ခြေထောက်တချောင်းသာ အကောင်းပကတိရှိနေတဲ့ခေတ်လို့ ဥပမာပေးကြပါတယ်။ ဒီတော့ ကျန်နေသေးတဲ့ ခြေထောက်အကောင်း တဖက်တော့ မကျိုးပါစေနဲ့လို့ ဆုံးမတယ်။

ဆိုလိုတာက လူသားအချင်းချင်း မေတ္တာ၊ စေတနာ၊ ကရုဏာထားပြီး မှန်မှန်ကန်ကန် ရိုးရိုးသားသား လူကောင်းသူကောင်းစိတ်တွေကို စောင့်ရှောက်ကြပါ။ သူတော်ကောင်းတွေ၊ မတရားမှုကို လက်မခံဘဲ ရိုးသားစွာ ဆန့်ကျင်သူတွေ၊ အမှန်တရားကို မြတ်နိုးသူတွေကို ဝိုင်းရံပေးကြပါလို့ တိုက်တွန်းနေကြတာပါ။

အခု ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၂၅၀၀ ကျော်နေတဲ့ တို့များခေတ်မှာတော့ ပိုဆိုးဝါးတဲ့အခြေအနေကို ရောက်နေပါတယ်။ အဆိုးဝါးဆုံးကတော့ ဘုရားရှင်ရဲ့ သာသနာကို ဗန်းပြပြီး အမုန်းတရားဖြန့်ဖြူးနေတာတို့ ဘာသာရေးကို ရှေ့တန်းတင်ပြီး နိုင်ငံရေးအမြတ်ထုတ်၊ အုပ်ချုပ်ရေးအာဏာယူဖို့ ကိုယ့်ကျိုးစီးပွားအတွက် လုပ်စားလာကြ တာတွေ ထင်ထင်ရှားရှား တွေ့နေရပါပြီ။

အဲဒီလို မိုက်မဲသူတွေ၊ လောဘ၊ ဒေါသ၊ အမုန်းအာဃာတ အငြိုးအတေး တောက်လောင်နေသူတွေဟာ ပျက်စီးနေတဲ့ ခြေထောက် ၃ ချောင်းနဲ့ တူပါတယ်။  အဲဒီလို လူတွေထဲမှာ ကိုယ်မပါစေဖို့နဲ့၊ ရောယောင် မထောက်ခံမိစေနဲ့ မိမိမိတ်ဆွေတွေထဲမှာ အဲဒီလို စိတ်ထား၊ အတွေးအခေါ်မျိုးရှိရင် မိမိ တတ်နိုင်သလောက် ကူညီတည့်မတ် ပြုပြင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ သူတို့နောက် မသိဘဲ မလိုက်ပါမိစေနဲ့ ဉာဏ်မဦးစီးဘဲ   အစွန်းတရားလိုက်စားပြီး မမိုက်မဲမိအောင် ဆင်ခြင်ကြဖို့၊ အချင်းချင်း ထိန်းကျောင်းကြဖို့ လိုအပ်ပါတယ်။

လူရယ်လို့ ဖြစ်လာရင် လူဖြစ်ကျိုးနပ်ဖို့၊ လူကို လူလို မြင်တတ်တဲ့ မေတ္တာစိတ် ဦးစီးတဲ့ လူ့ဂုဏ်သိက္ခာကို ပိုင်ဆိုင်ဖို့ လိုပါတယ်။ ရင်ထဲက အမုန်းတရားတွေ၊ အာဃာတ ရန်ငြိုးတွေ ဖယ်ရှားပယ်သတ်နိုင်ဖို့ မေတ္တာစိတ်ကို မွေးမြူဖို့ လိုပါတယ်။ မေတ္တာဆိုတာ ဒေါသကို ဖယ်ရှားနိုင်တဲ့စွမ်းအား ဖြစ်တာမို့ ဒေါသကို ဖယ်ရှားပစ်ဖို့ရန်အတွက် လူရဲ့သန္တာန်တွေမှာ မေတ္တာကို ထူထောင်ဖို့ လိုပါတယ်။

မေတ္တာဆိုတာ အကျိုးလိုလားတဲ့ သဘော၊ ဒေါသဆိုတာ အကျိုးစီးပွားကို ဖျက်ဆီးပစ်လိုတဲ့ သဘောပါပဲ။ မေတ္တာဆိုတဲ့ အဒေါသ သဘာဝတရားကို မိမိသန္တာန်မှာ ပျိုးထောင်ပြီး ရင်ထဲ၊ နှလုံးသားထဲမှာရှိတဲ့ အမုန်းတရားတွေကို ဖယ်ရှားရပါမယ်။ ဒေါသကို ဖယ်ရှားချင်ရင် မေတ္တာကို ပွားရမယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်က " မေတ္တာဘာဝေတဗ္ဗာ ဒေါသဿ ပဟာနာယ" ဆိုပြီး   မိမိရင်ထဲက စိတ်ဆိုးစိတ်မိုက်ကို ဖယ်ရှားနိုင်ဖို့ ၊ အမုန်းတရား၊ အငြိုးအတေး အာဃာတနဲ့ ဒေါသကို ဖယ်ရှားဖို့ရာ မေတ္တာကို ပွားပါလို့ ဟောကြားခဲ့တာ ဖြစ်ပါတယ်။ လောကမှာ နှလုံးသားလှပဖို့ အလွန်အရေးကြီးပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် တိုင်းပြည်ကို လမ်းမှန်ပေါ် ရောက်အောင်၊ အများပြည်သူ အကျိုးစီးပွားကို ဖော်ဆာင်နိုင်ဖို့ ထိရောက်မြန်ဆန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်အောင် မြန်မာနိုင်ငံသားတိုင်းဟာ မိမိ စွန့်လွှတ်ပေးဆပ်သင့်တာကို ရဲရဲရင့်ရင့် စွန့်လွှတ်နိုင်ပြီး အပြောင်းအလဲမှာ လိုက်ပါဖို့ ဆန္ဒပြင်းပြလာနိုင်အောင် ကလိယုဂ - ဆုတ်ကပ်ခတ်ထဲမှာ ကောင်းနေတဲ့ ခြေထောက်တချောင်းနဲ့ တူတဲ့ အပြောင်းအလဲကို ဆောင်ရွက်နေသူတွေကို နှောင့်ယှက် ရိုက်ချိုးနေသူ မဖြစ်အောင်၊ အပြောင်းအလဲမှာ လိုက်ပါလိုတဲ့ ဆန္ဒတွေ ရှိလာဖို့ မြတ်စွာဘုရားရှင် ဟောကြာအပ်တဲ့ မင်္ဂလသုတ်ထဲမှာပါတဲ့ "အတ္တသမ္မာပဏီဓိစ" ဆိုတဲ့ မိမိစိတ်ကို ကောင်းအောင် ပြုပြင်နိုင်ခြင်းနဲ့ မင်္ဂလာမည်အောင် ဖြည့်ကျင့်နိုင်ကြပါစေလို့ တိုက်တွန်းဆုခြွေလိုက်ပါတယ်။

မင်းကောင်းချစ်

ကိုးကားချက် (ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဓမ္မဝိနယစင်တာ ဓမ္မာရုံကြီးအတွင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားသည့် “အနိုင်ယူခြင်းနဲ့ ညှာတာခြင်း တရားတော်” ကို မှီငြမ်းပါသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013