DVB Logo
Home
မြန်မာသတင်း
သွားလာခွင့် ကန့်သတ်ထားသဖြင့် နေရပ်စွန့်ခွာသူများကို အကူအညီပေးရေး နှောင့်နှေး
DVB
·
February 23, 2017
သွားလာခွင့် ကန့်သတ်ထားသဖြင့် နေရပ်စွန့်ခွာသူများကို အကူအညီပေးရေး နှောင့်နှေး
Donate to DVB

 

သွားလာခွင့်တွေ ကန့်သတ်ထားလို့ မြန်မာနိုင်ငံတွင်းက နေရပ်စွန့်ခွာသူတွေကို အကူအညီပေးဖို့အတွက် နှောင့်နှေးရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၆ အောက်တိုဘာကနေ ၂၀၁၇ ဇန်န၀ါရီအထိ ကောက်ယူထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာနေရသူပေါင်း ၂၁၈၀၀၀ ရှိနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ နိုင်ငံတော်အစိုးရ ဦးဆောင်တဲ့ အစားအစာဖြန့်ဝေရေးလုပ်ငန်းတချို့မှာ နိုင်ငံတကာ ဝန်ထမ်းတွေ ကြည့်ရှုခွင့်ရပြီး သံတမန်ခေါင်းဆောင်ပိုင်းတွေပါတဲ့ ခရီးစဉ်တချို့ကို ခွင့်ပြုခဲ့ပေမယ့် ရခိုင်ပြည်မြောက်ပိုင်းမှာ အခြေပြုတဲ့ နိုင်ငံတကာဝန်ထမ်းအများစုဟာ မောင်းတောနဲ့ ဘူးသီးတောင်မြို့ ထဲမှာပဲ သွားလာခွင့်ရကြတယ်လို့ ထုတ်ပြန်ပါတယ်။

အစားအစာတွေနဲ့ တခြားကယ်ဆယ်ရေးပစ္စည်းတွေကို ပြည်တွင်းဝန်ထမ်းတွေနဲ့ ဖြန့်ဝေခွင့် ပြုထားပြီ ဖြစ်ပေမယ့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေ ပြန်ဆောင်ရွက်ဖို့  အစိုးရက ခွင့်မပြုသေးပါဘူး။

အောက်တိုဘာ ၉ ရက်နေ့ တိုက်ခိုက်မှုတွေ မဖြစ်ခင်ကတည်းက ဘူးသီးတောင်နဲ့ မောင်းတောဟာ ကမ္ဘာလုံးဆိုင်ရာ အာဟာရချို့တဲ့မှု တိုင်းတာချက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ အရေးပေါ် အဆင့်ထက် ကျော်လွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးတော့ ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ရေး သွားလာခွင့်ကို ၂၀၁၆ ခုနှစ် မေလကစပြီး စနစ်တကျ ကန့်သတ်ခဲ့သလို အကူအညီပေးဖို့ ကြိုးစားတွေကို တင်းတင်းကြပ်ကြပ် ကန့်သတ်ခံရဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေဟာ အစိုးရထိန်းချုပ်တဲ့ နယ်မြေပြင်ပက လူဦးရေ ၄၀၀၀၀ ကျော်အတွက် ကယ်ဆယ်ကူညီရေးပစ္စည်းတွေ ပို့လို့မရသလို အစိုးရထိန်းချုပ်ရာ နယ်မြေတွင်းမှာတောင် အကန့်အသတ်တွေက ပိုလာတယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီဟာ ပြီးခဲ့တဲ့ခရီးစဉ်အတွင်း ကချင်ပြည်နယ်က လိုင်ဇာနဲ့ ဖားကန့်ဒေသတွေကို သွားလာခွင့် လျှောက်ထား ခဲ့ပေမယ့် မရခဲ့ပါဘူး။

“ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ သွားလာခွင့် အခြေအနေဟာ ကျွန်မနောက်ဆုံးလာခဲ့တဲ့ အချိန်ထက် ပိုဆိုးနေပါတယ်။ တလထက်တလ သွားလာခွင့်တွေ ပိုပိုပြီး လျော့လာပါတယ်”လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း အကူအညီလိုအပ်သူပေါင်း ၅၂၅၀၀၀ ရှိမယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေး စီမံကိန်းက ဆိုပါတယ်။ ဒီထဲမှာ ပညာရေး အကူအညီလိုအပ်သူ ၁၄၁,၀၀၀၊ စားနပ်ရိက္ခာဖူလုံရေးအကူအညီလိုအပ်သူ ၃၈၃,၅၂၅၊ ကျန်းမာရေး အကူအညီလိုအပ်သူ လူဦးရေ ၄၇၄,၂၂၈ ပါဝင်နေတာပါ။

ဒီအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ လိုအပ်လို့ ခန့်မှန်းထားပြီး လက်ရှိမှာ ဒီငွေရဲ့ ၃ ရာခိုင်နှုန်း ရထားပြီလို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013