DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြ မြန်မာအလုပ်သမား ၃၀၀ ကျော်၏ တောင်းဆိုချက် ထိုင်းအလုပ်ရှင် လိုက်လျော
DVB
·
February 23, 2017
ဆန္ဒပြ မြန်မာအလုပ်သမား ၃၀၀ ကျော်၏ တောင်းဆိုချက် ထိုင်းအလုပ်ရှင် လိုက်လျော
1 / 4
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ ကျော်ဟာ အလုပ်သမား အခွင့်အရေးရရှိရေးအတွက် အလုပ်ရှင်ကို ဆန္ဒပြခဲ့ပြီး အလုပ်သမားကူညီရေးအဖွဲ့နဲ့  ထိုင်းနိုင်ငံ မြန်မာသံရုံးက သွားရောက်ဖြေရှင်းပေးခဲ့တဲ့အတွက် အလုပ်ရှင်ဘက်က လိုက်လျောပေးခဲ့ရပါတယ်။

ဘန်ကောက် ဖလန်းဆောင်နယ်မြေ ထာ့ခန့် ၈ လမ်းရှိ Intex အမှတ်တံဆိပ် ဆိုင်ကယ်ဦးထုတ် ထုတ်လုပ်ရေးစက်ရုံမှာ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမရတဲ့အပြင် စက်ရုံမတော်တဆ မီးလောင်မှုမှာ အလုပ်သမားတယောက်ကို အလုပ်ကနေထုတ်ပစ်လို့ အားလုံးအလုပ်မဆင်းဘဲ ဆန္ဒပြခဲ့တယ်လို့ အလုပ်သမားတဦးဖြစ်သူ ကိုစိုးက ပြောပါတယ်။

“ပြဿ နာက သောကြာနေ့က စက်ရုံထဲမှာ မီးလောင်တာပေါ့။ မီးလောင်တော့ မြန်မာ အလုပ်သမားက မီးရှို့တယ်ပြောတယ်။ ပြီးတော့ အလုပ်သမားတယောက်ကို အလုပ်ထုတ်ပစ် လိုက်တယ်။ မီးက အပေါ်မှာရှိတဲ့ လေစုတ်တဲ့ ပိုက်လိုင်းမှာ လောင်တာ၊ အလုပ်သမားတွေက အောက်မှာ ဘာမှမဆိုင်ဘူး။ မီးလောင်တော့ အလုပ်သမားတွေ ၀ိုင်းငြိမ်းကြတာပဲ။ ဘာမှ ကြီးကြီးကျယ်ကျယ် ဆုံးရှုံးမှု မရှိဘူး။ အဲဒါ မကျေနပ်လို့ ကျနော်တို့ မြန်မာအလုပ်သမားအကုန်လုံး အလုပ်မဆင်းတော့ဘူး။ ဆန္ဒပြနေကြတယ်။”

ဒီကိစ္စတခုကို အကြောင်းပြုပြီး အလုပ်သမားတွေဟာ သူတို့ရသင့်ရထိုက်တဲ့ အခြားအလုပ်သမား အခွင့်အရေးတွေပါ တောင်းဆိုခဲ့တယ်လို့ အလုပ်သမားတွေကို လိုအပ်တဲ့ အကူအညီပေးဖို့ ရောက်ရှိနေသူ အေအေစီမဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“အလုပ်သမားတွေက အကြောင်းကြားတော့ ကျနော်တို့လည်း လိုအပ်တဲ့အကူအညီပေးဖို့  သူတို့ စက်ရုံကို ရောက်လာတယ်။ သူတို့က နားရက်မရဘူး၊ နားရင် လုပ်ခမရဘူး၊ အချိန်ပိုခိုင်းတယ်၊ အလုပ်သမားကတ်တွေ သိမ်းထားတယ်။ အလုပ်သမားကတ်ကို မပေးလုပ်ဘူး။ သူတို့ရဲ့ ပွဲစားနဲ့ လုပ်ခိုင်းတယ်။ တခြားမှာ လုပ်တာထက် ငွေပိုကုန်တယ်။ အဲဒီလို အခွင့်အရေးတွေပါ တောင်းဆိုခဲ့ကြ တယ်။ မြန်မာသံရုံးအလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ရော ဆ၀ဒီးကန် (အလုပ်သမား ကာကွယ် စောင့်ရှောက်ရေးရုံး) က တာဝန်ရှိသူတွေပါ  လာပြီးညှိနှိုင်းပေးတော့ တော်တော်များ ပြေလည်သွား ပါတယ်ခင်ဗျ။”

တာဝန်ရှိသူနဲ့ အင်တက်စ်ကုမ္ပဏီပိုင်ရှင်တို့ဟာ မနေ့ မွန်းလွဲတနာရီခွဲကစပြီး ညှိနှိုင်းရာမှာ ညနေ ၆ နာရီမှာ ပြီးဆုံးသွားကြောင်း၊ မီးလောင်မှုကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားကိုလည်း ပြန်လည် ခန့်ထားခဲ့ကြောင်း၊ ဒါပေမယ့် အလုပ်သမားက ဆက်မလုပ်ချင်တော့လို့ လုပ်အားခ တစ်လစာ ပေးပြီး ကျေအေးလိုက်ကြတယ်လို့ ဆိုပါတယ်။

အလုပ်သမားပြဿ  နာ ၀င်ရောက်ညှိနှိုင်းပေးသူ သံအရာရှိ ဦးမိုးအောင်ခိုင်က “သူတို့လို ချင်တဲ့အခွင့်အရေးတွေ ကျနော်တို့ညှိနှိုင်းပေးခဲ့ပါပြီ။ သူတို့က ဝေါ့ပါမစ်တွေလိုချင်တယ်။ စနေနေ့ မိနစ် ၂၀ အပိုအလုပ်ဆင်းပေးရတဲ့ကိစ္စ၊ နေမကောင်းလို့ အလုပ်မဆင်းနိုင်တာကြာရင်၊ ရက် ကျော်ရင် အလုပ်ရှင်က အလုပ်ဖြုတ်လိုက်တယ်။ ကျန်းမာရေးအာမခံကတ် မလုပ်ပေးတော့ အလုပ်သမားတွေ ဆေးကုခ အခက်အခဲဖြစ်တဲ့ကိစ္စ ဒါတွေ ပြေလည်အောင် ဖြေရှင်းခဲ့ပါတယ်။ အရင်က အလုပ်ရှင်က အာမခံကြေးဘတ် ၂၅၀   စီကောက်ထားတာ၊ ၈ လစာဆိုတော့ ၂ ထောင်ပေါ့၊ အဲဒါလည်း ပြန်ပေးခိုင်းလိုက်လို့ ပြန်ပေးပါပြီ။ မနေ့က  ကျနော်တို့ အဖွဲ့ပေါင်းစုံပါတယ်၊ ထိုင်းဒီအိုအီးအဖွဲ့၊ ထိုင်းရဲတပ်ဖွဲ့၊  စစ်တပ်လည်းပါတယ်၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ အလုပ်သမား ရှာဖွေရေးရုံး အဲဒီလို အဖွဲ့ပေါင်းစုံပါသွားတော့ ကုမ္ပဏီက လိုက်လျောပေးခဲ့တယ်။”

အဆိုပါ ဆိုင်ကယ်ဦးထုတ်စက်ရုံမှာ အလုပ်သမား စုစုပေါင်း ၅၀၀ ကျော်ရှိပြီး မြန်မာ အလုပ်သမားက ၃၀၀ ကျော်ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဓာတ်ပုံ - ရဲမင်း ( အေအေစီ - မဟာမိတ်အလုပ်သမားကူညီရေးအဖွဲ့ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013