DVB Logo
Home
Lead Story
နိုင်ငံခြားသားများဆိုင်ရာ ဥပဒေကြမ်းနှင့် မလှပနိုင်သေးတဲ့ ပြည်ဝင်ခွင့်ဗီဇာ
DVB
·
February 23, 2017
နိုင်ငံခြားသားများဆိုင်ရာ ဥပဒေကြမ်းနှင့် မလှပနိုင်သေးတဲ့ ပြည်ဝင်ခွင့်ဗီဇာ
Donate to DVB

**** ရေလွှာလည်း ခင်းပြန့် ကြည်လင်စေ…

မိုးဦးလည်း လှပသာယာစေ….

ဘဝစေရာ.. တာဝန်ကျေပွန်စွာ..ဆောင်ရွက်ခဲ့သူတို့ …

ရေစုန်ဆန်ကာ ပြန်ခဲ့ပြီ….****

ကိုခင်ဝမ်းရဲ့ ‘ဆယ်လ်မွန်ငါးတို့အပြန်’ သီချင်းကား ပျံ့လွင့်နေဆဲ။ တေးသံရဲ့ တုန်ခါနှုန်းတွေနဲ့အတူ စဉ်းစားနေမိတာက အရေးတော်ပုံ လှိုင်းသုံးလှိုင်းနဲ့အတူ ဘဝစေရာ တော်လှန်ရေးလမ်းကို ရွေးချယ်ခဲ့ကြတဲ့သူတွေ။ လမ်းသစ်ဖောက်ဖို့ တိုက်ပွဲဝင်ခဲ့ကြသူတွေ။ အကြောင်းအမျိုးမျိုးနဲ့  နိုင်ငံခြားသားဘဝ ကျရောက်ခဲ့ကြသူတွေ။   ဘာပဲဖြစ်ဖြစ် ခေတ်အပြောင်းအလဲအတွက် တာဝန်ကျေခဲ့ကြတဲ့သူတွေ။ အဲဒီ တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြတဲ့သူတွေရဲ့ အိမ်အပြန်လမ်းဟာ ကိုခင်ဝမ်း သီချင်းထဲကလို လှပနိုင်ပါ့မလား။ သူတို့ရဲ့အိမ်အပြန်လမ်းကို ကြိုဆိုနေတဲ့ နိုင်ငံခြားသားများဆိုင်ရာ ဥပဒေကြမ်းက သူတို့တတွေကို ဖြေသိမ့်မှုပေးမှ ပေးနိုင်ပါလေစ..။ ပြင်ဆင် သတ်မှတ်လိုက်တဲ့ ဗီဇာစည်းကမ်းသတ်မှတ်ချက်ကရော သူတို့တတွေ လွတ်လွတ်လပ်လပ် မိဘရင်ခွင်ကို ဦးတိုက်ခွင့် ရနိုင်ပါ့မလား..။       

အဲ့ဒီအတွေးတွေကပဲ ဒီတပတ် ဒီဗွီဘီရဲ့ LawLab မှာ “နိုင်ငံခြားသားများဆိုင်ရာ ဥပဒေကြမ်းက နိုင်ငံခြားသားတွေနဲ့ သဟဇာတဖြစ်ပါမလား”ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရိုက်ကူး တင်ဆက်ဖို့ ပြင်ဆင်ကြပါတယ်။

အစီစဉ်တင်ဆက်သူ ဦးခင်သန်းက ဥပဒေကြမ်းရဲ့ ဖြစ်စဉ်အကျဉ်းချုပ်ကို တင်ပြပြီးတဲ့နောက်မှာတော့ ဆွေးနွေးတင်ဆက်ကြမယ့် ပညာရှင်တွေနဲ့  မိတ်ဆက်ပေးခဲ့ ပါတယ်။ ဥပဒေကြမ်းမှာ ဥပဒေရဲ့ ရည်ရွယ် ချက်မပါရှိခြင်းအပေါ်မှာ ဦးခင်သန်းရဲ့ အမေးကိုတော့ဦးကျော်ငြိမ်း(တရားလွှတ်တော်ရှေ့နေ)က “ဟုတ်တယ်။ ဒီဥပဒေမှာ ရည်ရွယ်ချက်မပါဘူး။ ဘာကြောင့် ဒီဥပဒေကို ပြဋ္ဌာန်းရသလဲဆိုတာ ထည့်သွင်းသင့်တယ်။ ပွင့်လင်းလာတော့ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြားသားတွေအတွက်တော့ နိုင်ငံခြားသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကလည်း ရှင်းရှင်းလင်းလင်း မရှိဘူး ဖြစ်နေတယ်”လို့ ဆိုပါတယ်။ ဦးအောင်သူငြိမ်းရော၊ ဦးကျော်ဘုန်းနိုင်ပါ တူတူညီညီ ပြောကြတာကတော့ ဥပဒေမှာ ရည်ရွယ်ချက်မပါခြင်းကြောင့် ဘာကိုဦးတည်သလဲ  ဆိုတာကို မရှင်းဘူး ဖြစ်နေတယ် ဆိုတာပါပဲ။

“အလည်အပတ်ဗီဇာနဲ့ ရောက်လာသူတွေဟာ ရက်ရှည်နေပြီး အိမ်ငှားပြီး နေကြတာတွေ ရှိတယ်။ ဗီဇာမပါဘဲ လျှောက်သွားနေတာတွေ ရှိပါတယ်။ ဒါတွေဟာ ဥပဒေအကန့်အသတ်တွေရဲ့ အကျိုးသက်ရောက်မှု မရှိတာလား” ဆိုတဲ့ အမေးကိုတော့ ဦးကျော်ဖုန်းနိုင်က “တရားမဝင် ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေကိုတော့ သေသေချာချာ စိစစ်သင့်တယ်။ ဒါတွေအားလုံးမှာတော့ နိုင်ငံခြားသား မှတ်ပုံတင် လက်မှတ် ထုတ်ပေးတဲ့ အချက်က အဓိကကျတယ်။ တချို့မှတ်ပုံတင်က သတ်မှတ်ရက်နဲ့ မလုံလောက်တာတွေ ရှိတယ်။ နိုင်ငံခြား   ကျောင်းသားတွေ၊ သုတေသနလုပ်သူတွေအတွက် သတ်မှတ်ရက်နဲ့ မလုံလောက်တာတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေကို စနစ်တကျ ကြပ်မတ် လုပ်ဆောင်ပေးဖို့ ဥပဒေ၊ နည်းဥပဒေတွေ လိုအပ်နေပါတယ်” လို့ ဖြေကြားသွားပါတယ်။  

ယာယီသက်သေခံလက်မှတ် (WhiteCard) ထုတ်ပေးတာနဲ့ ပတ်သက်လို့ ဦးကျော်ငြိမ်းက “ယာယီသက်သေခံလက်မှတ်ကတော့ အရင်က တိုင်းရင်းသား မဟုတ်သူတွေ ကိုင်ဆောင်ခဲ့တဲ့ မှတ်ပုံတင်ကဒ်တွေကို ပယ်ဖျက်ချင်တာနဲ့ အစားထိုး လုပ်ဆောင်တာပါပဲ။ အခု ခက်နေတာက ယာယီသက်သေခံကဒ်တွေကို ပယ်ဖျက်လိုက် တော့ နောက်တခုပြောင်းဖို့က ပညာပေးတာလည်း မရှိတော့ လူဦးရေ သုံးသိန်းမှာ ခြောက်ထောင်ပဲ ပြောင်းကိုင်တယ်။ ကျန်လူတွေက နိုင်ငံမဲ့ ဖြစ်နေတယ်။ အဲ့ဒီလူတွေအတွက် ဘယ်လို စဉ်းစားပေးကြမှာလဲ။ တချိန်မှာ ဒီကိစ္စဟာ အန္တရာယ်တခု ဖြစ်လာနိုင်ပါတယ်”လို့ ဆွေးနွေးခဲ့ပါတယ်။

အရေးကြီးဆုံးဖြစ်တဲ့ မေးခွန်းကတော့ ပြည်တွင်းဖြစ် နိုင်ငံခြားသားများနဲ့ပတ်သက်တဲ့ အမေးပါ။ ဒီလူတွေ ပြန်လာချင်ပေမယ့် အခက်အခဲတခု ရှိနေတာနဲ့ပတ်သက်ပြီး ဦးခင်သန်းရဲ့ အမေးကိုတော့… ဦးအောင်သူငြိမ်းက   “၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေက တင်းကျပ်လွန်းတယ်။ နိုင်ငံသားအဖြစ်က ပယ်ဖျက်ပြီးရင် ဘယ်တော့မှ ပြန်ခွင့်ပြုလို့ မရနိုင်အောင် စီမံထားတာ။ ပြန်လာချင်သူတွေအတွက် ဗီဇာ စည်းမျဉ်းစည်းကမ်း တွေကလည်း တင်းကျပ်လွန်းတယ်။ ပြည်တော်ပြန်ဝင်လာရေးကို နိုင်ငံအကျိုးကို ထောက်ပြီး လွှတ်တော်မှာတင်ဖို့ လုပ်ပေမယ့် မပြင်ချင်ဘူး။ အထိမခံဘူး ဖြစ်နေပါတယ်။ ပြည်တော်ပြန်ဝင်ချင်တဲ့ ကိုယ့်နိုင်ငံသားဟောင်းတွေကို ပြန်လည်ခေါ်ယူသင့်တယ်။ ဗီယက်နမ်နိုင်ငံ ပြုပြင်ပြောင်းလဲချိန်ကလည်း တခြားနိုင်ငံသားဖြစ်တဲ့ ကိုယ့်နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူခဲ့တဲ့ နမူနာတွေရှိပါတယ်”လို့ ဆွေးနွေးသွားပါတယ်။

ဆွေးနွေးပွဲကတော့ ပြီးဆုံးသွားပါပြီ။ တိုင်းပြည်အပေါ်မှာ ကောင်းသော အပြောင်းအလဲကို ရယူလိုစိတ်တခုတည်းနဲ့ နိုင်ငံပြင်ပ ရောက်ရှိသွားကြသူတွေကလည်း မနည်းဘူး။ မြန်မာပြည်သူတွေအားလုံးကတော့ သူတို့စေတနာ၊ သူတို့နှလုံးသားကို သံသယမရှိ လက်ခံနေဆဲဖြစ်သလို “အမိနိုင်ငံရဲ့ ရင်ငွေ့ကို တောင့်တ လွမ်းဆွတ်နေကြရှာမှာပဲ” ဆိုတဲ့ စာနာစိတ်တွေနဲ့ သူတို့တတွေ ပြန်လာမယ့်ရက်ကို စောင့်နေကြဆဲပါ။ ဒါတွေကို ပြည်သူ့အစိုးရသစ်က ကူညီဖြည့်စွမ်းပေးနိုင်မလား။ စာနာထောက်ထားပေးနိုင်မလား ဆိုတာကတော့ အခုချိန်ထိ မသေချာ မရေရာတဲ့ အခြေအနေပါ။

ဒီလိုပုံနဲ့ “...ဘဝစေရာ.. တာဝန်ကျေပွန် ဆောင်ရွက်ခဲ့သူတို့.. ရေစုန်ဆန်ကာ....” ပြန်မှ ပြန်လာနိုင်ပါလေစ….။  

ဆယ်လ်မွန်လေးတွေ ဒီရေစီးကို ဆန်မှ ဆန်တက်နိုင်ပါလေစ…ရယ်လို့ လွမ်းမော တမ်းတနေမိပါတော့တယ်....။

ဒီဗွီဘီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013