DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သယံဇာတခွဲဝေရေးကိစ္စ အလေးထားဆွေးနွေးစေလို
DVB
·
February 22, 2017
ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သယံဇာတခွဲဝေရေးကိစ္စ အလေးထားဆွေးနွေးစေလို
Donate to DVB

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ညှိနှိုင်းဖို့ ခက်ခဲတဲ့ သယံဇာတခွဲဝေရေးကိစ္စကို အလေးထား ဆွေးနွေးဖို့ လိုနေပြီလို့ ပြည်ထောင်စု ငြိမ်းချမ်းရေဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။

သယံဇာတခွဲဝေရေးဟာ ဖက်ဒရယ်စနစ်ကို သွားတဲ့လမ်းကြောင်းမှာ အဓိက အရေးပါတဲ့အချက် ဖြစ်နေပြီး မျှတတဲ့ ခွဲဝေမှုမျိုး ပုံဖော်နိုင်မှသာ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က အစိုးရအပေါ် ယုံကြည်မှုရှိလာယ်လို့ ဦးစိုင်းကျော်ညွန့်က ပြောဆိုလိုက်တာပါ။

“သယံဇာတ အရင်းအမြစ်ကိစ္စက တကယ်အရေးကြီးပါတယ်။ ဆွေးနွေးရမယ့်ကိစ္စ ဖြစ်တယ်။ ချက်ချင်းဆွေးနွေးလို့ ချက်ချင်းပြေလည်မယ့်ကိစ္စတော့ မဟုတ်ဘူး။ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေ ယူပြီးတော့ ဒီနိုင်ငံကို ကောင်းကောင်းထူထောင်ချင်တဲ့စိတ်ကိုသာ အတူတူရပြီဆိုရင် ဒီပြဿနာတွေ ပြေလည်သွားမှာပါ။”

လက်ရှိအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုဟာ ဒေသတွင်း သယံဇာတ တွေကို အသုံးပြုပြီးတော့ ရပ်တည်နေရတာဖြစ်တဲ့အတွက် သူတို့ရဲ့ရပ်တည်မှုဖြစ်တဲ့ သယံဇာတကို ဗဟိုအစိုးရနဲ့ ခွဲဝေတာမျိုး မလုပ်ချင်ကြဘူးလို့ ကရင်ပြည်နယ်အခြေစိုက် ကရင်ပွင့်လင်း လူ့အဖွဲ့အစည်း ပြန်ကြားရေးတာဝန်ခံ ဦးစောအောင်မိုးက ပြောပါတယ်။

“လက်နက်ကိုင်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်၊ တပ်မတော်ပဲဖြစ်ဖြစ် ရပ်တည်ရေးအတွက် ဘတ်ဂျက် လိုအပ်တယ်။ ကျနော်တို့ KNU နဲ့ လက်နက်ကိုင်တွေဘက်က ဝင်ငွေမရှိဘူး။ သူတို့ဝင်ငွေက သယံဇာတပေါ့။ သစ်တော၊ တွင်းထွက်ပစ္စည်း ဒါတွေနဲ့ပဲ သူတို့ဘဝ ရပ်တည်နေကြတာ။”

လက်ရှိ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ သယံဇာတခွဲဝေမှုနဲ့ ပတ်သက်ပြီး တိတိကျကျ သတ်မှတ်ထားတာမျိုး မရှိသေးတဲ့အတွက် အချိန်မရွေး ပြဿနာဖြစ်ပေါ်နိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ကရင်ပွင့်လင်း အုပ်စုညှိနှိုင်းရေးမှူး ဦးမောင်ကို ကဆိုပါတယ်။

“ကချင်မှာဆိုရင် သယံဇာတခွဲဝေမှုနဲ့ပတ်သက်ပြီး တိုက်ပွဲတွေ ဖြစ်နေတယ်။ ကျနော်တို့ ကရင်ပြည်နယ်မှာဆိုရင် အန်စီအေလည်း လက်မှတ်ထိုးထားတယ်။ သယံဇာတခွဲဝေမှုကိုတော့ နားလည်မှုနဲ့ပဲလုပ်တယ်လို့ မြင်တယ်။”

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့ သယံဇာတခွဲဝေရေးကြောင့် ပြည်တွင်းစစ်ဖြစ်ရတာမဟုတ်ဘဲ နိုင်ငံရေးပြဿနာကြောင့်သာ ပြည်တွင်းစစ် ဖြစ်ရတာလို့ သုံးသပ်ပါတယ်။

“ပြည်တွင်းစစ်ဖြစ်တယ်ဆိုတာ နိုင်ငံရေးပြဿနာပါ။ သယံဇာတ မျှဝေအသုံးပြုရေးဆိုတာ ဖက်ဒရယ်ကိစ္စပါ။ ဖက်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်နိုင်ဘဲနဲ့ ၄၇ ဖွဲ့စည်းပုံ ပေါ်ထွက်လာတယ်။ အဲဒီမှာ တိုင်းရင်းသားတွေ လိုလားတဲ့ တန်းတူအခွင့်အရေးဆိုတာ မရရှိခဲ့အတွက် ပြည်တွင်းစစ်ဆိုတာ ဖြစ်လာတာ။”

လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာတော့ သယံဇာတခွဲဝေရေးဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဓိကကျတဲ့ ကိစ္စရပ်ဖြစ်ပြီး ဒီကိစ္စကို ကျေလည်အောင် မဆောင်ရွက်နိုင်ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ခရီးရောက်မှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးကျော်ဝင်းက သုံးသပ်ပါတယ်။

“သယံဇာတခွဲဝေမှုမှာ ၄၇ မှာရော၊ ၂၀၀၈ မှာပါ မပါခဲ့တဲ့ သယံဇာတခွဲဝေမှု နှစ်ဖက် ညှိနှိုင်းကြပါ။ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်လုပ်မယ်ဆိုရင် ဘဏ္ဍာခွဲဝေရေးတွေကို ဘယ်လို ခွဲဝေကြမလဲဆိုတာတွေ ပြေလည်အောင်ညှိနှိုင်းမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်နိုင်မယ်လို့ ကျနော် ထင်ပါတယ်။”

သဘာဝသယံဇာတရင်းမြစ်အများစုဟာ တိုင်းရင်းသားဒေသတွေမှာ တည်ရှိနေတဲ့အတွက် သယံဇာတခွဲဝေရေးကို ဥပဒေအတိအကျ ထုတ်ပြန်ပေးနိုင်မှသာ တိုင်းရင်းသားတွေဘက်က အစိုးရအပေါ်  အမြင်ကြည်နိုင်မယ်လို့လည်း ဦးကျော်ဝင်းက ပြောပါတယ်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၂) မှာ သယံဇာတခွဲဝေရေးနဲ့ ပတ်သက်လို့ ပြဋ္ဌာန်းထားတာရှိပေမယ့် လက်ရှိဖွဲ့စည်းပုံက ဖက်ဒရယ်မဆန်ဘူးလို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013