DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့​ပေါ်ရှိ ​ခွေး​လေ​ခွေးလွင့်​များကို ​ခွေးရူး​ရောဂါကာကွယ်​​ဆေးများ ကွင်းဆင်းထိုး​ပေး​နေ
DVB
·
February 22, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ပေါ်မှာရှိတဲ့ ခွေးလေခွေးလွင့်များအား ဒီကနေ့ မနက်ပိုင်းမှ စတင်ပြီး အဖွဲ့ ၃ ဖွဲ့ခွဲကာ ခွေးရူးရောဂါကာကွယ်ဆေးကို ရပ်ကွက်တွေမှာ ကွင်းဆင်းပြီး လိုက်လံ ဆေးထိုး ကုသပေးနေပါတယ်။

ဒီအစီအစဉ်ကို မြင်းခြံခရိုင် ဦးစီးဌာနမှ ပံ့ပိုးကူညီမှုနဲ့ မြင်းခြံမြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆရာဝန်များအသင်း(မြင်းခြံ)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ ရပ်ကွက်နေ ပြည်သူတွေ ပူးပေါင်းပါဝင်ပြီး ပြုလုပ်ကြတာလည်း ဖြစ်ပါတယ်။

“ခွေးရူးရောဂါကာကွယ်ဆေးကို ၂၀၁၂ နောက်ပိုင်းကစပြီး ထိုးပေးခဲ့တာပါ။ မွေး/ကု ဦးစီးဌာနနဲ့ မြင်းခြံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းတို့ ပူးပေါင်းထိုးပေးခဲ့ကြတာ ဖြစ်ပါတယ်။ ခွေးရူး ရောဂါဟာ လ ရာသီအရဆိုရင်တော့ တပေါင်းလတွေမှာ စတင်ဖြစ်ပွားတာတွေရှိပြီး ခုနောက်ပိုင်းတွေ မှာတော့ လတွေစောပြီး ခွေးရူးရောဂါတွေ့ရှိနေရတာပါ။ ခွေးကိုက်ခံရသူ အရေအတွက် ပိုများ လာတာကိုလည်း တွေ့ရှိနေရပါတယ်။ ခွေးရူးရောဂါကာကွယ်ဆေးကို ၁ နှစ်မှာ ၁ ကြိမ်သာ ထိုးပေးရပြီး ပျှမ်းမျှအားဖြင့် ဆေးတခါထိုးပေးခဲ့ရင် ၁ နှစ်စာ ကာကွယ်ပြီးသားဖြစ်တယ်”လို့ ခွေးရူးရောဂါကာကွယ်ဆေးများ လိုက်လံထိုးပေးသူ ဒေါက်တာဝင်းနိုင်ဖုန်းက ဒီဗွီဘီကို ပြောပါတယ်။

ခွေးရူးရောဂါကာကွယ်ဆေးကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ထောက်ပံ့အကူအညီဖြင့် ခွေးအကောင်ရေ ၁၀၀၀၀ အတွက် ဆေးဝါများရရှိခဲ့ပြီး မြင်းခြံမြို့ပေါ် ရပ်ကွက် ၂၀ မှ ခွေးလေ ခွေးလွင့်များအား ပထမဆုံး ထိုးပေးသွားကြမှာဖြစ်ပါတယ်။ ပိုလျှံတဲ့ ဆေးဝါးများအား မြင်းခြံမြို့အနီးတဝိုက်ရှိ ကျေးရွာတွေကိုသွားပြီး ဆေးထိုးပေးကြမှာလည်း ဖြစ်ပါတယ်။ ခွေးလေ ခွေးလွင့်များအား မျိုးပွားမှုကို ထိန်းချုပ်ဖို့ခွဲစိတ်မှုများ ပြုလုပ်သွားမယ့် အစီအစဉ်တွေလည်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒေါက်တာဝင်းနိုင်ဖုန်းက ဆက်ပြောပါတယ်။

ဒီကနေ့ ခွေးရူးရောဂါကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းအပြင် ခွေးမွေးထားသူများအား အသိပညာပေး လက်ကမ်းစာဆောင်များ ဝေငှပေးခဲ့ပြီး ဘုန်းကြီးကျောင်းများ ရပ်ကွက်များရှိ ခွေးလေ ခွေးလွင့်မျာကို မြင်းခြံမြို့နယ် မွေး/ကု ဦးစီးဌာန၊ မြင်းခြံ စည်ပင်၊ တိရစ္ဆာန်ဆရာဝန်များအသင်း (မြင်းခြံ)၊ မီးသတ်တပ်ဖွဲ့ဝင်များနဲ့ ပြည်သူတွေ ပူးပေါင်းကာ ခွေးရူးကာကွယ်ဆေးများ လိုက်လံ ထိုးပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

သတင်း - ရီရီထွန်း(မြင်းခြံ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013