DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဘယ်အခြေအနေ ရောက်နေလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
February 22, 2017
ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဘယ်အခြေအနေ ရောက်နေလဲ - အယ်ဒီတာစကားဝိုင်း
Donate to DVB

ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အနှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းလည်း ပြောခဲ့တယ်၊ Peace Talk ငြိမ်းချမ်းရေးစကားဝိုင်းလည်း လုပ်ခဲ့ပါတယ်။ အဲဒီမှာတော့ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားတွေကို သတ္တိရှိရှိနဲ့ မိမိကိုယ်ကိုယ် ယုံယုံကြည်ကြည်နဲ့ ၂၁ ပင်လုံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ထောက်ခံသံတွေရော ဝေဖန်သံတွေရော ရှိပါတယ်။ တိုင်းရင်းသားတွေဘက်ကလည်း သူတို့ပါနိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့ သတ္တိရှိရှိနဲ့ ပြန်လုပ်ပေးပါလို့ ပြောကြားခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆွေးနွေးသွားမှာဖြစ်ပြီး ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးဆောင်းပါးရှင် ဆရာဦးအေးမောင်ကျော်နဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဆရာဦးမောင်မောင်စိုးတို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

ဆရာအေးမောင်ကျော်ကို ပထမ မေးပါရစေ။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးပေါ့။ ခုတော့ ကြိုးစားနေကြတယ်။ ပြောနေကြတယ်။ တိုင်ပင်နေကြတယ်။ ဒေါ်စုကလည်း တိုက်တွန်းတယ်။ တကယ်အလုပ်ဖြစ်အောင် ဘာတွေ လုပ်ဖို့လိုမလဲ။ လက်ရှိ ဘယ်အခြေအနေမှာ ဘယ်နေရာအထိ ရောက်နေလဲဆိုတာ ဆရာ စပြီးဆွေးနွေးပေးပါ။

ဆရာအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်)

ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့နော်။ တဆက်စပ်တည်း ဖြစ်နေတယ်။ ဒါက အစိုးရသစ် တက်လာကတည်းက သူ့ရဲ့ အဓိကလုပ်ငန်းစဉ်တွေထဲမှာ ပါတယ်လေ။ ဒီအစိုးရအဖွဲ့အနေနဲ့ ပြောမယ်ဆိုရင် ဒီလုပ်ငန်းကို သူတို့ တော်တော်လေးလုပ်တယ်ပေါ့။ တော်တော်လေး ကြိုးစားလုပ်တယ်။ ပထမအကြိမ် ၂၁ ရာစု ပင်လုံဆိုတာလည်း ခေါ်ခဲ့တယ်။ တကယ်တမ်းကတော့ ဒီကြားကာလမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီးတော့ နောက်တကြိမ် ပင်လုံအတွက် ပြင်ဆင်တဲ့ကာလ ဖြစ်ရမှာပေါ့နော်။ ဒီကြားကာလ ကောင်းကောင်းပြင်ဆင်နိုင်ရင် အခုလာမယ့် ၂၁ ပင်လုံမှာ ဆုံးဖြတ်ချက်တချို့ ချနိုင်ဖို့ သွားရမှာပေါ့။ ဒါပေမယ့် ဒီကြားကာလမှာက ဘာတွေဖြစ်လဲဆိုတော့ အားလုံးသိတဲ့အတိုင်း ပင်လုံပြီးတာနဲ့ တိုက်ပွဲတွေက ဖြစ်တယ်။ မြန်မာပြည်နောက်ပိုင်းမှာ၊ ရှမ်းပြည်မြောက်ပိုင်းမှာပေါ့။ ဒါတွေက တော်တော်ပြင်းပြင်းထန်ထန် ဖြစ်တယ်။ အဲဒီတော့ ပထမ ၂၁ ပင်လုံမှာ ရလာတဲ့ တက်ကြွမှုလေးတွေတောင် အကုန်လုံး ပျောက်သွားပြီးတော့ ငြိမ်းချမ်းရေးက ဝေးပြီလားဆိုတဲ့အဆင့်အထိ ဖြစ်လာတယ်ပေါ့။ နောက်တခုက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ကြားမှာ အခုအခံတွေ၊ မကျေနပ်ချက်တွေက အစိုင်အခဲတွေ ဖြစ်သွားမှာလားဆိုပြီးတော့ ဒီလို စိုးရိမ်စရာတွေ ဖြစ်လာတယ်။ တဘက်ကတော့ ဒီလမ်းကိုတော့ ဖွင့်ထားတယ်။ အစိုးရဘက်ကလည်း ဖွင့်ထားတယ်။ တိုင်းရင်းသားဘက်ကလည်း သူတို့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်တဲ့ တိုက်ပွဲတွေမှာဆိုရင် အကန့်အသတ်နဲ့ တိုက်တာပါလို့ သူတို့ကလည်း ပြောတယ်။ ဒါပေမယ့် အဲဒီမှာကျတော့ အရပ်သားတွေ ထိခိုက်တာလည်း ရှိတယ်။ မြောက်ပိုင်းမှာကျတော့ အစိုးရဘက်က တမျိုး၊ ကေအိုင်အေဘက်က ပြောတာ တမျိုးပေါ့။ ဒီကြားထဲမှာ အဝေးကနေ ကျနော်တို့ ခန့်မှန်းရတာ တော်တော်လေး ခက်တာပေါ့။ ဘာပဲဖြစ်ဖြစ် ပြောနိုင်တာက တိုက်ပွဲတွေ ဖြစ်တယ်၊ တိုက်ပွဲတွေ ပြင်းထန်တယ်၊ အရပ်သားတွေ ထိခိုက်မှုရှိတယ်၊ ဒုက္ခသည်တွေ ပိုများလာတယ်ပေါ့။ ဒီအခြေအနေကို သာမန်ပြည်သူလူထုက ဘယ်လိုမှ လက်မခံနိုင်ဘူး။ အခုက မုန်တိုင်းက နည်းနည်းစဲသွားပြီ။ အခုဟာက ပြန်ပြီးတော့ ဒုတိယအကြိမ်ကို တာစူတဲ့ကာလ ရောက်လာပြီပေါ့။ အခု ပြည်ထောင်စုနေ့ ကျင်းပတယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းချက်တွေ ပြောလိုက်တယ်ပေါ့လေ။ အဲဒါတွေ ပြောတာက ဒီပြည်ထောင်စုနေ့ ကျင်းပတာတွေ အကုန်လုံးက အစိုးရတက်နေတဲ့အတွင်း နိုင်ငံရေးအရ အဓိပ္ပာယ်လေးနက်အောင် လုပ်တာပေါ့လေ။ ဒါတွေက အကုန်ကောင်းပါတယ်။ ဒါပေမယ့် သူ တိုက်တွန်းသလို ဖြစ်လာမလားဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရတော့မယ်။ တိုင်းရင်းသားတွေဘက်က တုံ့ပြန်တာတွေမှာ သိပ်ပြီး မကျေလည်တာတွေ ရှိတယ်။ တကယ်တမ်း ဆွေးနွေးပွဲတွေ ပြန်စတဲ့အခါမှာ အားလုံးပါလာနိုင်မလား ဆိုတာတွေက မေးစရာတွေ အများကြီး ရှိတယ်ပေါ့။ ဒီအခြေအနေကို ကျနော်တို့ အခု ရောက်နေတာပါ။

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013