
မလေးရှားနိုင်ငံအစိုးရက ပေးပို့လှူဒါန်းလိုက်တဲ့ အထောက်အပံ့ပစ္စည်းတွေ စစ်တွေမြို့ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ညနေပိုင်းမှာ ရောက်ရှိလာပြီး မြို့နယ် ၄ ခုက မူဆလင်ကျေးရွာတွေကို ပေးပို့သွားမယ်လို့ သိရပါတယ်။
ဆန်အိတ် ၆၀၀၀၊ ခေါက်ဆွဲခြောက်၊ ရေသန့်နဲ့ တကိုယ်ရည်သုံးကျန်းမာရေးပစ္စည်း (Hygiene Kits) စတဲ့ ၁၄ မျိုးပါဝင်တဲ့ပစ္စည်းတွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနက တာဝန်ယူပြီး ပို့ဆောင်ပေးတာပါ။ အဲ့ဒီပစ္စည်းတွေကို မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ပေါက်တောနဲ့ မြေပုံမြို့တို့ကို ပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။
"ဆန်အိတ် ၆၀၀၀ ပါလာပါတယ်။ မောင်တောခရိုင်ကို ၄၀၀၀၊ စစ်တွေကို ၁၅၀၀၊ ပေါက်တောကို ၂၅၀နဲ့ မြေပုံကို ၂၅၀ ပို့ပေးပါမယ်။ တခြားပစ္စည်းတွေလည်း ဒီလိုပဲ ခွဲပြီး ပို့ပါမယ်" လို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။
အခုရောက်ရှိလာတဲ့ အကူအညီပစ္စည်းတွေဟာ မလေးရှားကူညီကယ်ဆယ်ရေးသင်္ဘောနဲ့ တင်ဆောင်လာပြီး ဖေဖော်ဝါရီ ၉ ရက်က ရန်ကုန် သီလ၀ါဆိပ်ကမ်းမှာ မြန်မာအစိုးရကို လွှဲပြောင်းပေးခဲ့တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။
သတင်း - ကိုအောင်၊ ဓာတ်ပုံ - ကိုစံ(CJ)











