
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ကျေးရွာတချို့က လယ်မြေတွေကို စစ်တပ်ကသိမ်းယူပြီး အသုံးမချတော့ဘဲ လယ်သမားတွေက သီးစားခပေးပြီး လုပ်ကိုင်နေရတယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။
ခတင်ပိုက်၊ အောင်ဒိုင်၊ ပျားလေချောင်းနဲ့ သင်ပုန်းတန်းရွာတွေက လယ်သမား ၃၆ ဦးပိုင် လယ်ဧက ၂၅၀ ကို ခလရ ၂၇၀ က ၁၉၉၄ ခုနှစ်မှာ သိမ်းယူခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။
“နိုင်ငံတော်ကိုအပ်တယ်လို့ လက်မှတ်ထိုးပေးခဲ့ရတယ်။ အဆောင် ၈ ခု သူတို့ ဆောက်ခဲ့တယ်။ ၁၉၉၆ ခုနှစ်လောက်မှာ တခြားနေရာကို ပြောင်းသွားတယ်။ ဒါပေမယ့် လယ်တွေကိုတော့ လယ်သမားတွေကို ပြန်မပေးဘူး” လို့ လယ်သမားတဦးက ပြောပါတယ်။
အဲဒီမြေနေရာတွေမှာ လက်ရှိမှာတော့ ဧက ၄၀ လောက်ကို ဂျီတီစီကျောင်းဖွင့်ထားပြီး နောက်ထပ် ဧက ၄၀ လောက်ကတော့ စစ်တပ်က အုတ်ဖိုလုပ်ငန်း လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျန်တဲ့လယ်မြေတွေမှာတော့ လယ်သမားတချို့က စစ်တပ်ကို တနှစ်အတွက် စပါး ၁၇ တင်းပေးပြီး လုပ်ကိုင်နေကြရတယ်လို့လည်း သူတို့က ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတွေကို စာနဲ့တင်ပြခဲ့ကြသလို ကွင်းဆင်းလေ့လာခဲ့ကြပေမယ့် အခုထိ အကြောင်းမထူးသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။










