
မြန်မာနိုင်ငံအတွင်းက တေးသီချင်းမူပိုင်ခွင့် ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေ ဆက်တိုက် ရှိနေတဲ့အတွက် သီချင်းအသုံးပြုသူတွေအနေနဲ့ မူပိုင်ခွင့်ပိုင်ရှင်ရဲ့ ခွင့်ပြုချက် ကြိုတင် ရယူဖို့ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) က ဒီကနေ့ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
ခွင့်ပြုချက်မယူဘဲ ချိုးဖောက်ခဲ့ရင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဂီတအစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ ဇာတ်သဘင် ဖျော်ဖြေပွဲတွေ၊ Cover Song ပြန်ဆိုတာတွေ၊ ကြော်ငြာတွေနဲ့ Media Platform အမျိုးမျိုးမှာ အသုံးပြုတဲ့ ဘယ်တေးသီချင်းကိုမဆို မူပိုင်ခွင့် ပိုင်ရှင်ဆီကနေ ကြိုတင်ခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် DJ သမားတွေအနေနဲ့ သီချင်းတွေကို Remix ပြန်လုပ်ရာမှာလည်း မူပိုင်ခွင့်ပိုင်ရှင်တွေဆီ က ခွင့်ပြုချက် တောင်းခံရမယ်လို့ အတိအလင်း ထည့်သွင်း ကြေညာထားပါတယ်။
အထူးသဖြင့် လက်ရှိအချိန်မှာ ရေပန်းစား ခေတ်စားနေတဲ့ AI နည်းပညာကို အသုံးပြုပြီးတော့ မူပိုင်ခွင့် ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ သီချင်းတွေကို အသံပြောင်းလဲတာ၊ ပုံစံပြောင်းလဲ ဖန်တီးတာ တွေကို လုံးဝ ခွင့်မပြုဘူးလို့ အပြတ်အသတ် တားမြစ်ထားပါတယ်။
တကယ်လို့ ဒီစည်းကမ်းချက်တွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် တည်ဆဲဥပဒေတွေအရ ပြစ်ဒဏ်တွေ ကျခံရမယ်လို့ သတိပေးထားပါတယ်။
ဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေကို မြေပြင်မှာ တကယ် လိုက်နာမှု ရှိ၊ မရှိ ဆိုတာကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဂီတအစည်းအရုံးတွေက အနီးကပ် စိစစ် ကြပ်မတ်သွားမယ်လို့ သိရပါတယ်။










