DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက်မြန်မာများ အခွန်ကင်းလွတ်ခွင့်ရပြီ
DVB
·
December 23, 2011
ပြည်ပရောက်မြန်မာများ အခွန်ကင်းလွတ်ခွင့်ရပြီ
1 / 2
Donate to DVB

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ​ ​ပေးဆောင်နေရတဲ့ ၀င်ငွေခွန်တွေကို လာမယ့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ က စပြီး ကင်းလွတ်ခွင့်ပြုကြောင်း​ ​မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်​ ​ကြေညာချက်ကို​မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် လက်မှတ်နဲ့ ထုတ်ပြန်ထားတာဖြစ်ပြီး အစိုးရပိုင်​ သတင်းစာတွေမှာလည်း ဖော်ပြထားပါတယ်။

ပြည်ပနေ မြန်မာနိုင်ငံသားများက နိုင်ငံခြားငွေနဲ့ ရရှိတဲ့ လစာ ခေါင်းစဉ်အောက်မှာ ၀င်ငွေစုစုပေါင်းအပေါ် နိုင်ငံခြားငွေနဲ့​ ​ပေးဆောင်ရတဲ့ အခွန်ကို ၀င်ငွေခွန်ပုဒ်မ ဥပဒေ ၅ အပိုဒ်ခွဲ (ခ) အရ​ ​ကင်းလွတ်ခွင့်​ ​ပြုလိုက်ကြောင်း ဖော်ပြထားပါတယ်။

အခုလို အခွန် ကင်းလွတ်ခွင့်​ ပြုလိုက်တဲ့အပေါ်​ ​မြန်မာနိုင်ငံ ရှေ့နေများကောင်စီဥက္ကဋ္ဌ ဦးသိန်းဦးက “မြန်မာနိုင်ငံသားတွေ အပေါ်မှာ အခွန် ၂ ခုကောက်တဲ့ စနစ်အပေါ်မှာ အခု မြန်မာနိုင်ငံကနေပြီးတော့ အခွန်မကောက်တော့ဘူး။ သက်ဆိုင်ရာ  အလုပ်လုပ်တဲ့ နိုင်ငံတွေကပဲ အခွန်ကောက်မယ်။ မြန်မာနိုင်ငံအတွက် အခွန်တွေကို ပယ်ဖျက်ပေးလိုက်တယ်ဆိုတဲ့ ကြေညာချက်ဟာ ကောင်းမွန်ပါတယ်။ အကျိုးရှိတဲ့ အလားအလာတွေ မြင်တွေ့ရတယ်။ အလုပ်လုပ်တဲ့ လူတယောက်ဟာ သက်ဆိုင်ရာနိုင်ငံမှာ အခွန်ထမ်းဆောင်ပြီးပြီဆိုရင် သူ့ရဲ့ရပိုင်ခွင့်အားလုံးဟာ သူ့အတွက်ပါပဲ။ သူ့ရပိုင်ခွင့်ရှိတဲ့ဟာကို သူ့မိသားစုကို ပြန်လည်ထောက်ပံ့ခြင်းအားဖြင့်  မြန်မာနိုင်ငံက မိသားစုတွေဟာ ချောင်လည်လာမယ်။ သူ့တို့ရဲ့ စားဝတ်နေရေး အာမခံချက်ရှိလာမယ်။ ဒါဆိုရင် မြန်မာနိုင်ငံဟာ အလိုအလျောက်ပဲ ပိုပြီးကောင်းမွန်တဲ့ လူနေမှုဘ၀တွေရောက်ရှိလာပြီးတော့ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုတွေ ပပျောက်လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ လုပ်ငန်းတရပ်အနေနဲ့ ကျနော်တို့ ကြိုဆိုပါတယ်။”

အခုလို မြန်မာနိုင်ငံဘက်ကို အခွန်ကင်းလွတ်ခွင့်​ ​ပြုလိုက်တဲ့​ ​ကြေညာချက်ကို ပြည်ပ​ရောက်​ ​မြန်မာနိုင်ငံသား အများစုက ကြိုဆိုခဲ့ကြပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေဟာ ရောက်ရှိနေထိုင် အလုပ် လုပ်ကိုင်နေတဲ့ နိုင်ငံအတွက် အခွန်ပေးဆောင်နေရသလို မိခင်နိုင်ငံအတွက်လည်း သံရုံးမှာ အခွန်နှစ်ထပ် ဆောင်နေကြရတာပါ။ စင်ကာပူရောက် မြန်မာနိုင်ငံသားတွေကတော့ အခွန်နှစ်ထပ် မဆောင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြဖူးပါတယ်။

ခုလို အခွန် ကင်းလွတ်ခွင့်ပြုလိုက်တဲ့အပေါ် စင်ကာပူရောက် မြန်မာ အင်ဂျင်နီယာတဦးက “အခွန် နှစ်ထပ်မကောက်ဘူးလို့ စင်ကာပူအစိုးရနဲ့ မြန်မာနိုင်ငံ လက်မှတ်ထိုးထားတာ ရှိခဲ့ပါတယ်။ ခုလို မကောက်တော့ကြောင်း ကြေညာတာက လုပ်သင့်တာကို လုပ်လိုက်တာပါပဲ” လို့ ပြောပါတယ်။

အရင်က ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ လစာဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို မြန်မာသံရုံးတွေမှာ အခွန်ပေးဆောင်နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013