DVB Logo
Home
မြန်မာသတင်း
နိုင်ငံဖွံ့ဖြိုးရေးလုပ်ဆောင်ရန် ငွေကြေးအဓိက အခက်အခဲဖြစ်နေဟု သမ္မတပြောကြား
DVB
·
February 21, 2017
နိုင်ငံဖွံ့ဖြိုးရေးလုပ်ဆောင်ရန် ငွေကြေးအဓိက အခက်အခဲဖြစ်နေဟု သမ္မတပြောကြား
Donate to DVB

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်စရာတွေ အများကြီးရှိနေပြီး အဓိက အခက်အခဲက ငွေကြေး ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် မနက်က ချင်းပြည်နယ်၊ ဟားခါးမြို့၊ အ.ထ.က ၁ ဗိုလ်တိုက်ချွန်းခန်းမမှာ ဒေသခံပြည်သူလူထုတွေနဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံပွဲမှာ နိုင်ငံတော်သမ္မတက ဒေသရဲ့ လိုအပ်ချက်တွေကို နားထောင်ဖို့၊ တတ်နိုင်တာတွေ ဖြည့်ဆည်းဖို့၊ လုပ်ပေးနိုင်တာရှိလည်း လုပ်ပေးဖို့ အခုလို လာရောက်ရတာဖြစ်တယ်လို့ အဖွင့်အမှာစကားမှာ ပြောကြားခဲ့ပါတယ်။

“နိုင်ငံတော်က တာဝန်ရှိတဲ့အတိုင်း လုပ်ပေးရမှာတွေ များစွာရှိပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ဖို့အတွက် နိုင်ငံတော်ရဲ့ မူဝါဒမှာ တပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ ဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေကို ပိုမိုဦးစားပေးဆောင်ရွက်ဖို့ လိုတယ်။ ချင်းပြည်နယ်က ဖွံ့ဖြိုးမှု ဦးစားပေးဆောင်ရွက်ရမယ့်အထဲမှာ ပါဝင်နေတယ်။ လုပ်လည်း လုပ်ဆောင်နေပါတယ်။ လုပ်စရာတွေ အများကြီးရှိတယ်။ အဓိက အခက်အခဲက ငွေကြေး ဖြစ်တယ်။ မိသားစုတစုလိုပဲ အိမ်ထောင်အသုံးစရိတ်ကို ဘာသုံးကြမလဲ ဆိုတာ ကိုယ့်ဝင်ငွေ ကိုယ့်လိုအပ်ချက်ကို ကြည့်ပြီး သုံးကြရသလို နိုင်ငံတော်မှာလည်း နိုင်ငံတော်ရဲ့ ရန်ပုံငွေဘက်ဂျက်ကို ဦးစားပေးအရာတွေအတွက် ခွဲဝေသုံးစွဲကြရတာဖြစ်တယ်”လို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒေသခံ ပြည်သူတွေကတော့ မြို့တွင်းလမ်းတွေကို အဆင့်မြှင့်တင်ပေးဖို့၊  ခုတင် ၂၀၀ ဆေးရုံကနေ ခုတင် ၅၀၀ ဆေးရုံတိုးပေးဖို့၊ ချင်းပြည်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ ဟားခါး-မင်းတပ်-မတူပီ-ပလက်ဝလမ်းကို အဆင့်မြှင့်ကတ္တရာခင်းပေးဖို့၊ အစိုးရကနေ သစ်ခွဲစက်၊ သစ်အရောင်းဆိုင်တွေ ဖွင့်လှစ်ပေးဖို့၊ လျှပ်စစ်မလုံလောက်တဲ့အတွက် ဘွေနူးရေအားလျှပ်စစ်ကို ဖော်ဆောင်ပေးဖို့၊ နည်းပညာတက္ကသိုလ်ဖွင့်ပေးဖို့ စတဲ့ လိုအပ်ချက် ၆ ချက်ကို နိုင်ငံတော်သမ္မတကို တင်ပြတောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့ကတည်းက ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲအတွက် ဖလမ်းမြို့ကို ရောက်ရှိလာခဲ့ပြီး ပြည်နယ်လုံးဆိုင်ရာ ချင်းအမျိုးသားနေ့ကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဆက်လက်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဟားခါးကို ရောက်ရှိလာခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံကာ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ဟားခါးမြို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ထန်တလန်မြို့ကို ဆက်လက်ထွက်ခွာသွားပါတယ်။

သတင်း- ဓာတ်ပုံ အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013