DVB Logo
Home
မြန်မာသတင်း
ကျူးကျော်ငါးဖမ်းဆီးမှုများကြောင့် ကမ်းနီးငါးဖမ်းလုပ်သားအချို့ အခက်တွေ့
DVB
·
February 21, 2017
ကျူးကျော်ငါးဖမ်းဆီးမှုများကြောင့် ကမ်းနီးငါးဖမ်းလုပ်သားအချို့ အခက်တွေ့
Donate to DVB

ရခိုင်ပြည်နယ် ကမ်းရိုးတန်းတလျှောက်မှာ ငါးဖမ်းသင်္ဘောကြီးတွေ ဝင်ရောက်ငါးဖမ်းဆီးမှု များပြားလာတာကြောင့် ကမ်းနီးငါးဖမ်းလုပ်သားတချို့ ငါးအရနည်းပြီး အခက်တွေ့နေရပါတယ်။

ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောမြို့နယ်တွေမှာ ငါးဖမ်းလုပ်ကွက်အတွင်း ကမ်းဝေး ငါးဖမ်းသင်္ဘောကြီးတွေက ကမ်းနီးအတွင်းကို ဝင်ရောက်ပြီး ငါးဖမ်းဆီးမှုတွေကြောင့် ကမ်းနီး လှေလုပ်သားတွေအနေနဲ့ ငါးဖမ်းရရှိမှု နည်းပါးလာပြီး ဒေသခံငါးဖမ်းလုပ်သားတွေ အခက်ကြုံနေကြရတာပါ။

မြေပုံမြို့နယ်၊ ပြင်ဝန်းကျေးရွာက ကမ်းနီးငါးဖမ်းလုပ်သားတဦးဖြစ်တဲ့ ဦးဖိုးလှိုင်က “သူတို့က သင်္ဘောအကြီးကြီးတွေနဲ့ ဝင်ရောက်ငါးဖမ်းနေတာကျတော့ ကျနော်တို့အတွက် အခက်အခဲဖြစ်လာတယ်။ သူတို့ငါးဖမ်းသင်္ဘောတစီးနဲ့ တရက် ငါးဖမ်းလိုက်ပြီဆိုရင် ကျနော်တို့ လှေငယ်အစီး ၁၀၀ နဲ့ ညီမျှတယ်။ နေ့ရော ညပါ ဆွဲကြတယ်။ ငါးဖမ်းရတာ အရင်လောက် တွက်ခြေမကိုက်တော့ဘူး။ ကျနော်တို့ ကမ်းနီးငါးဖမ်းသမားတွေ အနားကိုလာပြီး ငါးဖမ်းကြတယ်။ အဲ့ဒီအခါမှာ ကျနော်တို့ ပိုက်တန်းထားတာတွေ အကုန်ပြတ်ပါသွားတယ်။ အမြဲလိုလို ဆုံးရှုံးရတာတွေ အများကြီးရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခုလို ငါးဖမ်းဆီးမှုတွေ ကျဆင်းလာတာကြောင့် ကမ်းနီးရေလုပ်သားတချို့ တွက်ခြေမကိုက်လို့ လုပ်ငန်းပြောင်းရွှေ့ လုပ်ကိုင်နေကြရပါတယ်။

၂၀၁၆ ခုနှစ်က ပြင်းဝန်းဆိပ်ကမ်းမှာ ငါးဖမ်းလှေအစီး ၁၂၀ ဝန်းကျင်ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အစီး ၆၀ ဝန်းကျင်လောက်ပဲ ရှိတော့တယ်လို့ ပြောပါတယ်။

ဒေသခံတဦးဖြစ်တဲ့ ဦးမောင်ခင်ထွန်းကလည်း “ငါးဖမ်းသင်္ဘောကြီးတွေက ဒီအနီးအနားထိ လာဆွဲတယ်။ သူတို့ ကမ်းနီးလာဆွဲတဲ့အခါမှာ ကျနော်တို့ ခွာပေးရတယ်။ တစီးမကဘူး။ သင်္ဘော သုံးလေးစီးနဲ့ လာဆွဲတာပါ။”

မြေပုံမြို့နယ်၊ ပြင်ဝန်းကျေးရွာက ဒေသခံအမျိုးသားတဦးက အခုလို ငါး၊ ပုစွန်တွေ ရရှိမှု နည်းပါးလာတာကြောင့် မိသားစုစားဝတ်နေရေး ပိုမိုခက်ခဲလာတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ငါး ပုစွန် ရှားပါးလာတယ်။ စားရေးသောက်ရေး လိုက်မမီတော့ဘူး။ ကျမမှာ ကျောင်းတက်နေတဲ့ ကလေးတွေရှိတယ်။ ကျမတို့မှာက ပိုက်သေးသေးလေးတွေနဲ့ နည်းနည်းပါးပါး လုပ်စားနေတာပါ။ အခုက ကမ်းနီးလာပြီးတော့ သင်္ဘောကြီးတွေနဲ့ လာပြီးဆွဲတာကျတော့ ကျမတို့ လုပ်စားလို့ အဆင်မပြေတော့ဘူး။”

ကမ်းဝေးလှေတွေက ကမ်းနီးကို ကျူးကျော်ဝင်ရောက် ငါးဖမ်းခွင့်မပြုဖို့ မြို့နယ်ခရိုင် ငါးလုပ်ငန်းစီးဌာနက မူအရ သတ်မှတ်ချက်နဲ့ သဘောတူ လက်မှတ်ရေးထိုး ပိတ်ပင်ထားတယ်လို့ ကျောက်ဖြူငါးလုပ်ငန်းဦးစီးဌာန ထုတ်ထားပါတယ်။

ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြနိုင်မယ်ဆိုရင် ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းဆီးနေတဲ့ ကမ်းဝေးသင်္ဘောကြီးတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနက ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ကမ်းရိုးတန်းဒေသမှာ ငါးဖမ်းလုပ်ကွက်အတွင်း ငါးလုပ်ငန်းဦးစီးဌာနက ကမ်းနဲ့ ရေမိုင် ၁၀ အတွင်း ကမ်းနီးလုပ်ကွက်တွေအဖြစ် သတ်မှတ်ထားပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013