DVB Logo
Home
မြန်မာသတင်း
လေးကေ့ကော်မြို့သစ်တွင် နေထိုင်သူများ အလုပ်အကိုင်ရှားပါးမှုကြောင့် အခက်ကြုံ
DVB
·
February 21, 2017
လေးကေ့ကော်မြို့သစ်တွင် နေထိုင်သူများ အလုပ်အကိုင်ရှားပါးမှုကြောင့် အခက်ကြုံ
Donate to DVB

အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ပူးပေါင်းတည်ထောင်ထားတဲ့ လေးကေ့ကော်မြို့သစ်မှာ နေထိုင်သူတွေဟာ အလုပ်အကိုင်ရှားပါးမှုကြောင့် အခက်အခဲ ကြုံတွေ့နေရပါတယ်။

ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ မြဝတီခရိုင်မှာ တည်ထောင်ထားတဲ့ လေးကေ့ကော်မြို့သစ်မှာ အခု ၂၀၁၇ နှစ်ဆန်းပိုင်းအထိ လူဦးရေ ၃၂၀၀ ကျော် နေထိုင်နေပြီး အိမ်ခြေပေါင်း ၆၅၀ အထိ ရှိနေပါတယ်။

ဒီမြို့သစ်မှာ လာရောက်နေထိုင်သူ အများစုဟာ စစ်ဘေးရှောင်ပြည်သူတွေဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားအများစုလည်း လာရောက်နေထိုင်ကြတာကို တွေ့ရပါတယ်။

သူတို့ဟာ အလုပ်အကိုင်ရှားပါးတာကြောင့် စားဝတ်နေရေး အဆင်မပြေဖြစ်နေကြတယ်လို့ မြို့သစ်မှာနေထိုင်သူ ဒေါ်မြရီက ပြောပါတယ်။

“အိမ်တော့ ကိုယ့်ဘာသာဆောက်ရတာပေါ့။ ကိုယ်တိုင်တော့ အလုပ်မလုပ်နိုင်တော့ဘူးလေ။ သားငယ်တယောက်ကတော့ နေ့စားလုပ်ရတာပေါ့။ အလုပ်မရှိရင်တော့ ထိုင်နေရတာပေါ့။ ရှိတာစားပေါ့” လို့ ဒေါ်မြရီက ပြောပါတယ်။

လေးကေ့ကော်မြို့သစ် စတင်တည်ထောင်တုန်းက ကေအန်ယူတပ်ဖွဲ့ဝင် မိသားစုတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ အဓိကနေထိုင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် ရွှေ့ပြောင်းလုပ်သားအများစုဟာ နေရေးအခက်အခဲတွေ ရှိနေတဲ့အတွက် ကေအန်ယူက  မြို့သစ်မှာ နေထိုင်ခွင့် ပေးခဲ့ပါတယ်။

မြေနေရာပေးပြီး အိမ်ဆောက်တာကိုတော့ နေထိုင်သူတွေ ကိုယ်တိုင်တာဝန်ယူ တည်ဆောက်ပြီး နေထိုင်ရတာလို့ မြို့သစ်မှာနေထိုင်သူ ဦးစောချစ်ဝေက ပြောပါတယ်။

“ဟိုးတုန်းက တိုင်းရေးပြည်ရေးမသာယာတော့ သူများနိုင်ငံသွားနေရတာပေါ့။ သားတယောက်တော့ ထိုင်းနိုင်ငံမှာ အခံကျန်ခဲ့တယ်။ သူက စရိတ်ထောက်ပေးတာပေါ့။”

မြို့သစ်တည်ဆောက်ရေးနဲ့ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးစောဋ္ဌေးမြင့်အောင်ကတော့ အလုပ်အကိုင်ရှာဖွေဖို့က မြို့သစ်မှာနေထိုင်သူတွေရဲ့တာဝန်ပဲဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ မြို့သစ်စတည်ကတည်းက မြေနေရာအတွက်ပဲ စီစဉ်ပေးတာ။ စားဝတ်နေရေး ကိုယ့်ဘာသာ စီစဉ်ရမယ်လို့ ပြောထားပြီးဖြစ်ပါတယ်။”

လေးကေ့ကော်မြို့သစ်ကို ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ အဲဒီကာလက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့ စတင် အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြို့သစ်မှာ လျှပ်စစ်မီးမရသေးသလို အလုပ်အကိုင် အခွင့်အလမ်းအတွက် သီးခြားလုပ်ကိုင်နိုင်တာ မရှိသေးပါဘူး။

မြို့သစ်နေ အများစုကတော့ အနီးနားက ယာမြေတွေနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းက ယာမြေတွေမှာ နေ့စားလုပ်ကိုင်ကြတာလည်း ရှိပါတယ်။

မြို့သစ်ကို ၂၀၂၀ မှာ အိမ်ခြေ ၁၅၀၀ အထိ တိုးချဲ့တည်ဆောက်သွားဖို့ အစီအစဉ်ရှိပြီး ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီတွေလည်း ရယူသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013