DVB Logo
Home
မြန်မာသတင်း
သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းအနင်းခံရပြီး ၂လ အရွယ်ကလေးငယ် ၁ ဦးသေဆုံး
DVB
·
February 20, 2017
သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းအနင်းခံရပြီး ၂လ အရွယ်ကလေးငယ် ၁ ဦးသေဆုံး
Donate to DVB

 

တိုက်ကြီးမြို့နယ်က သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းအနင်းခံရပြီး ၂ လ အရွယ်ကလေးငယ် တဦးသေဆုံးခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းမှ သိရပါတယ်။

“တိုက်ကြီးမြို့နယ် ကင်းမတီးကျေးရွာအုပ်စု ရွှေညောင်ပင်ကျေးရွာ ဖလုံနယ်မြေ မာဂရီသစ်တော ကြိုးဝိုင်း အကွက်အမှတ် ၂၁ ဧက ၂၀၀ ကျွန်းစိုက်ခင်းအတွင်းအသေးစား ကလောအမှုန့် စက်ရုံမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ်မှာ တောဆင်ရိုင်းတကောင်ဝင်ရောက်ပြီး အလုပ်သမားတွေ နေထိုင်ရာ တဲအိမ်တလုံးကို ဖျက်စီးခဲ့ပါတယ်။ တဲအိမ်ထဲက အသက် ၂ လနဲ့ ၅ ရက်အရွယ် ကလေးငယ်တဦးသေဆုံးခဲ့တယ်”လို့ ဥက္ကံနယ်မြေရဲတပ်ဖွဲ့စခန်းက ဒုရဲအုပ်ဝေဖြိုးလင်းက ပြောပါတယ်။

“ကျနော်တို့ အကုန်အိပ်မောကျနေကြတာပါ။ သူတို့တဲက အစွန်မှာလေ၊ ဆူသံကြားလို့ ထွက်ကြည့်တော့ တောဆင်ရိုင်းကို တွေ့တယ်။ သူတို့ပြောတာကတော့ အိပ်နေတုန်း ရုတ်တရက် တဲကို ဆင်ကနှာမောင်းနဲ့ မွှေ့ပြီး ဆွဲထုတ်လွင့်ပစ်တာ။ ကလေးက ငယ်သေးတယ်လေ။ မိဘ အလယ်မှာ အိပ်နေတာ၊ ဆင်က ခွာနဲ့ယက်ထုက်လိုက်တော့ ကလေးက ပါသွားတယ်။ မိဘတွေကတော့ လန့်ပြီးဘေးကို ရှောင်လိုက်တော့ လွတ်သွားတာပေါ့။ အသံကြားလို့ ကျနော်တို့လည်း ထွက်ကြည့်ပြီး ချောက်လွှတ်ရတာပေါ့။ အဲမှာဆင်က ထွက်ပြေးသွားတယ်။ ကလေးကို သွားကြည့်တော့ သေနေပြီ။ လွင့်ပစ်တဲ့အရှိန်နဲ့ ကလေးက ရှစ်တောင်ကိုးတောင်လောက် လွင့်သွားတယ်။ ကလေးက နုသေးတော့ ဘယ်ခံနိုင်မှာလဲ။ ဒါနဲ့ကျနော်တို့လည်း သက်ဆိုင်ရာကို အကြောင်းကြားလိုက်ရတာပါ”လို့ ကလောစက်ပိုင်ရှင်ဦးထွန်းနိုင်ဦးက ဒီဗွီဘီကိုပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်း တိုက်ကြီးမြို့နယ်မှာ ပထမဆုံးအကြိမ် တောဆင်ရိုင်းအနင်းခံရပြီး ကလေးငယ် ၁ ဦးသေဆုံးခဲ့ရတာပါ။

သစ်တောကြိုးဝိုင်းနဲ့အနီးမှာ တောဆင်ရိုင်းတွေက လူတွေစိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို နှစ်စဉ် နှစ်တိုင်း ၀င်ရောက်ဖျက်ဆီးလေ့ရှိပြီး လူတွေနဲ့ ထိပ်တိုက်တွေ့ဆုံရာမှာ အန္တရာယ်ပေးလေ့ရှိပါတယ်။ တိုက်ကြီးမြို့နယ်မှာ နှစ်စဉ်တောဆင်ရိုင်းအနင်းခံရပြီး သေဆုံးသူ ၃ ဦးလောက်ရှိပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဥက္ကံနယ်မြေရဲစခန်းက သေမူသေခင်းအမှတ်စဉ် ၁/၂၀၁၇ နဲ့ အမူဖွင့်စစ်ဆေးနေ တယ်လို့ သိရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013