
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်မှာ မြစ်ကြီးနားဘက်က စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ထားတာကြောင့် အခက်အခဲကြုံနေရပါတယ်။
နန်းယွန်းက မြစ်ကြီးနားဘက်ကို မှီခိုနေရတာ။ အခုက ဆန်၊ စက်သုံးဆီ၊ ဘိလပ်မြေနဲ့ အိမ်ဆောက်ပစ္စည်းသယ်ယူခွင့်ကို စစ်တပ်က ပိတ်ထားလို့ ဆန်တွေ ရှားနေပြီလို့ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးစိမ်းမောင်က ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာ ဆန်တအိတ်ကို ၅ သောင်းအထိ ဈေးတက်နေတယ်လို့လည်း သူက ပြောပါတယ်။
ပိတ်ထားတာ ၁ လလောက်ကြာခဲ့ပြီဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးကတဆင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဥက္ကဋ္ဌနဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဆီကို ဖေဖော်ဝါရီလဆန်းပိုင်းက စာနဲ့ တင်ပြထားတယ်လို့ သိရပါတယ်။
“ကျနော်တို့က စားသောက်ဖို့အတွက် ဆန်သယ်တာပါ။ မြို့မှာ စားသောက်ရေး ခက်ခဲရင် ဒီမြို့ကို မှီခိုနေတဲ့ တနယ်လုံး ခက်ခဲသွားတော့မယ်။ ဒါကို မပိတ်ဖို့ ပြောချင်ပါတယ်” လို့ ဦးစိမ်းမောင်က ပြောပါတယ်။
နန်းယွန်းဒေသဟာ စစ်ကိုင်းတိုင်းထဲမှာ ရှိပေမယ့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စစ်ကိုင်းတိုင်းထဲက ကုန်ပစ္စည်းတွေ သယ်ယူမယ်ဆိုရင်တော့ လက်ရှိဈေးထက် ၂ ဆလောက် မြင့်တက်သွားနိုင်တယ် လို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် အိန္ဒိယနယ်စပ်ဖြစ်တဲ့ ပန်ဆောင်မြို့မှာလည်း နယ်စပ်ဂိတ်ကို ၁ လလောက် ပိတ်ထားခဲ့လို့ စားနပ်ရိက္ခာ ခက်ခဲခဲ့ပြီး ဒီနေ့မှ ပြန်ဖွင့်တယ်လို့ သိရပါတယ်။











